ရဲဖမ်းသွားသည့် မူဆယ်ဆန္ဒပြပြည်သူတစ်ဦး သေဆုံးမှုနှင့်ပတ်သတ်ပြီး ဇနီးဖြစ်သူမှ ရှင်းလင်းပြောကြားချက်


ရဲဖမ်းသွားသည့် မူဆယ်ဆန္ဒပြပြည်သူတစ်ဦး သေဆုံးမှုနှင့်ပတ်သတ်ပြီး ဇနီးဖြစ်သူမှ ရှင်းလင်းပြောကြားချက်

မူဆယ်မြို့  ရဲမှ ဆန္ဒထုတ်ဖော်သူတဦးကို (၅)ရက်ကြာ ဖမ်းဆီးပြီး ရုပ်အလောင်းကိုနေအိမ်ပြန်ပို့
သျှမ်းသံတော်ဆင့်၊ မတ် (၆)ရက် 
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ မှ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒထုတ်ဖော်သူတဦးကို ရဲမှ (၅)ရက်ကြာ ဖမ်းဆီးသွားပြီး ယမန်နေ့ (မတ် ၅)ရက်တွင် ထိုသူ၏ ရုပ်အလောင်း ကို နေအိမ်သို့ ပြန်ပို့ပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအမျိုးသားသည် အသက် (၄၃)နှစ်အရွယ်ရှိပြီး ဖေဖော်ဝါရီ ၂၈ရက်တွင် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ရာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ပြီး ယမန်နေ့တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာ ဒဏ်ချက်နှင့်အတူ နေအိမ်သို့ ပြန်ပို့ခဲ့ကြောင်း ၎င်း နှင့် နီးစပ်သည့် မိသားစုဝင်များပြောပြချက် အရသိရသည်။
ရဲတပ်ဖွဲ့မှ ရိုက်နှက်ပြီး သေဆုံးသွားသူသည့်အမျိုးသားသည် အသက် (၄၃)နှစ်ရှိ ဦးသိန်းလွင် ဖြစ်ပြီး၊ လက်ရှိမှာ သား၊သမီး (၅)ဦးကျန်ရှိကြောင်း၊ အလောင်းတွင်လည်း ရိုက်နှက်ထားသည့် ဒဏ်ရာများစွာရှိကြောင်း သိရသည်။
“ မနေ့က သူရဲ့ အလောင်းကို အိမ်မှာပြန်လာပေးသွားတယ်။ တကိုယ်လုံးမှာလည်း  နှိပ်စက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေအပြည့်ပါပဲ”  ဟု ၎င်းမိသားစုဝင် တဦးက သျှမ်းသံတော်ဆင့် ကို  ပြောသည်။
ဖေဖော်ဝါရီ ၂၈ရက် တွင် မူဆယ်မြို့ မှ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်လမ်းကြောင်းတွင် ပါဝင်ခဲ့သူဖြစ်ပြီး၊ မန့်ဝိန်းဂိမ်တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေစဉ် ကားနှင့် အရပ်ဝတ် အမျိုးသား (၄)ဦးက  လူအုပ်ကြား ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ခဲ့ပြီး လူစုခွဲခဲ့သည်။
ထို့နောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူ (၃)ဦး ထဲတွင် လက်နက်ပါသည်ဟု စွတ်စွဲကာ ရဲစခန်းထံသို့ အပ်ခဲ့ပြီး၊ ထိုသူများထဲ လက်နက်မပါကြောင်း ဖြေရှင်းပြီး ပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုခဲ့သော်လည်း ရဲများက လွှတ်လာပေးခြင်းမရှိခဲ့ပေ။
“ အဲ့နေ့က ကျနော်တို့ ပြည်သူထဲကို ကားနဲ့ ဝင်လာပြီး သေနတ်လာဖောက်တယ်။ ကျနော်တို့ ပြည်သူတွေထဲက သူ (၃)ဦးကို လက်နက်ပါတယ်တွေ့တယ် ဆိုပြီး ရဲလက်ထဲအပ်လိုက်တယ်။ မိသားစုတွေ ကတော့ ရဲစခန်းကို  ပြန်သွားတောင်းပန်ပြီး သွားထုတ်ခဲ့တယ်။ ဒါပေမယ့်  ပြန်မပေးဘူး။ မနေ့မှ သူသေ အလောင်းကိုတော့ ပြန်လာပေးတယ်။” ဟု ၎င်း မိသားစုဝင် က ထပ်လောင်း ပြောသည်။
ထိုနေ့တွင် ဖမ်းဆီးသွားသည့် (၃)ဦးထဲမှ တဦးသေဆုံးသွားပြီး၊ ကျန် (၂)ဦးမှာ လက်ရှိအချိန်ထိ ရဲများချုပ်နှောင်ထားပြီး အမှု ရင်ဆိုင်နေရကြောင်း သိရသည်။
“ ကျနော် အထင်ကတော့ ဒါက ကျနော်တို့ ပြည်သူတွေကို ကြောက်အောင်လုပ်လိုက်တာပဲ။ နောက်ပြီး စစ်အာဏာကို ဆန္ဒလာမပြရဲအောင် လုပ်လိုက်တဲ့သဘောပဲ။ လူတယောက်ကို သတ်လိုက်တာဟာ ကျနော်တို့အနေနဲ့ စိတ်မကောင်းဘူး” ဟု မူဆယ် ဒေသခံ စိုင်းလျန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်အာဏာသိမ်းယူမှု အချိန် တလကျော်ကြာလာပြီး၊ စစ်အာဏာရှင်စနစ်ကို ပြည်သူများက နည်းမျိုးစုံဆန့်ကျင် ဆန္ဒထုတ်ဖော်နေကြကာ စစ်အာဏာရှင်က လည်း နေ့စဉ်နှင့်အမျှ အကြမ်းဖက် သေနတ်ပစ်ခတ်မှု ပြုလုပ်ဖမ်းဆီးနေသည်။
စစ်ကောင်စီ ၏ လက်နက်ကိုင်များ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ဆန္ဒထုတ်ဖော်သည့် ပြည်သူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။




SHAN News (Burmese Version)




ရဲဖမ်းသွားသည့် မူဆယ်ဆန္ဒပြပြည်သူတစ်ဦး သေဆုံးမှုနှင့်ပတ်သတ်ပြီး ဇနီးဖြစ်သူမှ ရှင်းလင်းပြောကြားချက် ရဲဖမ်းသွားသည့် မူဆယ်ဆန္ဒပြပြည်သူတစ်ဦး သေဆုံးမှုနှင့်ပတ်သတ်ပြီး ဇနီးဖြစ်သူမှ ရှင်းလင်းပြောကြားချက် Reviewed by THITHTOOLWIN on 06:51 Rating: 5

No comments:

Powered by Blogger.