အမေရိကန် စီးပွားရေးဒဏ်ခတ်မှု စစ်ကောင်စီအပေါ် ဘယ်လောက်ထိရောက်မလဲ (ဆက်သွယ်မေးမြန်းချက်)


မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေကို အမေရိကန်က တနင်္လာနေ့က ယာယီရပ်ဆိုင်းလိုက်တဲ့အထဲမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု နှစ်ခုစလုံးကို တပြိုင်တည်း ပိတ်ပင်လိုက်တဲ့အတွက် စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်မှုကို အတော်လေးထိခိုက်စေမှာဖြစ်တယ်လို့ မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျအစိုးရတရပ် မတက်လာမချင်း အမေရိကန်ဘက်က ဆိုင်းငံ့ထားမယ့် ကုန်သွယ်ရေးပိတ်ဆို့မှုတွေနဲ့ပတ်သက်လို့ အမေရိကန်အခြေစိုက် မြန်မာ့စီပွားရေးပညာရှင် ဦးစိန်ဌေးကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အခုဆိုရင် အမေရိကန် ပြည်ထောင်စုကနေပြီးတော့ မြန်မာနိုင်ငံမှာ စစ်ကောင်စီက လက်ရှိ အကြမ်းဖက် ဖိနှိပ်နေတဲ့ အပေါ်မှာ တဖြေးဖြေးနဲ့ ဒဏ်ခတ်အရေးယူလာတာ အရင်တုန်းကဆိုရင် စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီးတော့ ဒဏ်ခတ်အရေးယူလာတာကနေပြီးတော့ အခု တနင်္လာနေ့မှာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ယာယီရပ်ဆိုင်းလိုက်တယ်ဆိုပြီးတော့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလိုအရေးယူမှုက ဘယ်လောက်အထိ ထူးခြားလဲဆရာ။

ဦးစိန်ဌေး။ ။ အခုဟာက မြန်မာပြည်မှာ ဖြစ်တဲ့အခြေအနေနဲ့ ပတ်သက်လို့ရှိရင် သူတို့ ပိတ်ဆို့မှုက တပြိုင်တည်း ကုန်သွယ်ရေးရော ရင်းနှီးမြှုပ်နှံမှုရော တခါတည်း suspend လုပ်လိုက်တဲ့ အနေအထားရှိတယ်။ ပြင်းထန်တဲ့သဘောပေါ့။ ချက်ချင်းလက်ငင်းကို ထိထိရောက်ရောက်အရေးယူတာ ။ အရင်တုန်းကတော့ ပုဂ္ဂိုလ်တွေ သူတို့ခေါင်းဆောင်တွေပေါ့လေ စစ်ခေါင်းဆောင်တွေကို သူတို့က Target ထားတယ်။ အခုက ဒီစစ်ခေါင်းဆောင်တွေ ယန္တရားကြီးကို မလည်ပတ်နိုင်အောင် အဓိကတော့ အုပ်ချုပ်မှုကို ပံ့ပိုးတဲ့အချက်ဖြစ်တဲ့ ငွေရေးကြေးရေးအပါအဝင် သူ့ရဲ့ ဘဏ္ဍာငွေစီးဆင်းမှု။ တိုင်းပြည်တပြည်မှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာ ငွေကြေးကို ပံ့ပိုးမှု ယန္တရားကြီးရဲ့ လက်နက်ကရိယာတွေပဲ ဒါကို ပိတ်ဆို့လိုက်တဲ့သဘောပဲ။ သူက ပြင်းလည်းပြင်းထန်တယ်။ ဘာကြောင့်ပြင်းထန်သလဲဆိုတော့ အရင်တုန်းကလည်း ပိတ်ဆို့ခဲ့တယ် အရင်တုန်းကလည်း ပိတ်ဆို့မှုထက် အရှိန်အဟုန်မြှင့်ပြီးတော့ ပြောမယ်ဆိုရင် အလွန် အင်မတန် ပြင်းထန်တဲ့အနေအထားမှာ ရှိပါတယ်။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် အရင်က မြန်မာစစ်အစိုးရလက်ထက်မှာ အမေရိကန်က စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်အရေးယူတာနဲ့ အခုဒီ ပိတ်ဆို့အရေးယူတာက ဘာကွာသလဲရှင့်။

