မန္တလေးဆန္ဒပြမှု ဖြိုခွဲခံရ၊ ၈ ဦးထက်မနည်း သေဆုံး

မန္တလေးမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ဖြိုခွဲခံနေရတဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူများ။ (မတ် ၁၃၊ ၂၀၂၁)

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံအနှံ့ ဆက်ဖြစ်ပွားနေရာမှာ မန္တလေးမှာ သပိတ်ပေါင်းစုံ ထိုင်သပိတ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် ၈ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် ပေးပို့ထားတာကို ကိုသားညွန့်ဦး ပြောပြပါမယ်။

မန္တလေးမှာ ဒီကနေ့ သေဆုံးတဲ့ စာရင်းတွေနဲ့ ပတ်သက်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်ပေးသူတဦးက ဗွီအိုအေကို အခုလို အတည်ပြုပါတယ်။

“၈ ဦးက ကေျနာ်တို့ပို့တာချည်းပဲ ၅ ဦး။ တခြား ပရဟိတအသင်းတွေကလည်း ပို့တာ အကြောင်းကြားတာတွေ ရှိတယ်။ ဒီအတိုင်း ၈ ဦးဆိုပြီး အတည်ပြုထားတာ။ ကျနော်တို့မသိတဲ့ ဖြစ်စဉ်တွေ တချို့နေရာတွေမှာ ဖြစ်သွားတဲ့ဟာတွေက သတင်းတွေ ပျောက်နေတယ်လေ။ အဲ့ဟာတွေက လူနာတောင် ဘယ်တွေရောက်နေမှန်း မသိဘူး။ တချို့ဆို ဘယ်တွေပါသွားမှန်းတောင် မသိဘူး။”

မန္တလေးမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ ကယ်ဆယ်ရေး အရေးပေါ်ဆေးအဖွဲ့က လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းကို အတည်ပြုခဲ့တာပါ။ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်မြင်ကွင်းမှာတော့ သေဆုံးသူတဦးရဲ့ ရုပ်အလောင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သယ်ဆောင်သွားတာကိုလည်း တွေ့ရသလို သေဆုံးသူ တင်ဆောင်ထားတဲ့ ပရဟိတ ကားတစီးကိုလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မောင်းနှင်ယူဆောင်သွားပါသေးတယ်။ ဒါကြောင့် သေဆုံးသူစာရင်းတွေ ထပ်တိုးနိုင်ပါသေးတယ်။

မန္တလေးမြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်ပေါင်းစုံ ထိုင်သပိတ် ပြုလုပ်နေချိန်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မျက်မြင်တွေ့ရှိသူတဦးကလည်း ဗွီအိုအေကို အခုလိုပြောပါတယ်။

“၄၁ စိန်ပန်းလမ်းထောင့် အဲ့မှာ အထိုင်သပိတ်လုပ်တာ။ အဲ့မှာ ထိုင်သပိတ်လုပ်ရင်း ဟောပြောပွဲတွေလုပ်ကြ၊ ဆန္ဒတွေပြကြတော့ ကျနော်တို့ ၄၁ ထိပ်ကနေ ပိတ်တယ်။ စိန်ပန်းလမ်းမကနေ တက်လာတယ်။ ၄၁ အနောက်ထိပ် ညစျေးခေါ်မှာပေါ့ အဲ့ကနေစပြီးတော့ သူတို့ဖြိုခွဲတာပေါ့။ ပစ်ခတ်တာကတော့ မျက်ရည်ယိုဗုံးတွေ ခွဲတယ်၊ အသံဗုံးတွေ ခွဲတယ်၊ ကျည်အစစ်တွေနဲ့ ပစ်တယ်။ အဲ့မှာ တယောက်က လိုင်းပေါ်မှာလည်း တွေ့မှာပါ ခေါင်းပွင့်သွားတယ်ပြောတယ်။ ကျနော်တို့ အနောက်ဘက်လမ်းက ကောင်မလေးတယောက်ဆိုရင် အိမ်ထဲမှာပဲ နေတာ။ အနောက်ထိပ်ကနေ လှမ်းပစ်လိုက်တာ ဗိုက်ကို ရှပ်မှန်တယ်လို့ ကြားတယ်။”

အခု မတ်လ ၇ ရက်နေ့ကလည်း သပိတ်ပေါင်းစုံ ငြိမ်းချမ်းစွာ စုဝေးပြီး ထိုင်သပိတ် ပြုလုပ်နေတာကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့တာကြောင့် လူ ၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ မန္တလေးမှာ စစ်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ စတင်တဲ့ အချိန်ကစလို့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိပြီး ဒီကနေ့ သေဆုံးတာကတော့ အများဆုံးသေဆုံးတာ ဖြစ်ပါတယ်။

အကြမ်းဖက် ဖြိုခွင်းပစ်ခတ် ဖမ်းဆီးတာတွေ ရှိနေပေမယ့် မြို့အနှံ့ နေရာတော်တော်များများမှာ ဆန္ဒပြမှုတွေ ဆက်ရှိခဲ့သလို ညဘက်မှလည်း ဖယောင်းတိုင်မီးတွေ ထွန်းပြီး ညသပိတ် ပြုလုပ်နေကြပါတယ်။


သားညွန့်ဦး/ VOA Burmese

https://burmese.voanews.com/a/mandalay-protests-crack-down/5813127.html

မန္တလေးဆန္ဒပြမှု ဖြိုခွဲခံရ၊ ၈ ဦးထက်မနည်း သေဆုံး မန္တလေးဆန္ဒပြမှု ဖြိုခွဲခံရ၊ ၈ ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 09:01 Rating: 5

No comments:

Powered by Blogger.