မြန်မာ့မိတ်ဆွေ ဖက်ဒရယ်လွှတ်တော်အမတ်များအဖွဲ့ သြစတေးလျ ဖွဲ့စည်း


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး သြစတေးလျနိုင်ငံရှိ မြန်မာအသိုင်းအဝန်းအနေနဲ့ သက်ဆိုင်ရာ ပြည်နယ်နဲ့ ဖယ်ဒရယ်ပြည်ထောင်စုလွှတ်တော် အမတ်တွေကို ဆက်သွယ်စည်းရုံး ပြောဆိုခဲ့ကြသလို ပြည်နယ်ပေါင်းစုံမှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလုပ်ဆောင်မှုတွေရဲ့ အကျိုးဆက်အဖြစ် သြစတေးလျအစိုးရက မြန်မာစစ်အာဏာရှင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်နေပြီး မတ်လ ၂၅ ရက် မနေ့ကတော့ အာဏာရ လစ်ဘရယ်ပါတီက အထက်လွှတ်တော်အမတ် Dean Smith ဦးဆောင်ပြီး အတိုက်အခံပါတီ ၂ခုဖြစ်တဲ့ လေဘာပါတီနဲ့ ဂရင်းပါတီက အမတ်တွေလည်းပါဝင်တဲ့ မြန်မာ့မိတ်ဆွေ ဖက်ဒရယ်လွှတ်တော်အမတ်များအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ ဆစ်ဒနီမြို့ရှိ မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာမြင့်ချို က RFA ကိုပြောပါတယ်။

“ဒီ မြန်မာ့တပ်မတော်နဲ့ စစ်ဘက်ဆိုင်ရာ အကူအညီပေးတဲ့ ကိစ္စရပ်တွေကို လုံးဝရပ်ဆိုင်းလိုက်တယ်။ ပြီးတော့ အဲဒီမှာ ကုန်ကျမဲ့ငွေတွေကိုလဲ ပြည်သူတွေအကျိုးရှိစေမဲ့ လူသားချင်းစာနာတဲ့ ကိစ္စရပ်တွေကို လွှဲပြီး အကူအညီပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီ့ထက်ပိုပြီးကောင်းလာတာက ဒီနေ့ဘဲ သြစတေးလျ ဖက်ဒရယ်လွှတ်တော်ထဲမှာ အာဏာရလွှတ်တော်အမတ်တွေနဲ့ အတိုက်အခံလွှတ်တော်အမတ်တွေ အားလုံး ၂ဝ လောက်ရှိမယ် စုပေါင်းပြီး မြန်မာ့အရေး ဆောင်ရွက်ပေးမဲ့ လွှတ်တော်အမတ်အဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဒီအဖွဲ့အနေနဲ့ လွှတ်တော်ကနေ ဆုံးဖြတ်ချက်တွေချပြီး မြန်မာပြည်အတွက် ထောက်ပံ့ဖြစ်မယ့်အရာတွေကို ကူညီဖို့ လုပ်ကြမယ်။ ကျနော်တို့ဆက်ပြီး ဆောင်ရွက်မယ့်ကိစ္စက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကို သြစတေးလျဖက်ဒရယ်လွှတ်တော်ကနေ အသိအမှတ်ပြုပြီး အားပေးဖို့နဲ့ သြစတေးလျအစိုးရက အသိအမှတ်ပြုပြီး အားပေးဖို့ကို ကျနော်တို့ ကြိုးစားမယ်။ နောက်တခုက လက်ရှိ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒုက္ခ သုက္ခ လူမှုရေးအခက်အခဲတွေကို ကူညီပေးနိုင်အောင် သြစတေးလျအစိုးရအနေနဲ့ ဘတ်ဂျက်ချပြီး ကြိုးစားပေးဖို့ တိုက်တွန်းမယ်၊ နောက်တခုက မဟာမိတ်နိုင်ငံတွေနဲ့ ပေါင်းပြီးတော့ စစ်အာဏာရှင်ရဲ့ လူသားမျိုးနွယ်စုအပေါ် ချိုးဖောက်နေတဲ့ ကျူးလွန်မှုတွေကို ICC နိုင်ငံတကာတရားရုံး အထိရောက်အောင် တောင်းဆိုမှုတွေကို သြစတေးလျအစိုးရက ထောက်ခံအားပေးလာအောင် ကျနော်တို့ ဆက်လက် ကြိုးစားသွားမယ်။”

