လှိုင်သာယာပစ်ခတ်နှိမ်နင်းမှု လူ ၂၀ ဝန်းကျင်သေဆုံးကြောင်း ဆေးရုံနဲ့နီးစပ်သူတို့ကပြော

ဆန္ဒပြသူတွေလုပ်ထားတဲ့အတားအဆီးတွေကို ရဲကမီးရှို့ဖျက်ဆီး

လှိုင်သာယာမှာ ညအချိန်အထိ နေရာအနှံ့အပြားမှာ စစ်တပ်က လိုက်လံပစ်ခတ်နေပါတယ်။

လှိုင်သာယာ အောင်ဇေယျ တံတားထိပ်၊ ယောမင်းကြီးလမ်း၊ ချမ်းသာလမ်း၊ တံတားဖြူ၊ ကျန်စစ်သားအိမ်ရာ၊ မီးခွက်စျေး၊ ၈၆ ဂိတ်ဟောင်း၊ လှိုင်သာယာ ၁၂၄ ရက်ကွက် အစရှိတဲ့နေရာတွေမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရမှု သေဆုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။

လှိုင်သာရွှေလင်ပန်းစက်မှုဇုန်မှာရှိတဲ့ ဂလိုဘယ်ဖက်ရှင် အထည်ချုပ်စက်ရုံ၊ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ၊ ငွေကြယ် 2 စက်ရုံတို့လည်း မီးလောင်ကျွမ်းခဲ့ပြီး အနီးနားကပ်လျက်စက်ရုံတရုံကတော့ တစိတ်တပိုင်းလောင်ကျွမ်းသွားခဲ့ပါတယ်။ တချို့က စစ်တပ်ကမီးရှို့တယ်လို့ပြောဆိုပြီး တချို့ကတော့ အရပ်သားတွေက မီးရှို့တယ်လို့ဆိုကြပါတယ်။ ရပ်ကွက်နေပြည်သူတွေက သူတို့အိမ်တွေဆီမီးကူးမလာအောင် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြပါတယ်။

စနေမ မှတ်တိုင်အနီးက တပ်မတော်ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံမှာတော့ စစ်တပ်က လုံခြုံရေး အများအပြားချထားတယ်လို့လည်း လှိုင်သာယာဒေသခံတွေကပြောပါတယ်။

ဒဏ်ရာရသူလူငယ်လေးတဦးကိုဆေးရုံပို့ရန်သယ်ဆောင်လာစဥ်

မနက်စောစောက အောင်ဇေယျတံတားအနီးမှာ ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့တာပါ။

အောင်ဇေယျတံတားအနီး ၁ ထိပ်မှတ်တိုင်မှာ ဆန္ဒပြသူတွေက အတားအဆီးတွေနဲ့ ပိတ်ပင် ထားခဲ့ပါတယ်။ ရဲကင်းစခန်းနားမှာ နောက်ထပ် အတားအဆီးတခုနဲ့ လမ်းပိတ်ကာကွယ် ထားခဲ့ကြပါတယ်။ ၃ ထိပ်မှတ်တိုင်အနီးမှာလည်း နောက်ထပ် အတားအဆီးတခုနဲ့ ထပ်မံ ပိတ်ဆို့ထားပါတယ်။

လူငယ်တွေဟာ ဒိုင်း၊ ဓာတ်ငွေ့ကာမျက်နှာဖုံး၊ လက်အိတ်တွေ ဝတ်ဆင်ပြီး သပိတ်ကို အကာအကွယ်ပေးဖို့ အဆင်သင့်ပြင်ဆင်စောင့်ဆိုင်းနေခဲ့ကြပါတယ်။

သပိတ်စခန်းကို စည်းသုံးစည်းနဲ့ ကာကွယ်ထားခဲ့တယ်လို့ သပိတ်မှာ ပါဝင်သူ တဦးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ စစ်တပ်ဟာ သပိတ်မှောက်ဆန္ဒပြသူတွေမျှော်လင့်ထားသလို အောင်ဇေယျတံတားပေါ်က ဆင်းမလာဘဲ၊ နောက်ဘက်က ပတ်လာတယ်လို့ ဆိုပါတယ်။

