![]() |
စီဒီအမ်လှုပ်ရှားမှုမှာ ပါဝင်ဖို့နှိုးဆော်နေတဲ့အမျိုးသမီးတယောက်ကို မတ်လ ၈ ရက်နေ့ကတွေ့မြင်ရ |
မြန်မာနိုင်ငံမှာ အကြီးမားဆုံး ဝန်ထမ်းသပိတ်ကြီး ၃ ခုဖြစ်ပွားခဲ့ဖူးပါတယ်။ ၁၉၄၆ ခုနှစ် အမှုထမ်းပေါင်းစုံသပိတ်၊ ၁၉၈၈ ခုနှစ်ဝန်ထမ်းပေါင်းစုံအထွေထွေသပိတ်နဲ့ ၂၀၂၁ ခုနှစ် CDM အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုတို့ဖြစ်ကြပါတယ်။
CDM ၊ သကျဂရဟ နဲ့ သပိတ်
မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ CDM ၊ သကျဂရဟ နဲ့ သပိတ်ဆိုတဲ့ လုပ်ဆောင်မှုဆင်တူတဲ့ လှုပ်ရှားမှုတွေကို သုံးနှုန်းတဲ့ ဝေါဟာရ ၃ မျိုးရှိခဲ့ပါတယ်။
CDM
CDM ဆိုတာ civil disobedience movement ဆိုတဲ့ အင်္ဂလိပ်စကားရဲ့ အတိုကောက်ဖြစ်ပါတယ်။ civil ဆိုတာ အကြမ်းမဖက်သော၊ ယဥ်ကျေးသောလို့ အဓိပ္ပာယ်ရပါတယ်။ disobedience ကတော့ အမိန့်မနာခံ အာဏာဖီဆန်တာဖြစ်ပါတယ်။ ဥပဒေ၊ အမိန့်၊ အာဏာ အစရှိတဲ့ အစိုးရက ပြည်သူကို ခိုင်းစေတဲ့ အရာအားလုံးကို ဖြစ်စေ၊ တချို့ကိုဖြစ်စေ လိုက်နာဖို့ ငြင်းဆန်ကန့်ကွက် ဖီဆန်ခြင်းဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ သတင်းစာဆရာကြီး ဦးဝင်းတင်က ဟင်နရီဒေးဗစ်သော်ရိုးရဲ့ civil disobedience အက်ဆေးကို ကိုးကားပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလို့ ဘာသာပြန်ခဲ့ဖူးပါတယ်။ civil ကို အရပ်သားပြည်သူ ဆိုတဲ့ တခြားအဓိပ္ပာယ်ကိုယူပြီး civil disobedience ကို လူထုအန်တုမှုလို့ တချို့က ဘာသာပြန်ကြတာလည်း ရှိပါတယ်။ နှစ်မျိုးစလုံးကို လက်ခံသုံးစွဲနေကြတာ တွေ့ရပါတယ်။
Civil disobedience ဆိုတာဟာ peaceful protest ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်ခြင်း nonviolent resistance အကြမ်းမဖက်ခုခံတော်လှန်ခြင်းနဲ့လည်း နိုင်ငံရေးသဘောအရ အတူတူပဲလို့ နိုင်ငံရေးပညာရှင်တွေက ကောက်ယူကြပါတယ်။
သကျဂရဟ
CDM ဆိုတာ မြန်မာ့နိုင်ငံရေးမှာ အခုမှ ပတ်သက်လာတာ မဟုတ်ပါဘူး။ ရှေးအချိန်က အခြားသော နာမည်တမျိုးကို သုံးစွဲပြီး ပတ်သက်ခဲ့ဖူးပါတယ်။ ခေတ်သစ်မြန်မာ့နိုင်ငံရေးရဲ့ အစောဆုံးလှုပ်ရှားမှုတွေထဲက တခုလို့တောင်ဆိုနိုင်ပါတယ်။ အဲဒီလှုပ်ရှားမှုကတော့ ဂျီစီဘီအေခေတ်က ခေတ်စားခဲ့တဲ့ အစိုးရနဲ့ မပတ်သက် မဆက်ဆံတဲ့နည်း၊ အနုနည်းနဲ့ အာဏာဖီဆန်ရေးနည်း ဖြစ်ပါတယ်။ အဲဒီလမ်းစဥ်ထဲမှာ အစိုးရနဲ့ မဆက်ဆံဘူး၊ ဥပဒေမလိုက်နာဘူး၊ အမိန့်မနာခံဘူး၊ အလုပ်မလုပ်ဘူး၊ နိုင်ငံခြားဖြစ်မဝတ်ဘူး စသဖြင့် ဘူးလမ်းစဥ်များစွာ ပါဝင်တဲ့အတွက် အဲဒီတုန်းက ဂျီစီဘီအေရဲ့ အနုနည်းနဲ့ အာဏာဖီဆန်ရေးလမ်းစဥ်ကျင့်သုံးတဲ့ အသင်းတွေကို ဘူးအသင်းတွေလို့ ခေါ်ခဲ့ဖူးပါတယ်။ အဲဒီအနုနည်းနဲ့ အာဏာဖီဆန်ရေးနည်းဆိုတာ အိန္ဒိယအမျိုးသားခေါင်းဆောင် မဟတ္တမဂန္ဒီရဲ့ သကျဂရဟလမ်းစဥ် သို့မဟုတ် သစ္စာဂြဟလမ်းစဥ် သို့မဟုတ် Satyagraha လမ်းစဥ်က ဆင်းသက် လာတာဖြစ်ပါတယ်။ သစ္စာဆိုတာ မှန်ကန်တာ ဖြစ်ပြီး ဂြဟဆိုတာက အနုနည်းနဲ့ဖီဆန်တာ ကန့်ကွက်တာဖြစ်ပါတယ်။ အဲဒီတုန်းကကျင့်သုံးခဲ့တဲ့ အစိုးရနဲ့မဆက်ဆံရေး အနုနည်းနဲ့အာဏာဖီဆန်ရေး လမ်းစဥ်ဟာ CDM နဲ့ ထပ်တူနည်းပါးတူညီပါတယ်။
![]() |
CDM မှာပါဝင်ဖို့ပုံသဏ္ဍန်အမျိုးမျိုးနဲ့ တိုက်တွန်းနှိုးဆော်နေကြ |
သပိတ်
ပထမကျောင်းသားသပိတ်နောက်ပိုင်းမှာတော့ ခေတ်သစ်မြန်မာ့နိုင်ငံရေးလောကမှာ သပိတ်ဆိုတဲ့စကားလုံးနဲ့ ဘွိုင်းကောက်ဆိုတဲ့စကားလုံးဟာ ပိုတွင်ကျယ်လာပါတယ်။ သပိတ်မှောက်တယ်ဆိုတာဟာ မြတ်စွာဘုရားလက် ထက်ကတည်းကပေါ်ပေါက်ခဲ့တယ်လို့ ပါဠိတော်မှာဆိုထားပြီး ပတ္တနိကုဇ္ဇန ဆိုတဲ့ပါဠိစကားလုံးကလာပါတယ်။ အင်္ဂလိပ်စကား ဘွိုင်းကောက် boycott ကို မြန်မာလို သပိတ်မှောက်တယ်လို့ ဘာသာပြန် သုံးစွဲလာပါတယ်။ သပိတ်မှောက်တာနဲ့ ဘွိုင်းကောက်ဟာလည်း ထပ်တူနည်းပါး တူညီပါတယ်။ သပိတ်ဆိုတဲ့စကားလုံးဟာ မြန်မာ့နိုင်ငံရေးမှာ ကာလရှည်ကြာ တွင်ကျယ်ခေတ်စားခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်အမှုထမ်းပေါင်းစုံသပိတ်မှာ သပိတ်မှောက်တယ်လို့သုံးခဲ့ပါတယ်။ ၁၉၈၈ မှာလည်း အထွေထွေသပိတ်မှောက်တယ်လို့သုံးပါတယ်။ ၂၀၀၇ ခု သံဃာ့လှုပ်ရှားမှုမှာလည်း ပတ္တနိကုဇ္ဇနနဲ့ သပိတ်မှောက်ဆိုတဲ့စကားကို ပူးတွဲအသုံးပြုခဲ့ပါတယ်။ သပိတ်မှောက်တယ် ဆိုတဲ့စကားနဲ့ CDM လှုပ်ရှားမှုဟာလည်း ထပ်တူနည်းပါး တူညီပါတယ်။ သပိတ်မှောက်တဲ့လုပ်ငန်းစဥ်တွေထဲမှာ ပါတဲ့ အလုပ်မဆင်းတာ၊ ရုံးမတက်တာ၊ သပိတ်တားတာ၊ နိုင်ငံခြားပစ္စည်းသပိတ်မှောက်တာ စတဲ့စကားလုံးတွေဟာ CDM လုပ်ငန်းစဥ်တွေနဲ့ အတူတူပါပဲ။
CDM ၊ သကျဂရဟတို့ထက် သပိတ်ကပိုမိုတဲ့ အဓိပ္ပာယ်အသုံးအနှုန်းတမျိုးရှိပါတယ်။ CDM ၊ သကျဂရဟတို့ဟာ အစိုးရကိုသာ ဦးတည်ပြုလုပ်လေ့ရှိပါတယ်။ သပိတ်ကတော့ အလုပ်ရှင်နဲ့ အလုပ်သမား၊ လူပုဂ္ဂိုလ်တဦးချင်းနဲ့ သံဃာထုအတွင်းမှာလည်း သုံးစွဲလေ့ရှိပါတယ်။
