ရေနံနှင့်သဘာ၀ဓါတ်ငွေ့ ရှာဖွေထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများသို့ နောက်ဆုံးအကြိမ် အသိပေး အကြောင်းကြားခြင်း။










၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက်

(၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်)


ရေနံနှင့်သဘာ၀ဓါတ်ငွေ့ ရှာဖွေထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများသို့ နောက်ဆုံးအကြိမ် အသိပေး အကြောင်းကြားခြင်း။

၁။ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ခေတ္တပြည်ထောင်စုဝန်ကြီးမှ လူကြီးမင်းတို့ထံ အောက်ဖော်ပြပါ မေတ္တာရပ်ခံချက်များကို  ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ရက်စွဲနှင့် အီးမေးလ်မှတဆင့် ပေးပို့အကြောင်းကြားခဲ့ပြီး ဖြစ်သည်။

(က) အာဏာသိမ်းစစ်ကောင်စီနှင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း စီးပွားရေး ဆက်ဆံဆောင်ရွက်

မှုအားလုံးအား ချက်ခြင်းရပ်ဆိုင်းထားရန်။

(ခ) နိုင်ငံတော်သို့ ပေးသွင်းရမည့်အခွန်၊ အကျိုးအမြတ်ခွဲဝေမှုနှင့် နိုင်ငံတော်၏ရပိုင်ခွင့်များအား ဒီမိုကရေစီနည်းကျ ရွေးချယ်တင်

မြှောက်ထားသည့် တရားဝင်အစိုးရက နိုင်ငံ့တာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်သည့် အချိန်အထိ လုံခြုံစိတ်ချရသော ဘဏ်စာရင်းတွင် ထိန်းသိမ်းထားရှိရန်။

(ဂ) ရေနံနှင့်သဘာ၀ဓါတ်ငွေ့ ရောင်းချခြင်းမှ ရရှိသည့် ပြည်သူ့ဘဏ္ဍာငွေများဖြင့်  အာဏာသိမ်း စစ်ကောင်စီက ပြည်သူလူထုအပေါ်အကြမ်းဖက်သတ်ဖြတ်နေမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်နေမှု များကို  အားပေးကူညီရာမရောက်ရှိစေရန် လူကြီးမင်းတို့၏ အမြန်ဆုံးတုန့်ပြန်အရေးယူမှုကို ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ရန်။

၂။ ပြည်သူလူထုကိုယ်စား တောင်းဆိုခဲ့သည့် အထက်ပါ မေတ္တာရပ်ခံချက်များကို လူကြီးမင်းတို့မှ အလေးဂရုပြုခြင်း မရှိသည့်အပြင် လစ်လျူရှုခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွက် ရေနံနှင့်သဘာ၀ဓါတ်ငွေ့ ရောင်းရငွေများ  အာဏာ သိမ်းစစ်ကောင်စီထံသို့ စီးဝင်စေခဲ့ကြောင်း ကြားသိရပါသည်။

၃။ ရေနံနှင့်သဘာ၀ဓါတ်ငွေ့ ရောင်းချခြင်းမှ ရရှိသည့် နိုင်ငံတော်၏အသားတင်ဝင်ငွေမှာ လစဉ် အမေရိကန် ဒေါ်လာ ၇၅ သန်းမှ ၉၀ သန်းခန့် အထိရရှိကြောင်း သိရသည်။

၄။ ရေနံနှင့် သဘာ၀ဓါတ်ငွေ့အပါအဝင် နိုင်ငံတော်၏ မြေပေါ်မြေအောက် သယံဇာတအားလုံး၏ မူလပိုင်ရှင်သည် နိုင်ငံသူနိုင်ငံသား များသာဖြစ်ပြီး အဆိုပါနိုင်ငံသားများအပေါ် နေ့စဉ် အကြမ်းဖက်နှိပ်စက်သတ်ဖြတ်နေသည့် အာဏာသိမ်းစစ်ကောင်စီထံသို့ ရေနံနှင့် သဘာ၀ဓါတ်ငွေ့သယံဇာတရောင်းရငွေများ လွှဲပြောင်းစီးဆင်း ရောက်ရှိစေခြင်းအတွက် ပြင်းပြင်းထန်ထန် ရှုံ့ချကန့်ကွက်သည်။

၅။ ၂၀၂၁ ခုနှစ်၊ မတ်လအကုန်တွင် နိုင်ငံတော်သို့ ပေးသွင်းရန်ရှိသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ရေနံနှင့်သဘာ၀ဓါတ်ငွေ့ ရောင်းချရငွေများကို အာဏာသိမ်း စစ်ကောင်စီထံသို့ ထပ်မံစီးဝင်စေခြင်း လုံး၀ (လုံး၀) မရှိစေရန် သက်ဆိုင်ရာ ရေနံနှင့်သဘာ၀ဓါတ်ငွေ့ ရှာဖွေထုတ်လုပ်ရောင်းချသူများနှင့် ဝယ်ယူသူ၊ အကျိုးတူပူးပေါင်းဆောင်ရွက်သူအားလုံး ဆောလျင်စွာညှိနှိုင်း ဆောင်ရွက်၍ ဒီမိုကရေစီ ရရှိရေး၊ စစ်အာဏာရှင်ကျဆုံးရေးအတွက် ပြည်သူလူထုက အလေးအနက် တောင်းဆိုနေသည့် မေတ္တာရပ်ခံချက်များနှင့်အညီ လိုက်ပါ ပူးပေါင်း ဆောင်ရွက်ရန် လေးနက်စွာနောက်ဆုံးအကြိမ် အသိပေး လိုက်သည်။

၆။ အသိပေးတောင်းဆိုချက်များအား ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ရေနံနှင့်သဘာ၀ဓါတ်ငွေ့ရောင်းရငွေများအား အာဏာသိမ်း စစ်ကောင်စီထံသို့  စီးဝင်ရောက်ရှိစေသည့် မည်သည့်လွှဲပြောင်းမှုကိုမဆို ပြည်သူ့အစိုးရမှ အသိအမှတ်ပြုမည် မဟုတ်ကြောင်းနှင့် နိုင်ငံတော်သို့ ပေးသွင်းရန်ရှိသည့်ငွေများအား ပြန်လည်တောင်းခံ သွားမည်ဖြစ်ကြောင်း အသိပေးလိုက်သည်။


Committee Representing Pyidaungsu Hluttaw - CRPH

https://www.facebook.com/crph.official.mm/

ရေနံနှင့်သဘာ၀ဓါတ်ငွေ့ ရှာဖွေထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများသို့ နောက်ဆုံးအကြိမ် အသိပေး အကြောင်းကြားခြင်း။ ရေနံနှင့်သဘာ၀ဓါတ်ငွေ့ ရှာဖွေထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီများသို့ နောက်ဆုံးအကြိမ် အသိပေး အကြောင်းကြားခြင်း။ Reviewed by THITHTOOLWIN on 00:29 Rating: 5

No comments:

Powered by Blogger.