မွန်းတည့် ၁၂ နာရီအချိန်မှာ သပိတ်စခန်းကလူတချို့ ရပ်ကွက်ထဲပြန် မနက်စားကြတဲ့အချိန်မှာ စစ်ကားတွေရောက်လာကြပါတယ်။

ရွှေလင်ပန်းစက်မှုဇုန်မှာ စက်ရုံတချို့မီးလောင်ကျွမ်းနေတာကို အဝေးကမြင်ရ

အဲဒီနောက်လမ်းပိတ်ထားတဲ့ အတားအဆီးတွေကို မီးရှို့ပြီး ပစ်ခတ်နှိမ်နင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ မိန်းကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက နောက်ပြန်ဆုတ်ပြီး လူငယ်တွေက နောက်မဆုတ်ဘဲ တင်းခံနေခဲ့ကြပါတယ်။

ဒိုင်းကိုင်အဖွဲ့ဝင် လူငယ်တယောက်အပါအဝင် လူအချို့ သေနတ်ကျည်ဆံထိမှန် သေဆုံးခဲ့ကြပါတယ်။ တော်တော်များများ ဒဏ်ရာရကြပါတယ်။

“ည ၆ နာရီခွဲ ၇ နာရီလောက်က ဝမ်းတူးဖိုးဘက်မှာ တယောက်ကျသွားပါတယ်။ သေနတ်နဲ့ အဆက်မပြတ်ပစ်ခတ်နေလို့ အလောင်းယူလို့မရပါဘူး။ ယောမင်းကြီးလမ်းဘက်မှာ ၃ ယောက်ကျဆုံးပါတယ်။ ချမ်းသာကြီးလမ်းမှာတော့ ၁ ယောက်ကျဆုံးပါတယ်။ လှိုင်သာယာ ဆေးရုံရဲ့ အတည်ပြုပြောကြားချက်အရ သေဆုံးသူ ၂၁ ယောက်ရှိပါပြီ။ ဒါပေမဲ့ စာရင်းနဲ့ မကိုက်ညီဘဲဖြစ်နေတာက အလောင်း ၄ လောင်းရှာမရဘဲ ပျောက်ဆုံးနေပါတယ်။ အဲဒီထဲမှာ အလောင်းပျောက်ဆုံးနေသူတယောက်က သုံးဘီးမောင်းတဲ့သူပါ။ သုံးဘီးဆိုတာ ဆိုင်ကယ်သုံးဘီးပါ။ အဲဒီသုံးဘီးမောင်းတဲ့သူဟာ ကျဆုံးသွားတယ်ဆိုတာ ကျွန်တော်တို့ သိပေမဲ့ အလောင်းရော သုံးဘီးဆိုင်ကယ်ပါပျောက်ဆုံးနေပါတယ်”လို့ သပိတ်မှာ ပါဝင်သူတယောက်က ဘီဘီစီကို ပြောပါတယ်။

ည ၈ နာရီအချိန်မှာတော့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ကို အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ မာရှယ်လောထုတ်ပြန်လိုက်တယ်လို့ မြန်မာ့ရုပ်မြင်သံကြားက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56395996

လှိုင်သာယာပစ်ခတ်နှိမ်နင်းမှု လူ ၂၀ ဝန်းကျင်သေဆုံးကြောင်း ဆေးရုံနဲ့နီးစပ်သူတို့ကပြော  လှိုင်သာယာပစ်ခတ်နှိမ်နင်းမှု လူ ၂၀ ဝန်းကျင်သေဆုံးကြောင်း ဆေးရုံနဲ့နီးစပ်သူတို့ကပြော Reviewed by THITHTOOLWIN on 03:42 Rating: 5

No comments:

Powered by Blogger.