မန္တလေးဆန္ဒပြပွဲ ဖြိုခွင်းဖို့သွားတဲ့ စစ်တပ်ကပစ်လို့ လူငယ်တစ်ဦးသေဆုံး

မန္တလေးဆန္ဒပြပွဲ ဖြိုခွင်းဖို့သွားတဲ့ စစ်တပ်ကပစ်လို့ လူငယ်တစ်ဦးသေဆုံး

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အပေါ် ကန့်ကွက် ဆန္ဒပြနေကြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွင်းတာတွေ ပိုဆိုးလာနေပြီး သေဆုံးသူအရေအတွက်လည်း ပိုတိုးလာနေပါတယ်။ ဒီကနေ့ မတ်လ ၅ ရက်နေ့မှာလည်း မန္တလေးက အင်ဂျင်နီယာ သပိတ်စစ်ကြောင်းကို ဖြိုခွင်းဖို့လာတဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လမ်းဘေးမှာ ရပ်ကြည့်နေသူလူငယ်တစ်ဦး လည်ပင်းကျည်ဆံထိမှန်ပြီး သေဆုံးသွားပါတယ်။ အပြည့်အစုံကိုတော့ မဆုမွန်က တင်ပြပေးပါမယ်။

မန္တလေးမြို့မှာ ဒီကနေ့ သေဆုံးသွားသူဟာ ၄၉ လမ်း ၁၁၁ လမ်းမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က လာရောက်ဖြိုခွင်းတာကို ဘေးနားမှာ ရပ်ကြည့်နေတဲ့အချိန် သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အသက်ဆုံးခဲ့ရတယ်လို့ ဒီဖြစ်စဉ်ကို မျက်မြင်တွေ့သူတွေက ဗွီအိုအေကို ပြောပြပါတယ်။

“အမတို့က ဒီဘက်မှာ ရပ်နေတာပေါ့။ ကောင်လေး ၃ ယောက်က လာတယ်။ အမ ကျနော်တို့တွေ အကုန်လုံး လွတ်လာပြီ ကျန်တဲ့ဆင့်ကဲဆင့်ကဲကို ပြောပေးအုံးတဲ့ ဘာလို့လည်းဆိုတော့ ပိတ်ပြီးတော့ အဖမ်းခံရမှာဆိုးလို့ပေါ့နော်။ ကျွန်တော်ကအဲ့လိုလှမ်းပြောနေတုန် းရှိသေးတယ်။ ဟိုဘက်ထောင့်မှာ ဒိုင်းဒိုင်းနဲ့ ၃ ချက်ပစ်လိုက်တာ ပစ်လိုက်ရင်းနဲ့ တချက်တည်း လဲသွားတာ ကျနော်ကလည်း ဆိုင်ကယ်အောက် ဝမ်းလျားထိုးလိုက်တာ အဲ့ကောင်လေးကို ထိသွားပြီဆိုတော့ ကျနော်တို့က ဟိုဘက်ကိုဆွဲပြီး ပို့လိုက်တာ။ ပို့လိုက်ပြီးကားကို ခေါ်လာပြီး ကားနဲ့သယ်သွားတာ။ သေသွားတယ်လို့ကြားတာပဲ။ ရင်အုံကို မှန်သွားတာ။ အဲ့ဟိုဘက် သစ်ပင်အောက်မှာ ရပ်နေတာ။ သူက သူ့ဘာသာသူရပ်နေတာ။ (ဟုတ်တယ် သူ့က သူ့ဘာသာသူရပ်နေတာ) ဒီနားလေးက အကုန်လုံး သူ့ဟာသူ ဘေးတွေမှာ ရပ်နေတာကို သေနတ်တွေနဲ့ တဒိုင်းဒိုင်း ပစ်လိုက်တဲ့အချိန်မှာ ကျနော်တို့ကလည်း ပစ်ပြီပစ်ပြီဆိုပြီး ဒီနားမှာဆိုင်ကယ် တစီးရှိတာနဲ့ မှောက်ထိုးလိုက်ပြီး အဲ့သစ်ပင်အောက်က ကောင်လေးကိုမှန်သွားတာပဲ။”

ဒီကနေ့မနက်ပိုင်း အင်ဂျင်နီယာတွေ နဲ့အတူ လူသောင်းချီပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေချိန် စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့လာရောက်ခဲ့တာဖြစ်လို့ အမြန်လူစုခွဲလိုက်တဲ့အတွက် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းတော့မရှိပါဘူး။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်တွေနဲ့ ပစ်တဲ့အပြင် နေအိမ်အတွင်း ပုန်းခိုနေတဲ့သူတွေကိုပါ လေးခွနဲ့ပစ်ခတ်သွားလို့ ဒဏ်ရာရတာတွေလည်းရှိပါတယ်။ ပုန်းအောင်းနေတဲ့အချိန် လေးဂွနဲ့ ပစ်ခံလို့ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပြပါတယ်။

“ကျနော်တို့ကကျတော့ သူတို့လာတော့ကြတော့ ပုန်းနေကြတာ။ ပုန်းနေကြတော့ အကာအကွယ်အောက်မှာနေရင်းနဲ့ သူတို့က အိမ်နေထဲဝင်လာတာ။ အဲ့ကောင်တွေက ဘာတုန်း ကြက်တွေ့ကြက်ပစ်မယ်ကွာ ငှက်တွေ့ငှက်ပစ်ကွာဆိုပြီး အကုန်လုံးဝင်ချလာတာ။ ကျနော်တို့ကို ဝင်ကြမ်းတော့တာပဲ။ ကျနော်တို့က ဘယ်လိုလုပ်အင်အားမျှမှာလဲ။ သူတို့က ၁၅ ယောက်လောက် ရှိတယ် အကုန်ပတ်ပတ်လည်ကြီး ဝိုင်းထားတာ။ ဖိနပ်ရာတွေလည်း အကုန်ရှိတယ်။ အများကြီးပဲ။ ရပ်ကွက်ကို မဝင်နိုင်အောင် အကုန်လုံးပိတ်ထားရတာ ကျနော်တို့က မလုပ်ပါဘူးဗျ။”

ဒါ့အပြင် လမ်းဘေးမှာရှိတဲ့ ကားမှန်တွေနဲ့နေအိမ်တွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က လေးခွတွေနဲ့ပစ်ခတ်တာတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။ အင်ဂျင်နီယာ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့လာရောက်ခဲ့ပေမယ့် လမ်းတွေပိတ်ဆို့ပြီး အမြန်လူစုခွဲခဲ့တဲ့အတွက် ဖမ်းဆီးခံရတာတော့မရှိခဲ့ပါဘူး။

မန္တလေးမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့နေ့ကစပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် သေဆုံးသူ ဦးရေ အနည်းဆုံး ၁၀ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/mandalay-shooting-die-one-youth/5802899.html

မန္တလေးဆန္ဒပြပွဲ ဖြိုခွင်းဖို့သွားတဲ့ စစ်တပ်ကပစ်လို့ လူငယ်တစ်ဦးသေဆုံး မန္တလေးဆန္ဒပြပွဲ ဖြိုခွင်းဖို့သွားတဲ့ စစ်တပ်ကပစ်လို့ လူငယ်တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:35 Rating: 5

No comments:

Powered by Blogger.