အစိုးရဝန်ထမ်းတွေရဲ့ အရေးပါမှု
အစိုးရယန္တရားလည်ပတ်လှုပ်ရှားတာဟာ အစိုးရဝန်ထမ်းတွေရဲ့ အင်အားနဲ့ လည်ပတ်တာ ဖြစ်ပါတယ်။ အစိုးရဟာ စက်ယန္တရားကြီးတခုဆိုရင် ဝန်ထမ်းတွေဟာ ယန္တရားကြီးရဲ့ အစိတ်အပိုင်းတွေဖြစ်ကြတဲ့ ပင်နီယံတွေ၊ ဘီးတွေ၊ မူလီတွေ၊ ပတ္တားတွေသဖွယ်ဖြစ်ကြပါတယ်။ ယန္တရားကြီးရဲ့ အစိတ်အပိုင်းတွေဖြစ်ကြတဲ့ ပင်နီယံတွေ၊ ဘီးတွေ၊ မူလီတွေ၊ ပတ္တာတွေ အလုပ်မလုပ်တော့ရင် အစိုးရဆိုတဲ့ ယန္တရားကြီးဟာလည်း မလည်ပတ်နိုင်တော့ဘဲ ရပ်ဆိုင်းသွားပါတယ်။ ဒါ့ကြောင့် အစိုးရတရပ်လည်ပတ်နိုင်ရေးမှာ ဝန်ထမ်းဟာ အရေးကြီးပါတယ်။
ဝန်ထမ်းတွေ အလုပ်မလုပ်ရင် အစိုးရဟာ တိုင်းရေးပြည်ရာကို မစီမံမခန့်ခွဲနိုင်ပါဘူး။ တိုင်းရေးပြည်ရာကို မစီမံမခန့်ခွဲနိုင်ရင်တိုင်းပြည်ကို အုပ်ချုပ်လို့မရပါဘူး။
![]() |
ဝန်ထမ်းပါဝင်ပူးပေါင်းမှု အားကောင်းသလို ရုံးတက်ဖို့ ဖိအားပေးအကျပ်ကိုင်မှုတွေလည်းရှိနေ |
၁၉၄၆ ခုနှစ် အမှုထမ်းပေါင်းစုံသပိတ်
မြန်မာနိုင်ငံမှာ ဝန်ထမ်းပေါင်းစုံပါဝင်လှုပ်ရှားကြတဲ့ ပထမဆုံးသပိတ်ဟာ ၁၉၄၆ ခုနှစ် အမှုထမ်းပေါင်းစုံ သပိတ်ဖြစ်ပါတယ်။
အဲဒီတုန်းက မြန်မာနိုင်ငံမှာ အာဏာနှစ်ရပ် လွန်ဆွဲနေတဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ ဆာဟူးဘတ်ရန့်စ်ရဲ့ ဗြိတိသျှအစိုးရနဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအဖွဲ့ချုပ် ဖြစ်ပါတယ်။ ဗြိတိသျှတို့က ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအဖွဲ့ချုပ်ကို အစိုးရအဖွဲ့ထဲ အပါမခံချင်ဘဲ အင်တင်တင်ဖြစ်နေချိန်မှာ အမှုထမ်းပေါင်းစုံသပိတ် ပေါ်ပေါက်လာပါတယ်။
ထူးခြားချက်ကတော့ ဗြိတိသျှ ကိုလိုနီခေတ်တလျှောက်လုံးမှာ ကိုလိုနီအစိုးရရဲ့ လက်ကိုင်တုတ်ဆိုပြီး လူထုက ရွံရှာမုန်းတီးမှုခံခဲ့ရသူ ပုလိပ်ဝန်ထမ်းတွေက သပိတ်ကို စတင်လိုက်တဲ့အချက် ဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ သပိတ်စတင်ပါတယ်။ ပုလိပ်ကို လူတွေက မုန်းကြတဲ့အတွက် အစပိုင်းမှာ သပိတ်ကို မပူးပေါင်းလိုဘဲ ဖြစ်ခဲ့ကြပါတယ်။