ဦးစိန်ဌေး။ ။ အရင် ပိတ်ဆို့မှုလုပ်တုန်းက ၁၉၈၈ နောက်ပိုင်းမှာ ၉ နှစ်လောက်ကြာမှာ စပြီး ပိတ်ဆို့မှုလုပ်တာ ။ စပြီး ပိတ်ဆို့တာကလည်း ရင်းနှီးမြှုပ်နှံမှု Investment ကိုစပြီး ပိတ်တာ ၁၉၉၇ ခုနှစ်မှာ ကြာမှာ ပိတ်တယ်ပေါ့ဗျာ။ နောက် ၂၀၀၃ ကျမှ ပို့ကုန် Import ကို ပိတ်တာ ဆိုတော့ အဆင့်တွေ အဲလိုသွားခဲ့တာ။ စုစုပေါင်း ပိတ်တာကတော့ ၅ ခါ ၆ ခါလောက်ပိတ်တယ်ပေါ့။ ဆိုတော့ ပြောချင်တာက ပထမအကြိမ်ပိတ်ဆို့တုန်းက အချိန်အားဖြင့်လည်း ကြာတယ်၊ ပိတ်ဆို့တာကလည်း တခုချင်း ပိတ်ဆို့တယ်။ ရင်းနှီးမြှုပ်နှံမှုစပိတ်တယ် ၉ နှစ်လောက်ကြာမှာ စပိတ်တယ်။ ပြီးတော့ သွင်းကုန် စပိတ်တယ်။ ပို့ကုန်တော့ မပိတ်သေးဘူး သူက ဒီလို ဖြေးဖြေးချင်း ပိတ်ခဲ့တယ်။ ဒီတကြိမ်ကတော့ တွက်ကြည့်ပါ ၂ လအတွင်းမှာပဲ ကုန်သွယ်မှုရော ရင်းနှီးမြှုပ်နှံမှုရော တခါတည်း ရပ်လိုက်တယ် ရှိတာတွေ ရပ်လိုက်တယ်ဆိုတော့ ဒီပိတ်ဆို့ အရေးယူမှုက အတော်ပြင်းထန်တယ်။

အင်ကြင်းနိုင်။ ။ တဖက်မှာ ကျတော့ မြန်မာနိုင်ငံကဆိုရင် အိမ်နီးချင်း ၊ တရုတ် ၊ ထိုင်း၊ အိန္ဒိယနိုင်ငံတွေက နယ်စပ်ကုန်သွယ်ရေး နောက်ပြီးတော့ ဒေသတွင်း ကုန်သွယ်ရေးတွေ ရှိနေတာဆိုတော့ အမေရိကန်နဲ့ ယှဉ်ရင် ဒီနိုင်ငံတွေရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုက ဘယ်လောက်အထိ ရှိနေသလဲဆရာ။

