မူဆယ် လူထုသပိတ် ဖြိုခွင်းခံရ နှစ်ဦး ကျည်အစစ် ထိမှန်၊ နှစ်ဦး ရာဘာကျည်ထိ


မတ် (၈) ရက် ၂၀၂၁

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် လူထုသပိတ်စစ်ကြောင်း ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့သည် ကျည်အစစ် အသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့်  အမျိုးသား နှစ်ဦး ကျည်ထိမှန်ခံရပြီး၊ နှစ်ဦးမှာ ရာဘာကျည်ထိမှန်ကြောင်း  သတင်းရရှိသည်။

ဖြစ်စဉ်မှာ မူဆယ်မြို့  ဟိုနားရပ်ကွက် မြို့ရှောင်လမ်းတွင် ပြုလုပ်သည့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ဖွဲ့မှ ဖြိုခွင်းခဲ့ရာ ၂ဦး ကျည်အစစ်ထိမှန်ပြီး၊ ၂ဦးရာဘာကျည်ထိမှန်ခဲ့ကြောင်း မူဆယ် သပိတ်စစ်ကြောင်းတွင် ပါဝင်သူများထံသိရသည်။

“ ကျည်အစစ်ထိမှန်သူတဦးက စိုးရိမ်ရတယ်။ တဦးကတော့ မစိုးရိမ်ရဘူး။ သူတို့ ၂ဦးကိုတော့ လားရှိုးဆေးရုံပို့နေပါတယ်။ ကျန်ရာဘာကျည်ထိမှန်တာကတော့ မူဆယ်မှာပါပဲ” ဟု ကျည်ထိမှန်သူများကို ကူညီပေးနေသည့် သူတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် ယနေ့ မှာ အင်အားသုံးဖြိုခွင်းပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုများပြုလုပ်ကြောင်းလည်း မူဆယ်ဒေသခံများက ပြောသည်။

“ သေနတ်သံကတော့ ဘယ်နှချက် ပစ်လည်းမသိဘူး။ ရမ်းပြီးပစ်နေတာပဲ။ တော်တော်ဆိုးတယ်။ ပြည်သူတွေ ငြိမ်းချမ်းစွာဆန္ဒပြနေတာကို တမြင်လုပ်နေကြတာပါ” လို့ မူဆယ်ဒေသခံ စိုင်းအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့သည် တရုတ်နယ်စပ်မြို့ ဖြစ်ပြီး အဓိက ကျသည့် ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်သည့်အတွက်  မူဆယ်ဒေသခံ ပြည်သူများအနေဖြင့် စစ်အာဏာရှင်ကို ဆက်လက်ပြီး တော်လှန်ရန်လိုအပ်ကြောင်းလည်း စိုင်းအောင် က ပြောသည်။

ယမန်နေ့ (မတ် ၇)ရက်တွင်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ မှ မူဆယ်မြို့ ပြည်သူ့ဆေးရုံအတွင်း တပ်လာရောက်စွဲကြောင်း သိရသည်။

ထို့အပြင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်တဦး ကို ရဲတပ်ဖွဲ့ မှ (၅)ရက်ကြာ ဖမ်းဆီးခဲ့ပြီး နေအိမ်သို့ရုပ်အလောင်း ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ရှိ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်သူ တစ်ဦးကို ရဲမှ (၅) ရက်ကြာ ဖမ်းဆီးသွားပြီး မတ်လ (၅) ရက်နေ့တွင် ထိုသူ၏ ရုပ်အလောင်းကို နေအိမ်သို့ ပြန်ပို့ပေးခဲ့ကြောင်း သတင်းရရှိသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

မူဆယ် လူထုသပိတ် ဖြိုခွင်းခံရ နှစ်ဦး ကျည်အစစ် ထိမှန်၊ နှစ်ဦး ရာဘာကျည်ထိ မူဆယ် လူထုသပိတ် ဖြိုခွင်းခံရ နှစ်ဦး ကျည်အစစ် ထိမှန်၊ နှစ်ဦး ရာဘာကျည်ထိ Reviewed by THITHTOOLWIN on 01:17 Rating: 5

No comments:

Powered by Blogger.