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကြေးနန်းဆက်သွယ်ရေးနဲ့ စာတိုက်ဝန်ထမ်းတွေ၊ မီးရထားအလုပ်သမားတွေ၊ အစိုးရဗဟိုပုံနှိပ်တိုက်ဝန်ထမ်းတွေ၊ ရေနံမြေအလုပ်သမားတွေ၊ အုပ်ချုပ်ရေး အလုပ်သမားတွေ ၊ ဆိပ်ကမ်း ၊ ဌာနပေါင်းစုံစာရေးဝန်ထမ်းတွေ၊ စက်ရုံအလုပ်ရုံအလုပ်သမားတွေပါဝင်လာပြီး အမှုထမ်းပေါင်းစုံ သပိတ်ကြီးဖြစ်သွားပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသတို့လည်း အထွေထွေသပိတ်မှာ ပူးပေါင်းပါဝင်ပြီး ကင်းဘဲလ် ပညာရေးစီမံကိန်း ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဗကသဥက္ကဋ္ဌ ကိုသန်းထွန်း (သမိုင်းပါမောက္ခဒေါက်တာသန်းထွန်း)၊ ကိုသန်းကြွယ် (မြို့မဦးသန်းကြွယ်)၊ ကိုရွှေ (စာရေးဆရာလင်းယုန်မောင်မောင်)တို့ဟာ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြပါတယ်။
အဲဒီအမှုထမ်းပေါင်းစုံသပိတ်ကို ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအဖွဲ့ချုပ်က ဦးဆောင်မှု ပေးခဲ့ပါတယ်။ ဗြိတိသျှအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းလုနည်းပါး ဖြစ်သွားခဲ့ပါတယ်။ ဆာပေါ်ထွန်း ခေါင်းဆောင်တဲ့ ရုပ်သေးအစိုးရ ပြုတ်ကျသွားပါတယ်။ ရုပ်သေးအစိုးရအစား ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအဖွဲ့ချုပ်ကို အစိုးရအဖွဲ့မှာပါဝင်ဖို့ အင်္ဂလိပ်အစိုးရက ကမ်းလှမ်းခဲ့ရပါတယ်။
၁၉၄၆ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့မှာ သပိတ်လှန်ခဲ့ပါတယ်။ သပိတ်လှန်တာကို တချို့က မကျေနပ်ခဲ့ကြပါဘူး။
![]() |
CDM လုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ |
၁၉၈၈ ခုနှစ်အထွေထွေသပိတ်
၁၉၈၈ ခုနှစ်အထွေထွေ သပိတ်ဟာ ကျောင်းသားတွေက စတင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ လုံခြုံရေးတပ်ဖွဲ့လက်ချက်နဲ့ သေနတ်ကျည်ဆန်ထိမှန်ပြီး ကိုဖုန်းမော်ကျောင်းထဲမှာပဲ သေဆုံးခဲ့ပါတယ်။ ကိုစိုးနိုင်က ဆေးရုံရောက်ပြီးနောက် သေဆုံးခဲ့ပါတယ်။
မတ်လ ၁၆ ရက်၊ ၁၇ ရက်နေ့တွေမှာ ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ၊ စီးပွားရေးတက္ကသိုလ် ကျောင်းသားတွေ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။
မတ်လ ၁၈ ရက်နေ့မှာ ကျောင်းသားတွေ ဆူးလေမြို့တော်ခန်းမဆီ ချီတက်သွားခဲ့ကြပြီး သပိတ်ကျယ်ပြန့်ခဲ့ပါတယ်။
ကျောင်းသားပြည်သူတွေ ပါဝင်တဲ့ လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြီး လုံထိန်းတပ်ဖွဲ့ရဲ့ ရိုက်နှက်ဖြိုခွဲမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ဝန်ထမ်းတွေပါ သပိတ်နဲ့ ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်လာကြပါတယ်။