ဒီအတောအတွင်း အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ Stanton မြို့တော်ဝန်ကလည်း မြန်မာ့အရေး လှုပ်ရှားသူတွေကို ပြီးခဲ့တဲ့ စနေနေ့က ဖိတ်ခေါ်တွေ့ဆုံပြီး မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာ လွှတ်တော်အမတ်တွေနဲ့ လက်တွဲကူညီမှာဖြစ်ကြောင်း ကတိပေးခဲ့တယ်လို့ လော့စ်အိန်ဂျယ်လိစ် ခရိုင်မှာ နေထိုင်တဲ့ ဦးခင်မော် ကပြောပါတယ်။

“သူက ကျနော်တို့ လှုပ်ရှားမှုမှာ ပါဝင်တဲ့ မြန်မာပြည်သူ ပြည်သားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူ ပွဲတပွဲ လုပ်ပေးတယ်။ အဲဒီပွဲမှာ congressmen တွေ၊ နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေ အားလုံးကို ဖိတ်ထားပြီးတော့ ကျနော်တို့ မြန်မာအရေးကို သူတို့စိတ်ဝင်စားပါတယ် ဆိုပြီးတော့ အဲဒီနေ့မှာ White House ကနေထုတ်ပြန်တဲ့ sanction အသစ်ကိုလဲ သူကနေ ကျနော်တို့ကို ရှင်းပြပါတယ်။ နောက်အပတ်ထဲမှာ ဒီ Congressmen တွေနဲ့ နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေ နဲ့ ကျနော်တို့ မြန်မာအသိုင်းအဝိုင်းနဲ့ကို သူကတွေ့ဆုံပြီးတော့ မြန်မာ့အရေးကို သူတို့ဘယ်လိုလှုပ်ရှားပေးနိုင်မလဲ ဘယ်လို ကူညီပေးနိုင်မလဲဆိုတာကို ဆွေးနွေးမယ်၊ ပြီးတော့ ရလဒ်ကိုလဲ သမ္မတအထိ ရအောင်ပြောပေးမယ်။ congress အထိ ရအောင်ပြောပေးမယ်။ ဒီကိစ္စကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်လို့ ကတိပေးတယ်”

အခုလို ပြည်ပရောက် မြန်မာတွေနဲ့ နိုင်ငံတကာရဲ့ကူညီမှုတွေဟာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အင်မတန်အရေးပါတဲ့ အင်အားတွေပါပဲလို့ ထိုင်း-မြန်မာနယ်စပ် တနေရာရှိ ပင်လုံသုတေသန အဖွဲ့ခေါင်းဆောင် ဦးစိုင်းထွန်းအေး က ပြောပါတယ်။

“သြစတေးလျက မြန်မာနိုင်ငံကို စာနာတဲ့နိုင်ငံပေါ့ သူတို့ရဲ့အကူအညီတွေက နယ်စပ်တလျှောက်လုံးမှာလဲ ထိရောက်ခဲ့တယ်၊ အခုအချိန်မှာ ကျနော်တို့လိုအပ်တာက ပြည်တွင်းမှာ CDM ကို တောင့်ခံနိုင်မှုက ဝန်ထမ်းတွေပေါ့ နေအိမ်ကဆင်းရတဲ့ ဝန်ထမ်းတွေရဲ့အခက်အခဲတွေက နံပါတ် ၁ ဦးစားပေးဖြစ်နေပြီ၊။ ဒါကြောင့်မို့ ပြည်ပကလာပြီး တတ်နိုင်သလောက် အကူအညီပေးမယ့် အနေအထားမျိုးဆိုရင်တော့ ကျနော်တို့ ကြိုဆိုလက်ခံရမှာပေါ့။”

၈၈ အရေးတော်ပုံနောက်ပိုင်းမှာ နိုင်ငံတကာကိုရောက် မြန်မာအသိုင်းအဝန်းဟာ ပိုမိုအင်အား တောင့်တင်းလာခဲ့ပြီး အခုနွေဦးတော်လှန်ရေးအတွက် နည်းမျိုးစုံနဲ့ ကူညီနေတာကို နေ့စဉ် မြင်တွေ့ကြားသိနေရပါတယ်။

RFA Burmese



မြန်မာ့မိတ်ဆွေ ဖက်ဒရယ်လွှတ်တော်အမတ်များအဖွဲ့ သြစတေးလျ ဖွဲ့စည်း မြန်မာ့မိတ်ဆွေ ဖက်ဒရယ်လွှတ်တော်အမတ်များအဖွဲ့ သြစတေးလျ ဖွဲ့စည်း Reviewed by THITHTOOLWIN on 22:37 Rating: 5

No comments:

Powered by Blogger.