မြန်မာအကြမ်းဖက်ဖြေရှင်းမှုချက်ခြင်း ရပ်ဖို့ အမေရိကန်ထပ်မံတိုက်တွန်း



Share/Bookmark
မန္တလေးမြို့ရှိ လမ်းတခုမှာတွေ့ရတဲ့ မြန်မာရဲတပ်ဖွဲ့ဝင်များနဲ့ စစ်သားများ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ အာဏာသိမ်းယူအုပ်ချုပ်နေသူတွေရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ပြည်သူတွေအပေါ် အင်အားသုံး နှိမ်နင်း၊ ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ ခုလို ပြည်သူတွေအပေါ် အကြမ်းမှုတွေကို ချက်ချင်းရပ်ရမယ်လို့ အမေရိကန်ပြည်ထောင်စုက ထပ်ပြီး ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားဌာနပြောခွင့်ရ Ned Price။


အပြစ်မဲ့ အရပ်သားပြည်သူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်ဟာ ထိတ်လန့် တုန်လှုပ်စရာ၊ ရွံရှာစရာဖြစ်တယ်။ ချက်ချင်းရပ်ရမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောထားပြီးသားပါ။ သူတို့ရဲ့ အခွင့်အရေးကို လေးစားဖို့နဲ့ ဒီမိုကရေစီနည်းလမ်းကျ တင်မြှောက်ထားတဲ့ အစိုးရလက် အာဏာပြန်ပေးဖို့ ငြိမ်းငြိမ်းချမ်းချမ်းတောင်းဆိုနေတာကို အကြမ်းဖက်တုံ့ပြန်နေတဲ့ အပေါ် အမေရိကန်ပြည်ထောင်စုက သိပ်ကို စိတ်ပျက် တုန်လှုပ်တယ်လို့ အမေရိကန် နိုင်ငံခြားဌာနပြောခွင့်ရ Ned Price က တနင်္လာနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီမိုကရေစီနည်းလမ်းကျရွေးကောက်ခံထားရတဲ့ အစိုးရဖယ်ရှားခံခဲ့ရထဲက ဒီအရပ်သားအစိုးရအပေါ် ထောက်ခံတယ်ဆိုတာ လမ်းပေါ်တွေထွက် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း ပြောထားရုံတင် မကပါဘူး။ အဲဒီလို ငြိမ်းချမ်းစွာ လမ်းပေါ်ထွက်ဆန္ဒပြနေသူတွေ၊ သတင်းထောက်တွေကို အကြမ်းဖက် နှိမ်နင်း ဖမ်းဆီးနေတာတွေကိုလည်း အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်အပြစ်တင်ခဲ့ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေကြသူတွေ၊ သတင်းထောက်တွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ အကြမ်းဖက် နှိမ်နှင်းခံနေရတဲ့အပေါ် အမေရိကန်ပြည်ထောင်စုက အင်မတန်စိုးရိမ်တယ်ဆိုတာ ပြောထားပြီးဖြစ်ပါတယ်။ တော်တော်များများ အာဏာသိမ်းထားသူတွေရဲ့ အကြမ်းဖက်နှိမ်နှင်းတာကို ခံနေရပါတယ်လို့ ပြောသွားတာဖြစ်ပါတယ်။

EU ဥရောပသမဂ္ဂက စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့အပေါ် အရေးယူဒဏ်ခတ်မှုတွေလုပ်နေသလို အမေရိကန်အနေနဲ့ စစ်တပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဖို့ရှိသလားလို့ မနေ့ကသတင်းစာရှင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာနပြောခွင့်ရကို သတင်းထောက်တယောက်က မေးပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြောခွင့်ရ Ned Price က အခုလိုတုံ့ပြန်ပါတယ်။