ကျောင်းသားနဲ့ ဆန္ဒပြသူ သာမန်ပြည်သူတွေကို ရဲက ဖြိုခွဲနှိမ်နင်းတာကို မကျေနပ်တဲ့ ခြောက်ထပ်ရုံးပေါ်က ဝန်ထမ်းတွေက ရဲတွေကို ပန်းအိုးနဲ့ ပစ်ပေါက်လိုက်ရာကစပြီး သပိတ်မှာ ဝန်ထမ်းတွေစတင်ပူးပေါင်းလာကြတယ်လို့ ပြောစမှတ်ရှိပါတယ်။
ကျောင်းသားတွေနဲ့ စတင်လိုက်တဲ့ သပိတ်ဟာ တနိုင်ငံလုံးကို ကူးစက်ပြန့်ပွားပျံ့နှံ့သွားသလို တနိုင်ငံလုံးက ၀န်ထမ်းတွေလည်း သပိတ်ထဲမှာ ပါဝင်လာခဲ့ကြပါတယ်။
မဆလအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားပျက်ပြားသွားပြီး တနိုင်ငံလုံးကို သပိတ်ကော်မတီတွေ၊ သံဃာတွေနဲ့ အရပ်သားတွေက တလနည်းပါး ထိန်းသိမ်းအုပ်ချုပ်ခဲ့ပါတယ်။ တိုင်းပြည်ကို မအုပ်ချုပ်နိုင်တော့တဲ့ ဗိုလ်ချုပ်နေဝင်းဟာ စစ်တပ်ကို အာဏာလွှဲအပ်ပြီး အာဏာသိမ်းစေခဲ့ပါတယ်။
ဒါ့ကြောင့် အာဏာသိမ်းတယ်ဆိုပေမဲ့ အစိုးရရဲ့ အာဏာကို စစ်တပ်ကသိမ်းယူလိုက်တယ်ဆိုတာထက် ပြည်သူ့လက်ထဲမှာ တပိုင်းတစရောက်ရှိနေတဲ့ အာဏာကို စစ်တပ်က သိမ်းယူလိုက်တဲ့ သဘောပိုမိုသက်ရောက်ပါတယ်။
![]() |
ပညာရေးဝန်ထမ်းတွေရဲ့သပိတ် |
၂၀၂၁ CDM လှုပ်ရှားမှု
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ်အနိုင်ရကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။ မဲရလဒ်ကို စစ်တပ်နဲ့ နီးစပ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မကျေနပ်ကြောင်း ကန့်ကွက်ခဲ့၊ စစ်တပ်ကလည်း မဲစာရင်းမှားတယ်ဆိုပြီး ဖြေရှင်းခိုင်းတာတွေ မပြေလည်ခဲ့ရာက ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။
ဆရာဝန်တွေက စတင်ပြီး civil disobedience movement ရဲ့အတိုကောက်ဖြစ်တဲ့ CDM လှုပ်ရှားမှုကို စတင်ဆော်သြခဲ့ပါတယ်။ အကြမ်းမဖက်အာဏာဖီဆန်ရေးဆိုတဲ့ စကားလုံးကို သိပ်မသုံးဘဲ CDM ဆိုတဲ့ အင်္ဂလိပ် အတိုကောက်စာလုံးကို ပိုပြီးတွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။
၁၉၄၆ အမှုထမ်းပေါင်းစုံသပိတ်မတိုင်ခင်က အခြေအနေနဲ့ အနည်းငယ်ဆင်တူတာက သပိတ်မတိုင်ခင်မှာ အာဏာ ၂ ရပ် အပြိုင်သဖွယ်တည်ရှိနေတဲ့ အချက်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင် အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေရဲ့ မျက်နှာသာပေးမှုအရ စင်ပြိုင်အာဏာသဖွယ်တည်ရှိနေတဲ့ စစ်တပ်အာဏာတို့ ဖြစ်ပါတယ်။ စစ်တပ်ဟာ အုပ်ချုပ်ရေးအာဏာရဲ့ ကျောရိုးယန္တရားတွေဖြစ်ကြတဲ့ စစ်တပ်၊ ရဲ၊ အကျဥ်းထောင် စတာတွေကို ချုပ်ကိုင်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရဟာ စီမံခန့်ခွဲမှုအာဏာကိုသာ ရရှိပါတယ်။
