စစ်ကောင်စီ သတင်းစာရှင်းပွဲ လူထု ယုံကြည်မှုမရှိ



နေပြည်တော်မှာ စစ်ကောင်စီက ကျင်းပတဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့ဝင်တွေကို အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြားခဲ့သလို CRPH ကလည်း Generation Z မျိုးဆက်သစ် လူငယ်တွေကို သွေးထိုးလှုံ့ဆော်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က အဲဒီသတင်းစာရှင်းပွဲမှာ ပြောဆိုတာတွေကို လူထုက စိတ်ဝင်စားမှု ကင်းမဲ့သလို ယုံကြည်မှုလည်း မရှိပါဘူးလို့ RFA ကိုပြောပါတယ်။

“လူတွေကို လိမ်ပေးတဲ့ သတင်းစာရှင်းလင်းပွဲကြီး တခုလို့ မြင်တယ်။ အားလုံးကတော့ အွန်လိုင်းပေါ်မှာ ဆိုရှယ်မီဒီယာပေါ်မှာလဲ ဒီသတင်းစာရှင်းလင်းပွဲကို မကြည့်ရဘူးဆိုတော့ သိပ်တော့ စိတ်ဝင်စားဟန် မပြကြပါဘူး။ သတင်းဌာနတွေက နည်းနည်းအပိုင်းလိုက်လေး လိုအပ်တာကို ထုတ်နှုတ်တာလောက်ကိုဘဲ ဒေါသထွက်နေတာကို တွေ့ရတယ်။ သတင်းစာရှင်းလင်းပွဲကို သတိထားမိသလောက်တော့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ တော်တော်များများ မတွေ့ရဘူး၊ သူတို့နဲ့ လက်ဝါးရိုက်ထားတဲ့ သတင်းဌာနတွေလောက်ပဲပေါ့နော် လူထုရဲ့စိတ်ဝင်စားမှုကတော့ လုံးဝမတွေ့ရဘူး။”

သီချင်းရေးဆရာ မင်းချစ်သူကလည်း သူတို့ တေးသီချင်းမူပိုင်အသင်းအနေနဲ့ အာဏာသိမ်းမှုကို လက်မခံတဲ့အတွက် စစ်တပ်ပိုင် မီဒီယာတွေကို သူတို့ရေးတဲ့ တေးသီချင်းတွေ ထုတ်လွှင့်ခွင့်ပေးမှာ မဟုတ်တဲ့အကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတည်းက ကြေညာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး စစ်တပ်အုပ်ချုပ်တဲ့ မီဒီယာတွေက ထုတ်လွှင့်တာတွေကို မကြည့်တော့ဖူးလို့ ပြောပါတယ်။

“၅ ရက်နေ့မှာ ကျနော်တို့က စာထုတ်ခဲ့ကြတယ် အာဏာသိမ်းတဲ့ စစ်အာဏာရှင်အဖွဲ့ရဲ့ အသံဖြစ်တဲ့ MRTV၊ မြဝတီ၊ ပုဂံ FM တို့မှာ ကျနော်တို့ သီချင်းတွေကို မထုတ်လွှင့်ပါနဲ့။ ကျနော်တို့ သဘောမတူပါဘူးဆိုပြီး စာထုတ်ခဲ့ကြတယ်။ အဲဒီထဲကစပြီး ကျနော်တို့ MRTV လဲ မကြည့်ဖြစ်တော့ဘူး။ မြဝတီကတော့ မကြည့်ဖြစ်တာကြာပြီ။ အဲဒီတော့ ယုံတဲ့သူက သူတို့လူတွေပဲ ယုံမှာပေါ့၊ ဒါက သူတို့ထဲက လူကြီးတွေကို သူတို့ဖာသာ သူတို့ ပြန်ပြီး အစီရင်ခံနေတာနဲ့ သူတို့ လူတွေကို သူတို့ပြန်ပေးနေတဲ့ Psywar ရယ်ပါပဲ”

ရန်ကုန်မြို့ခံတဦးဖြစ်တဲ့ ဦးဝေလင်းကတော့ မနေ့က သတင်းစာရှင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရွှေ ၇ ပိသာနဲ့ ဒေါ်လာငွေ ၆ သိန်း ပေးအပ်ခဲ့တယ်လို့ ပြောဆိုခဲ့တာဟာ NLD ကို သိက္ခာချဖို့နဲ့ ဦးဖြိုးမင်းသိန်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုဂ္ဂိုလ်ရေးအရ လက်စားချေမှု ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“NLD ပါတီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြီးရင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တော်တော် လူထုကို ဆွဲဆောင်နိုင်တယ်။ နောက်တချက်ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဦးဖြိုးမင်းသိန်းက ညွှန်ချုပ်အဆင့်ဘဲ ရှိတယ်လို့ ပြောထားတာ ရှိတယ်ဗျ၊ အဲဒီပေါ်မှာ အာဏာသိမ်းစစ်တပ်က အညှိုးထားပုံရတယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဖြိုးမင်းသိန်းကို ရန်တိုက်ပေးတဲ့ပုံစံမျိုး သုံးသပ်လို့ရတယ်။”

လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေခဲ့ပြီလို့လည်း RFA ကိုပြောပါတယ်။

“ဥပဒေအမည်ခံပြီး စစ်အုပ်စုရဲ့ နိုင့်ထက်စီးနင်းမှုပဲ ရှိတော့တယ်။ ကျနော်တို့ ရပ်ရွာတွေအားလုံးကလေ ။ နေအိမ်တွေ ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းတာတွေကလဲ ဥပဒေမဲ့ချည်းဘဲ။ ဝရမ်းမပါဘူး အုပ်ချုပ်ရေးမှူး လိုလူတွေ မပါဘဲနဲ့ စစ်ဝတ်စုံတွေနဲ့ စစ်သား ရဲတွေကဘဲ အကြမ်းဖက်ပြီးတော့ သေနတ်တွေပစ်ခတ်ပြီး ဝင်လာမယ်၊ တံခါးတွေ ရိုက်ချိုးမယ်၊ နေအိမ်မှာရှိတဲ့ ပိုက်ဆံတွေ ဖုန်းတွေ Laptop တွေကို ဝင်ယူမယ်။ ဒါက ဓါးပြပဲ တကယ့်ကို လူသတ်ပြန်ပေးဆွဲတဲ့ ဓါးပြပုံစံမျိုးဖြစ်တယ်။ လူတယောက်ကို ဖမ်းသွားတယ်၊ မနက်ကျရင် သေဆုံးပြီဆိုပြီး အလောင်းပြန်လာထုတ် ပြောတာက နိုင်ငံတော်အမည်ခ့ တကယ့်ဓါးပြစစ်အုပ်စုဘဲ။ ဦးခင်မောင်လတ် ဆုံးသွားတယ်၊ ကျနော့်အဖေကို ဖမ်းသွားတယ်၊ လူတယောက်ကို မမိတဲ့အခါမှာ တခြားမိသားစုဝင်တယောက်ကို ဖမ်းသွားတယ်ဆိုတာ ဒါပြန်ပေးဆွဲတာဘဲ။ ဒါလဲ နိုင်ငံတော်အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတစု ရဲ့ စရိုက်ပဲ။ ကျနော့် အဖေရဲ့ အသက်အန္တရာယ်ရော ဘေးကင်းလုံခြုံရေးအတွက်ရော အလွန်အင်မတန်စိုးရိမ်ပါတယ် ဘယ်မှာထားမှန်းမသိဘူး ဘယ်ကို ပို့မှန်းမသိဘူး။ ရှေ့မှာ ရိုက်နှက်ပြီး စစ်ဆေးရင်း သေသွားတဲ့အဖြစ်တွေရှိတဲ့အတွက် ကျနော် အင်မတန် စိုးရိမ်ပါတယ်။ ကျနော်တို့ လုပ်နိုင်တာက လုပ်လို့ရတာက ICRC ကို သတင်းသွားပို့တာမျိုး ဒီလို ပျောက်ဆုံးသွားတဲ့အကြောင်း၊ နောက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းလိုမျိုး ကျနော်တို့ဆက်သွယ်ပြီးတော့ ဘယ်သူတွေ ဖမ်းဆီးထားတယ်။ ဘယ်သူတွေ ပျောက်ဆုံးနေတယ် ဆိုတာ သတင်းပေးတာမျိုး ။ ကျနော်တို့ အဲလောက်ပဲ လုပ်နိုင်ပါတယ်။”

မနေ့က ကျင်းပတဲ့ စစ်တပ်သတင်းစာရှင်းပွဲမှာ နေပြည်တော်နဲ့ မန္တလေးက ဆန္ဒပြပွဲတွေမှာ သေနတ်ပစ်ခံရလို့ သေဆုံးခဲ့တဲ့ မိန်းကလေး ၂ ဦးဟာ သူတို့စစ်တပ်က အသုံးပြုတဲ့ လက်နက်ကျည်အမျိုးအစားတွေ ထိမှန်သေဆုံးတာမဟုတ်ဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့တာကိုလည်း ယုံကြည်သူ မရှိပါဘူးလို့ ဝေဖန်သူတွေက ပြောပါတယ်။

RFA Burmese



စစ်ကောင်စီ သတင်းစာရှင်းပွဲ လူထု ယုံကြည်မှုမရှိ စစ်ကောင်စီ သတင်းစာရှင်းပွဲ လူထု ယုံကြည်မှုမရှိ Reviewed by THITHTOOLWIN on 19:45 Rating: 5

No comments:

Powered by Blogger.