ဒီမိုကရေစီနည်းလမ်းမကျတဲ့ လုပ်ရပ်ကို အာဏာသိမ်းထားသူတွေ လုပ်ခဲ့တဲ့ကိစ္စအတွက် တာဝန်ခံမှုရှိမယ့် အရေးယူမှုတွေလုပ်ဖို့ အမေရိကန်က အမြဲတမ်း နည်းလမ်းရှာဖွေနေပါတယ်လို့ ပြောသွားတာပါ။ ကနေဒါ၊ ဗြိတိန်အပါအဝင် အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံတချို့၊ မိတ်ဖက်နိုင်ငံတချို့က သူတို့မူနဲ့သူ တုံ့ပြန်ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့တယ်။ အမေရိကန်စီးပွားကူးသန်းဌာနက ပို့ကုန်ကန့်သတ်ထိန်းချုပ်မှုအပြင် စစ်တပ်နဲ့ဆိုင်တဲ့ လုပ်ငန်းတွေအပေါ် နောက်ထပ် ဒဏ်ခတ်အရေးယူမှု နှစ် ခုကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာလုပ်ခဲ့တာကို သူကထပ်ပြောပါတယ်။ အာဏာသိမ်းတဲ့လုပ်ရပ်အတွက် အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေ အထိရောက်ဆုံးဖြစ်အောင် ကမ္ဘာတဝန်းက မိတ်ဆွေနိုင်ငံတွေနဲ့ တိုင်ပင်လုပ်နေတယ်။ နောက်ထပ်လည်း အထိရောက်ဆုံး အရေးယူမှုတွေ လုပ်သွားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က တနင်္လာနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုလိုအမေရိကန်က စစ်အာဏာသိမ်းထားသူတွေကို အရေးယူနိုင်မယ့် နည်းလမ်းရှာနေချိန်မှာပဲ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ထဲမှာရှိတဲ့ စုအသက်မွေးဝမ်းကျောင်းသိပ္ပံရဲ့ တာဝန်ခံ ကိုဇော်မြတ်လင်းဟာ အင်္ဂါနေ့ ကူးပြီး ည ၁ နာရီခွဲလောက်မှာ အဖမ်းခံခဲ့ရပြီးတော့ ဒီနေ့ မနက်မှာတော့ သူသေဆုံးသွားပြီဆိုတာကို မိသားစုကို အကြောင်းကြားခဲ့ပါတယ်။ အခုလို စစ်အာဏာပိုင်တွေ ဖမ်းဆီးခေါ်ဆောင်သွားပြီး နာရီပိုင်းအတွင်းမှာပဲ သေဆုံးခဲ့သူဟာ ကိုဇော်မြတ်လင်း အပါအဝင် နှစ် ယောက်ရှိပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ၇ ရပ်ကွက် ဥက္ကဋ္ဌ ဦးခင်မောင်လတ်ဟာလည်း ၇ ရက်နေ့အစောပိုင်းက ဖမ်းဆီးခံရပြီးတော့ နာရီပိုင်းအကြာမှာပဲ အလောင်းလာယူဖို့ မိသားစုကို စစ်တပ်က အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ လုပ်ငန်းလည်ပါတ်နေတဲ့ 7Days၊ မဇ္စျိမ၊ DVB၊ Myanmar Now နဲ့ ခေတ်သစ်မီဒီယာ လုပ်ငန်းတွေရဲ့ လုပ်ငန်းလည်ပတ်ခွင့်ကို ရပ်ဆိုင်းခဲ့ပြီး နောက် ၁ ရက် ဒီနေ့မှာပဲ သံလျင်မှာရှိတဲ့ မဇ္စျိမရုံးကို အာဏာပိုင်တွေ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ အဲဒီမှာတော့ အဖမ်းအဆီး မရှိပေမဲ့ လှည်တန်းမှာရှိတဲ့ ကမာရွတ်မီဒီယာရုံးခန်းကို စစ်တပ်က ဝင်ရောက်ရှာဖွေပြီး အယ်ဒီတာချုပ် ကိုမောင်မောင်ထွေး (ခေါ်) Nathan Maung နဲ့ အယ်ဒီတာ ကိုဟံသာငြိမ်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ကိုမောင်မောင်ထွေး (ခေါ်) Nathan Maung ဟာ အမေရိကန်နိုင်ငံသားဖြစ်ပါတယ်။

အခုလို အာဏာသိမ်းယူ အုပ်ချုပ်နေသူတွေက သတင်းထောက်တွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေအပေါ် နှိမ်နှင်းနေတာမှာ နာရေးကူညီမှုအသင်းကို တည်ထောင်တဲ့ ဦးကျော်သူနဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ဒေါ်ရွှေဇီးကွက် တို့ကိုလည်း အလှူငွေတွေ အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲသလို အမှုတွေလည်း ဖွင့်ထားပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုတွေကို အားပေးနေတဲ့အတွက် ဦးကျော်သူကို ပုဒ်မ ပ/ ၆၇၊ ၅၀၅ (က) တို့နဲ့ တရားစွဲထားသလို ဒေါ်မြင့်မြင့်ခင်ဖေကို ၅၀၅ (က) တို့နဲ့ တရားစွဲထားပါတယ်။ ပုဒ်မ ပ/ ၆၇ က ဆက်သွယ်ရေးဥပဒေဖြစ်ပြီး၊ ၅၀၅ (က) ကတော့ တပ်မတော် ပြိုကွဲအောင်လှုံ့ဆော်မှု၊ လုပ်ဆောင်မှု ဖြစ်ပါတယ်။