ဦးစိန်ဌေး။ ။ ပမာဏအားဖြင့် ပြောရင် တရုတ်ပေ့ါဗျာ ။ တရုတ်က ပို့ကုန်မှာပဲဖြစ်ဖြစ် သွင်းကုန်မှာပဲဖြစ်ဖြစ် အများဆုံးတရုတ်က တဝက်လောက်ပေါ့ မြန်မာနိုင်ငံမှာ ပို့ကုန်နဲ့ ပတ်သက်ရင် အမေရိကန်ဒေါ်လာ ပို့ကုန် ၁၁ ဘီလီယံ ဝန်းကျင်မှာရှိတယ် ၁၀ ကျော်တယ်ပေါ့။ အဲဒီလောက်မှာ တဝက်လောက်က တရုတ်ကို သွားနေတာ ဒါက ပို့ကုန်ပိုင်း။ ဒုတိယတော့ ထိုင်း ၊ ပြီးတော့ စင်္ကာပူ၊ အိန္ဒိယ၊ ဂျပန် စသည်ပေါ့နော် ကိုရီးယား၊ ဟောင်ကောင် ပေါ့။ ဒါတွေက အများဆုံးပဲ ဥရောပတို့ အမေရိကန်တို့ကတော့ အရမ်းနည်းပါတယ်။ အမေရိကန် ပို့ကုန်ဆိုရင် တော်တော်ကို နည်းတယ်။ အချိုးချကြည့်ရင် မြန်မာနိုင်ငံရဲ့ ပို့ကုန်မှာ တဝက်လောက်ကတော့ တရုတ်ကို သွားတယ်။ သွင်းကုန်လည်း ဒီသဘောပဲ သွင်းကုန် ၁၃ ဘီလီယံ လောက်မှာ တရုတ်က အများဆုံးရှိတယ် ၅ဘီလီယံ ၆ဘီလီယံ ဒီဝန်းကျင်မှာ ရှိနေတယ်။ ၅၀ ရာခိုင်နှုန်းပေါ့ဗျာ တဝက်လောက်သွားတယ် ပြီးတော့မှ စင်္ကာပူတို့ ထိုင်းတို့ သွားတယ် ပြီးမှ အိန္ဒိယ ။ ဆိုတော့ တရုတ်က အများဆုံးဖြစ်နေတယ် ။ ရင်းနှီးမြှုပ်နှံမှုမှာလည်း ၃ ပုံ ၁ ပုံလောက်ပေါ့ ၂၀ ဘီလီယံ လောက်က တရုတ်က ရင်းနှီးထားတယ် စုစုပေါင်း ။ ပြီးတော့မှ ဒုတိယ လိုက်တာက စင်္ကာပူ ၁၇ ဘီလီယံ လောက်ရှိတယ်။ ထိုင်းက ၁၅ လောက်ရှိတယ်။ အမေရိကန်ကတော့ ၃ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ၂ ခုလုံးကို ခြုံပြောမယ်ဆိုရင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ပို့ကုန်မှာရော သွင်းကုန်မှာရော ခြံုပြောမယ်ဆိုရင် တဝက်လောက်က တရုတ် ကိုအားထားနေရတာ တရုတ်ကို ဆက်ဆံတယ်ပေါ့ ။ ရင်းနှီးမြှုပ်နှံမှုကလည်း ဒီသဘောပါပဲ ရင်းနှီးမြှုပ်နှံတာမှာလည်း မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံတာက တရုတ်က အများဆုံးပဲ။ အမေရိကန်ရဲ့ ပို့ကုန်သွင်းကုန်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် နည်းတဲ့ သဘောတော့ ရှိနေပါတယ်။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် အခု အမေရိကန်ဘက်က မြန်မာနဲ့ သဘောတူညီမှုတွေကို ယာယီ ရပ်ဆိုင်းလိုက်တာကရော ထိရောက်မှု ရှိပါမလားရှင့်။

