ချောက်ရေနံမြေလုပ်သားတွေ အလုပ်ပြန်ဆင်းမည်မဟုတ်



Share/Bookmark
ချောက်မြို့ CDM လှုပ်ရှားမှု။ (ဓာတ်ပုံ-ဒေသခံများ)

ချောက်ရေနံမြေ အလုပ်သမားတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှု တလကျော်လာနေပြီး အလုပ်ပြန်ဆင်းဖို့ အကြောင်းမရှိဘူးလို့ တက်ကြွလှုပ်ရှားသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ချောက်ရေနံမြေ အလုပ်သမားတွေရဲ့ အလုပ်မတက်ရေးလှုပ်ရှားမှု အခြေအနေကို မခွါညို တင်ပြပေးထားပါတယ်။

ချောက်မြို့ ရေနံမြေအလုပ်သမားတွေဟာ စစ်ဘက်က အုပ်ချုပ်မှုကို မလိုလားတဲ့အတွက် အလုပ်မဆင်းတော့ဘဲ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။ ဒီနေ့အထိ CDM လှုပ်ရှားမှု အပြည့်အဝ အောင်မြင်နေဆဲဖြစ်တယ်လို့ ချောက်ရေနံမြေက အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ မပွင့်က ဗွီအိုအေကို ပြောပါတယ်။

“ရေနံမြေသပိတ် အခြေအနေကတော့ အခု CDM ဝန်ထမ်းတွေကတော့ ‘မည်သို့ပင် ဖိအားပေးစေကာမူ’ ဆိုပြီးတော့ ချောက်ရေနံမြေကတော့ CDM က အခုအချိန်အထိ အောင်မြင်နေတာပဲ။ ထွက်သွားတဲ့သူ တယောက်မှမရှိဘူူး။ တယောက်မှ အလုပ်မဆင်းဘူးရှင့်။”

ချောက်မြို့အပါအဝင် ရေနံမြေမြို့က ဝန်ထမ်းတွေဟာ အင်္ဂလိပ် ကိုလိုနီလက်ထက်ကတည်းကစလို့ ရာထူးအဆင့်အလိုက် သတ်မှတ်ဆောက်လုပ်ပေးထားတဲ့ ဝန်ထမ်းအိမ်ယာတွေမှာ နေထိုင်လာခဲ့ကြတာပါ။ မိဘတဦးဦး ကွယ်လွန်သည်ဖြစ်စေ၊ အငြိမ်းစားယူသွားသည်ဖြစ်စေ မိဘနာမည်ကနေ လက်ရှိ ရေနံမြေဝန်ထမ်းဖြစ်တဲ့ သားသမီးတဦးဦးက အဲဒီအိမ်ကို နာမည်လွှဲပြောင်းပြီး ဆက်လက် နေထိုင်ကြပါတယ်။ CDM မှာပါဝင်တဲ့ မီးရထားဝန်ထမ်းတွေကို နေအိမ်တွေကနေ နှင်ထုတ်ခံနေကြရချိန်မှာ ဝန်ထမ်းအိမ်ယာတွေမှာ နေနေကြပြီး CDM လှုပ်ရှားနေတဲ့ ရေနံမြေအလုပ်သမားတွေရဲ့ ရှေ့ဆက် နေထိုင်ရေးကရော ဘယ်လိုရှိလာနိုင်သလဲလို့ မေးတဲ့အခါမှာ မပွင့်က အခုလို ရှင်းပြပါတယ်။

“အမွေဆက်ခံဘိသကဲ့သို့ ဒီအိမ်ယာတွေမှာပဲ ကျမတို့က ဖအေနာမည်၊ သားသမီးနာမည် ဆင့်ကဲဆင့်ကဲ နှစ်ပေါင်း ၆၀-၇၀ အထိ အိမ်ပိုင် ဝိုင်းပိုင် မနေနိုင်တဲ့အတွက် ဒီဟာပဲ မှီခိုနေခဲ့ရတဲ့အပေါ်မှာ ဒီအချိန်မှာ စစ်ကောင်စီက ဖိအားပေးလာလို့ ဖယ်ရမယ်ဆိုရင် တဲတန်းလျားတွေထိုးပြီးတော့ နေဖို့ စီစဉ်ထားပါတယ်။ CDM ဝန်ထမ်းတွေ ဆက်ပြီး တောင့်ထားဖို့ လိုအပ်တယ်။ ရေနံမြေက အလုပ်သမားဝန်ထမ်းက များတဲ့အတွက် လက်ရှိမှာက ငွေကြေးအင်အားရယ်လို့ လုံလောက်မှုတော့ မရှိသေးဘူးပေါ့ရှင်။”

မန်းသံပုရာကန် ရေနံမြေဝန်ထမ်းတွေကိုလည်း ၁၆ ရက်နေ့ နောက်ဆုံးထား အလုပ်ပြန်ဝင်ဖို့နဲ့ အလုပ်ပြန်မဆင်းမယ့် ဝန်ထမ်းတွေကို နေအိမ်တွေက ဖယ်ပေးဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အလုပ်သမားတွေကတော့ နေအိမ်တွေကနေ ဆင်းပေးဖို့ တညီတညွတ်တည်း ဆုံးဖြတ်ထားကြတယ်လို့လည်း မပွင့်ကပဲ ပြောပါတယ်။