 သူ့မိဘ နှစ် ယောက်လုံးဟာ ပြည်သူလူထုက ယုံကြည်စွာ လှူထားတဲ့ ငွေနဲ့ ဝတ္ထုပစ္စည်းတွေကို ဘယ်တုန်းကမှ ကိုယ်ရေးကိုယ်တာ ကိုယ်ကျိုးအတွက် ငွေတစ်ပြားတစ်ကျပ်ကိုမှ အလွဲသုံးစား မလုပ်ဖူးဘူးလို့ သမီးဖြစ်သူက သူ့ရဲ့ Facebook လုပ်မှုကွန်ယက်ပေါ်မှာ ဒီနေ့ တုံ့ပြန်ပါတယ်။ နာရေးကူညီမှု သက်တမ်းတလျှောက်လုံးမှာ သူတို့ဟာ လူအား၊ အချိန်အား၊ ငွေအားစိုက်ကာ ငွေတစ်ပြားတစ်ကျပ်မှ မယူဘဲ စစ်မှန်‌တဲ့ပရဟိတစိတ်ဖြင့်သာ ပြည်သူများအပေါ်တွင် အလုပ်အကျွေးပြုခဲ့တယ်လို့ သမီးဖြစ်သူက တုံ့ပြန်ထားပါတယ်။ မြန်မာပြည်သူအများသုံးတဲ့ Facebook လူမှုကွန်ယက်ပေါ်မှာလည်း နာရေးကူညီမှုအသင်းက ဦးကျော်သူနဲ့ ဇနီးဖြစ်သူတို့ ငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို မယုံဘူးလို့ တော်တော်များများက ရေးတင်နေကြပါတယ်။

အခုလိုမျိုး စစ်အာဏာသိမ်းမှု ဆန့်ကျင်နေသူတွေ၊ CDM လှုပ်ရှားနေကြသူတွေကို အာဏာသိမ်းထားသူတွေက ဖိနှိပ် ဖမ်းဆီးမှုတွေ လုပ်နေပေမဲ့ မြန်မာနိုင်ငံထဲက မြို့တော်တော်များများမှာ ဆန္ဒပြပွဲတွေ ဆက်လုပ်နေကြပါတယ်။

"သပိတ်၊ သပိတ်... မှောက်၊ မှောက်။ ဆန္ဒ၊ ဆန္ဒ... ပြ၊ ပြ။ အရေးတော်ပုံ... အောင်ရမည်။ အရေးတော်ပုံ.... အောင်ရမည်။"

မန္တလေးမြို့က ဆန္ဒပြသံတွေဖြစ်ပါတယ်။ အလားတူ ထားဝယ်၊ မြိတ်၊ မန္တလေး၊ လွိုင်ကော်၊ မိုးညှင်း၊ ရန်ကုန် စတဲ့တခြားမြို့တွေမှာလည်း ပြည်သူတွေ လမ်းပေါ်ထွက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။ လက်နက်ကိုင် လုံခြုံရေးတွေဘက်က ပစ်ခတ်ဖြိုခွဲလို့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ရန်ကုန်မြို့မှာတော့ စမ်းချောင်းမြို့နယ်ထဲမှာ လုံခြံုရေးတပ်ဖွဲ့တွေ မနေ့ညက ပိတ်ဆို့ ဖမ်းဆီးမှုတွေ ရှိခဲ့ပေမဲ့ ဒီနေ့ ရန်ကုန်မြို့အနှံ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေလုပ်ခဲ့ကြပါတယ်။

"ကျနော်တို့ အခုဆိုရင် ညဘက်တောင်မှ ကောင်းကောင်းမအိပ်ရဘူး။ ကျနော်တို့ လမ်းထဲမှာလည်း ဆန္ဒပြနေကြရတယ်။ ကျနော်တို့လိုပဲ ကျနော်တို့လူငယ်တွေအများကြီးပဲ... သူတို့လည်း ထွက်ချင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့တောင်မှ ကြောက်လို့ မထွက်ဘဲနဲ့ဆိုရင် ကျနော်တို့လူမျိုးအများကြီးရှိရင် ဒီရှိတဲ့အရာကြီးက အဆင်ပြေမှာ မဟုတ်ဘူး။ အဲဒီတော့ တနေ့တနေ့ ကျနော်တို့ မနားတာ ၂၂ ရက်ရှိပြီ ဒီနေ့နဲ့ဆို။ နေ့တိုင်းထွက်တယ်။ ကျနော် ပင်ပန်းပြီဆိုတိုင်း ကျဆုံးသွားတဲ့လူတွေကို ကြည့်ပြီးတော့ ကျနော် အားပြန်တင်းထားတယ်။ ကျနော်တို့ ဒါကို နိုင်အောင်တိုက်ကိုတိုက်မယ်။"

တာမွေမြို့နယ်ထဲမှာ ဆန္ဒပြခဲ့သူတယောက်က ပြောခဲ့တာဖြစ်ပါတယ်။ 


 မစုမြတ်မွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-and-us-state-department/5807613.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