စစ်တပ်အာဏာသိမ်းမှုအပေါ် ဝန်ထမ်းများရဲ့ ဆန့်ကျင်မှုဟာ ၁၉၈၈ ခုနှစ်က ဝန်ထမ်းများရဲ့ ပူးပေါင်းပါဝင်မှုထက် အချိန်ကာလ ပိုစောပါတယ်။ အာခံဖီဆန်မှုကလည်း ပိုမိုပြင်းထန်ပါတယ်။ ဝန်ထမ်းအများစုဟာ အရပ်သားအစိုးရရဲ့လက်အောက်မှာရှိကြတဲ့အတွက် စစ်အာဏာသိမ်းမှုအပေါ် ဝန်ထမ်းတွေရဲ့ ဆန့်ကျင်မှုဟာ ပိုမိုပြင်းထန်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်အစိုးရဟာ အစိုးရယန္တရားကို အာဏာသိမ်းပြီးကတည်းက ကောင်းကောင်းမလည်ပတ်နိုင်ဘဲ အစိုးရယန္တရားပျက်ပြားလုနည်းနည်း အခြေအနေကို ကျရောက်နေပါတယ်။
ဝန်ထမ်းတွေ CDM လှုပ်ရှားမှုရုပ်သိမ်းပြီး ရုံးပြန်တက်ဖို့အတွက် အမိန့်၊ ဥပဒေ၊ ကြေညာချက်တွေထုတ်ပြန်ပြီး ခြိမ်းခြောက်မှုတွေရှိသလို ရုပ်မြင်သံကြား၊ သတင်းစာ အစရှိတဲ့ အစိုးရမီဒီယာတွေမှာ သီချင်းတွေ၊ ကဗျာတွေထုတ်လွှင့်ပြီး ရုံးပြန်တက်ဖို့ ဆွဲဆောင်မှုအမျိုးမျိုးကိုလည်း ပြုလုပ်နေပါတယ်။
ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ CDM နှိုးဆော်တဲ့ ဆောင်ပုဒ်နဲ့ အပြုံးမပျက်၊ ရုံးတက်ဆိုတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ နှိုးဆော်ချက်တို့ဟာ အပြိုင်ထွက်ပေါ်နေတဲ့ ဆောင်ပုဒ်နှစ်ခု ဖြစ်ပါတယ်။
၂၀၂၁ CDM လှုပ်ရှားမှုဟာ တနိုင်ငံလုံး လူထုဆန္ဒပြပွဲတွေ၊ စစ်တပ်ရဲ့ လူနေရပ်ကွက်၊ လမ်းကြိုလမ်းကြားမကျန် ဝင်ရောက်ပစ်ခတ်မှုတွေနဲ့အတူ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဝန်ထမ်းအဖွဲ့အစည်းတခုစီ သို့မဟုတ် ကျောင်းသားလှုပ်ရှားမှု၊ အလုပ်သမား သီးသန့်လှုပ်ရှားမှုမျိုးတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ပေမဲ့ ဝန်ထမ်းဌာနပေါင်းများစွာ ပါဝင်တဲ့ နိုင်ငံအနှံ့အပြား ဝန်ထမ်းပေါင်းစုံ အမှုထမ်းပေါင်းစုံ သပိတ်ကြီးတွေကတော့ ၁၉၄၆ ခုနှစ်၊ ၁၉၈၈ ခုနှစ်၊ ၂၀၂၁ ခုနှစ်တို့မှာ ၃ ကြိမ် ၃ ခါပဲ ပေါ်ပေါက်ခဲ့ဖူးပါသေးတယ်။ အဲဒီ ၃ ကြိမ်မှာ တကြိမ်နဲ့တကြိမ် တူညီတဲ့လက္ခဏာတွေလည်း ရှိသလို တခုစီမှာ ထူးခြားတဲ့လက္ခဏာတွေလည်း အသီးသီးရှိခဲ့ကြကြောင်း တွေ့ရှိနိုင်ပါတယ်။
BBC Burmese

No comments:
Post a Comment