အခုလို အကြမ်းမဖက် ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် ရေနံမြေဝန်ထမ်းတွေ တညီတညွတ်တည်း အလုပ်မဆင်းဘဲ နေကြတာနဲ့ တချိန်တည်း တခြား အစိုးရဝန်ထမ်းတွေနဲ့ အရပ်သားတွေလည်း ရေနံမြေဝန်ထမ်းတွေနဲ့အတူ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြတာပါ။ ဒါပေမယ့်လည်း မတ်လ ၁၃ ရက်နေ့က ချောက်မြို့ပေါ်မှာ အကြမ်းဖက်ဖြိုခွဲမှုတွေ၊ ပစ်ခတ်မှုတွေနဲ့အတူ လူတဦးလည်း သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ ဒါကြောင့် တနင်္ဂနွေနေ့မှာတော့ အရင်လို စုရပ်ထားပြီး တစုတဝေးတည်း ဆန္ဒပြတာမျိုးထက် ရပ်ကွက်အလိုက် သူ့အစုလိုက်နဲ့သူ ဆန့်ကျင်ကန့်ကွက်တာမျိုးတွေ နေရာအနှံ့မှာ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

“၁၃ ရက်နေ့က ပစ်ခတ်ဖြိုခွဲပြီး ဘယ်လောက်ကြီးပဲ စစ်ကောင်စီက ဖိနှိပ် ဖိနှိပ်၊ ရတဲ့နေရာကနေပြီးတော့ ဆန္ဒပြပွဲတွေ ရှိတယ်။ မြို့ထဲလို့ခေါ်တဲ့ သခင်ဖိုးလှကြီးကျောက်တိုင် စုရပ်မှာ ရှိတယ်။ လမ်းမတော်လမ်းတွေမှာ၊ ရပ်ကွက်လမ်းတွေမှာ၊ သာသနာ့ဗိမာန်လမ်းတွေမှာ၊ မိခင်စောင့်ရှောက်ရေးဆိုတဲ့ လမ်းတွေပေါ်မှာလည်း ဆန္ဒပြအဖွဲ့တွေ ရှိပါတယ်။ ချောက်ဘက်လို့ခေါ်တဲ့ ရေနံဝန်ထမ်းအိမ်ယာတွေ အများဆုံးနေထိုင်တဲ့ ရပ်ကွက်အမှတ် ၁၊ ၂၊ ၃၊ ၄ ရပ်ကွက်အတွင်းထဲမှာလည်း ကျမတို့ ဆန္ဒပြကြတယ်။ အဲလို ဆန္ဒပြကြတဲ့အချိန်မှာ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့တွေက လမ်းကြိုလမ်းကြားရဲ့ ထိပ်တွေ၊ ဝင်လို့မရတဲ့ နေရာတွေကနေပြီးတော့ ခြောက်လှန့်ပြီး ပစ်ခတ်တာတော့ ဒီနေ့အထိ ရှိခဲ့တယ်ပေါ့ရှင့်။”

ဖေဖော်ဝါရီလ ၇ ရက်နေ့ကစလို့ ဆက်တိုက် ဆန္ဒပြကန့်ကွက်ပွဲတွေ ရှိလာခဲ့တဲ့ ချောက်မြို့မှာ မတ်လ ၁၃ ရက်၊ စနေနေ့မှာတော့ ဆန္ဒပြပွဲမှာ မပါဝင်တဲ့ အရပ်သားတဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

“၁၃ ရက်နေ့မှာ ၂၃ ဦးလုံး အဖမ်းခံလိုက်ရတယ်။ အဖမ်းခံရတဲ့အထဲမှာ မိန်းကလေး ၃ ဦးပါတယ်၊ ယောက်ကျားလေးက ၂၀၊ ၂၃ ဦး ဖမ်းခံရပြီး တယောက်ကတော့ ကျဆုံးသွားတယ်။ ကျဆုံးသွားတဲ့ ကိုဝင်းဖြိုးအောင် (ခ) ကိုကြောင်လေးက အသက် ၄၁ နှစ်ရှိတယ်။ ကိုကြောင်လေးက ကားသမား။ ကျောက်ပန်းတောင်းကနေ ကုန်ချပြီး ပြန်လာတဲ့ကား ဖြစ်တယ်။ ကားတခါးကိုဖွင့်ပြီး ဆင်းလိုက်တဲ့အချိန်မှာ သူတို့က ကျည်အစစ်နဲ့ ပစ်ချလိုက်တာပဲ။ သူတို့ပစ်တဲ့အချိန်မှာ လမ်းမပေါ်မှာ လူငါးဦး စုမိတဲ့အခြေအနေ မရှိဘူး။”

ကွယ်လွန်သူ ဦးဝင်းဖြိုးအောင် (ခေါ်) ကိုကြောင်လေးရဲ့ တနင်္ဂနွေနေ့ စျာပနခရီးမှာ ရာပေါင်းများစွာသော လိုက်ပါပို့ဆောင်ကြသူတွေဟာ လက်သုံးချောင်းထောင်ပြီး လိုက်ပါပို့ဆောင်ခဲ့ကြတာကိုလည်း လူမှုကွန်ရက် စာမျက်နှာမှာ တွေ့ရပါတယ်။


 မခြါညိဳ/ VOA Burmese

https://burmese.voanews.com/a/chauk-cdm/5814519.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