ဦးစိန်ဌေး။ ။ အဲဒါက စောစောက ကျနော်တင်ပြခဲ့သလိုပေါ့လေ ကုန်သွယ်တဲ့ ပမာဏတို့ ရင်းနှီးမြှုပ်နှံမှုတို့နဲ့ ကြည့်ရင်တော့ တော်တော်နည်းပါတယ်။ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုက နည်းတယ် ။ ဒါပေမယ့် ဘာတွေလဲဆိုတော့ နောက်ထပ် အကျိုးဆက်တွေ ရှိတယ်။ ဆိုတော့ အမေရိကန်နိုင်ငံနဲ့ Indirect ဆက်သွယ်တာတွေရှိတယ်။ အရင်တုန်းက အတွေ့အကြုံအရ ပြောမယ်ဆိုရင် ဥပမာ အထည်လိပ် ပို့တဲ့ ကိစ္စပေါ့နော်။ မြန်မာနိုင်ငံမှာ အများဆုံး အထည်လိပ်က နိုင်ငံခြားဝင်ငွေ ရစေတယ်။ ရတဲ့အခါမှာ အဲဒီ အထည်လိပ် လုပ်ငန်းမှာ ဘာတွေက ကြီးစိုးသလဲဆိုရင် စီးပွားရေး ဦးပိုင်လိမိတက်တို့လို ခရိုနီတွေ လုပ်တဲ့ လုပ်ငန်းတွေရှိတယ်။ အဲဒီလုပ်ငန်းတွေက ပို့တဲ့ ပို့ကုန်တွေဟာ အထည်လိပ် ပို့ကုန်တွေပေါ့ ။ အဲဒီလိုပို့တာတွေက အမေရိကန်ကို ပို့တာမျိုးရှိမယ် ၊ ဥရောပနိုင်ငံတွေကို ပို့တာရှိမယ်။ အဲဒီတော့ အဲဒါမျိုးကို Indirect သွားတဲ့အပိုင်းမှာ ဒီက အမေရိကန်ကို ပို့လို့ မရတာရှိသလို သူတို့ Brand name တွေနဲ့ သွားတဲ့အခါမှာ လိုက်ပိတ်လို့ရတယ် ဒါတချက် ။ နောက်တခုက Indirect ဆိုတာက တဖက်က လှည့်သွင်းလာတဲ့ ကုန်တွေရှိတယ်ဗျာ မြန်မာပစ္စည်းကို အဲဒီအထိ ပိတ်လာတာတွေရှိတဲ့ အခါကျတော့ ဒီအကျိုးဆက်တွေက Indirect ဖြစ်ပါလိမ့်မယ်။ အခုအထိ ဒီမှာ သူတို့ ပိတ်ဆို့လိုက်တာက ဘာလဲဆိုရင် ကုန်သွယ်မှုရယ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် မူဘောင် ၂၀၁၃ က သူတို့ သဘောတူထားတာကို သူက ပိတ်လိုက်တာ ရပ်ဆိုင်းလိုက်တာပေါ့။ ရပ်ဆိုင်းတဲ့အပြင် ပိုထူးခြားတာက မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ GSP ဆိုတဲ့ ကုန်သွယ်မှု အထူးအခွင့်အရေး ၂၀၁၆ မှာ ပြန်ရထားတယ်။ အရင်တုန်းက ပိတ်ထားတာ။ အဲဒီ ရထားတာကို ပြန်ပြီးတော့မှ ကွန်ဂရက်ကနေပြီးတော့ အရေးယူ ဆောင်ရွက်နိုင်အောင်အထိ ရည်ရွယ်တဲ့ ပိတ်ဆို့မှု ရှိတော့ ဒီပိတ်ဆို့မှုသည် နောက်ထပ် အကျိုးဆက် အများကြီး လာပါလိမ့်မယ်။ အထူးသဖြင့် ကျနော်တို့ တင်ပြချင်တာက မှန်တယ် သူတို့ပြောသလိုပဲ အခုလက်ရှိ စစ်ခေါင်းဆောင်တွေ ပြောတာက နိုင်ငံတကာပိတ်ဆို့မှုကို ဂရုစိုက်စရာမလိုဘူး တရားဝင် မီဒီယာမှာ ပြောတယ် ။ “ကျနော်တို့က ကျနော်တို့ကို မပိတ်ဆို့တဲ့လူတွေရှိတယ်” မှန်ပါတယ်။ ဒါက သူတို့ အနေနဲ့ ကြည့်မယ်ဆိုရင် သူတို့ Survival ဖြစ်မှုအတွက်တခုတည်း သူတို့က ဂရုမစိုက်ဘူး။ ခုန စောစောပိုင်းက ကျနော်တင်ပြခဲ့သလို ဒီလို ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှု ပိတ်ဆို့တာက လက်ရှိ စစ်အုပ်စုရဲ့ စစ်ယန္တရားကြီး လည်ပတ်မှုကို ဟန့်တားတဲ့ အဖြစ်အနေအထားအထိ ရောက်သွားနိုင်တဲ့ အတွက်ကြောင့်မို့ ကျနော်တို့ ကြည့်မယ်ဆိုရင်တော့ သိပ်ပြင်းထန်တဲ့ အနေအထားမှာ ရှိပါတယ်။ အထူးသဖြင့်တော့ စီးပွားရေး ထိခိုက်မှု နည်းတယ်လို့ သူတို့ယူဆနိုင်ပေမယ့် တိုင်းပြည်တပြည်ရဲ့ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ သိက္ခာ၊ နိုင်ငံရေး သိက္ခာ၊ စီးပွားရေး သိက္ခာ တွေအားလုံးကတော့ ပျက်စီးတဲ့အနေအထား ရောက်သွားနိုင်တဲ့ အနေအထားရှိလို့ ဒါက အလွန်အတန် ပြင်းထန်တယ်လို့ ကျနော်တို့ အနေနဲ့ သုံးသပ်လို့ ရပါတယ်။


အင်ကြင်းနိုင်/ VOA Burmese

https://burmese.voanews.com/a/us-sanction-on-myanmar-how-much-it-will-affect-the-military-government-/5833437.html

အမေရိကန် စီးပွားရေးဒဏ်ခတ်မှု စစ်ကောင်စီအပေါ် ဘယ်လောက်ထိရောက်မလဲ (ဆက်သွယ်မေးမြန်းချက်) အမေရိကန် စီးပွားရေးဒဏ်ခတ်မှု စစ်ကောင်စီအပေါ် ဘယ်လောက်ထိရောက်မလဲ (ဆက်သွယ်မေးမြန်းချက်) Reviewed by THITHTOOLWIN on 19:20 Rating: 5

No comments:

Powered by Blogger.