မြိတ်က ဆန္ဒပြသူတွေ ဖမ်းဆီးခံထားရချိန် ရိုက်နှက်ခံရ

မြိတ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာပါဝင်ရင်း စစ်တပ်နဲ့ရဲရဲ့ ဖြိုခွင်းမှုကြောင့် ထိန်းသိမ်းခံရချိန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ထိုးနှက်နှိပ်စက်မှုတွေခံခဲ့ရတဲ့အကြောင်း ထိန်းသိမ်းခံရာကနေ အကြောင်းအမျိုးမျိုးနဲ့ ပြန်လွတ်လာသူတွေက ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်မှုတွေကို ခံခဲ့ရသူတွေဟာ မတ်လ ၉ ရက်ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ရင်း ပြန်လွတ်လာသူ မိန်းကလေး တစ်ဦးကတော့ သူတို့ အဖမ်းခံရတဲ့အခြေအနေကို အခုလို ပြောပြပါတယ်။

'အိမ်ထဲမှာပုန်းနေတဲ့အချိန် အပြင်မှာ သေနတ်တွေနဲ့ပစ်တယ်။ အိမ်ရှင်တွေကလည်း ဖွင့်မပေးတော့ အကုန်ကန်ကျောက်ပြီး သူတို့က ပြေးဝင်လာတယ်။ အိမ်က လေးမျက်နှာရှိတယ်ဆိုရင် လေးမျက်နှာလုံးက အိမ်တွေကို ဝင်တာ။ အနောက်ပေါက်တဲ့နီးတော့ ဝင်လာတဲ့ရဲနဲ့ ထိပ်တိုက်တွေ့တယ်။ သူဝင်လာတာသိလို့ နောက်ပြန်လှည့်ချိန်မှာ ရော်ဘာကျည်နဲ့ ၂ ချက်ပစ်ခံရတယ်။ ကိုယ့်ကို ပစ်မှန်းလည်း မသိဘူး။ ပစ်သံကြားတော့ ထူပူနေတာ။ မီးခိုးဗုံးတွေလည်း ပစ်ထားတော့လေ။ နောက်မှ လည်ပင်းသွေးထွက်နေမှန်း သိလို့ အဝတ်ပိုင်းလေးနဲ့ အုပ်ထားခဲ့ရတယ်' လို့ ရော်ဘာကျည် ထိမှန်ခဲ့တဲ့ မိန်းကလေးတစ်ဦးက ပြောပါတယ်။

အဲဒီကနေ စစ်ကားပေါ်တက်၊ မြိတ်လေတပ်ထဲ ခေါ်သွားချိန် လည်ပင်းက အတော်နက်တဲ့ အပေါက် နှစ်ပေါက် သွေးထွက်တဲ့ ဒဏ်ရာအတိုင်းနေနေရတာ နာရီနဲ့ချီကြာပြီးမှ တပ်ဆေးခန်းကို လိုက်ပို့ခဲ့တယ်လို့ သူက ဆက်ပြောပြပါတယ်။



လေတပ်ထဲ ထိန်းသိမ်းခံရချိန် ဆန္ဒပြ လူငယ်ယောက်ျားလေးတွေ ရိုက်နှက်ခံရတာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ သူကပြောပါတယ်။

'မိန်းကလေး၊ ယောက်ျားလေး အခန်းခွဲတော့ ယောက်ျားလေးတွေ အားလုံးကို အင်္ကျီချွတ်ခိုင်းပြီး ရိုက်နေတာကိုမြင်ရတယ်။ အခန်းက မျက်နှာချင်းဆိုင် ကပ်လျက်ဖြစ်နေတာကိုး။ နောက်တော့ ဒီဘက်က ကြည့်နေတာမြင်တော့ သူတို့က တံခါးပိတ်ပြီး ဆက်ရိုက်နေတယ်။ ဒါပေမဲ့ အော်သံ၊ ငိုသံတွေက ကြားနေရတုန်းပဲ၊ အများစုကတော့ စစ်သားတွေ လုပ်တာ။ မိန်းကလေးတွေကို အကုန်ရိုက်နှက်တာမျိုးမရှိပေမဲ့ မိန်းကလေးတစ်ယောက်ဆို သေနတ်တုတ်နဲ့အရိုက်ခံရတာ ခေါင်းကွဲလို့ ငါးချက် ချုပ်လိုက်ရတယ်။ တပ်ဆေးခန်းသွားပြတော့ အတူတူပဲ'

ထိန်းသိမ်းခံရချိန် နာရီပိုင်းအတွင်း စိတ်ပိုင်းဆိုင်ရာထိခိုက်စေမယ့် စကားလုံးကြမ်းကြမ်းတွေ အပြောခံခဲ့ရတဲ့အကြောင်းလည်း သူက ဆက်ပြောပြပါတယ်။ ' နင်တို့တွေကို ထောင်ချပစ်လိုက်လု့ိရတယ်၊ ရောင်းစားလိုက်လို့ရတယ်၊ နင်တို့တွေ ဒီမိုကရေစီဆိုတာ ဘာသိလို့လဲ။ နင်တို့တွေ နောက်ထပ်မတွက်နဲ့ ဆိုတာမျိုး အစုံပဲပေါ့ ပြောတာ'

အဲဒီနေ့က ထိန်းသိမ်းခံရသူတွေထဲမှာ အသက်မပြည့်တဲ့မိန်းကလေးတွေ၊ တက္ကသိုလ်ကျောင်းသူတွေကို မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ရပ်ကွက်လူကြီးတွေက အာမခံပြီး ပြန်ထုတ်ပေးလို့ လွတ်လာပေမဲ့ မိန်းကလေး ၆ ယောက် ကျန်ခဲ့တယ်လို့ သူက ပြောပါတယ်။

ယောက်ျားလေးတွေဘက်မှာတော့ အသက်မပြည့်သေးသူတချို့ရယ်၊ အာဏာပိုင်တွေနဲ့ နီးစပ်သူတချို့ရယ်ပဲ ပြန်လွတ်လာပြီး ယောက်ျားလေး ၂၉ ယောက် ကျန်ခဲ့ပါတယ်။

ဆယ်တန်းဖြေပြီးစ အသက် မပြည့်သေးလို့ ကျောင်းအုပ်ကြီးရဲ့အာမခံနဲ့ ထိန်းသိမ်းခံရာကနေ ပြန်လွတ်လာသူ လူငယ်တစ်ယောက်ကလည်း ထိန်းသိမ်းခံရချိန် ရိုက်နှက်ခံခဲ့ရတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

'လက်နှစ်ဖက်ကို ခေါင်းပေါ်တင်ပြီး ဒူးထောက်၊ ခေါင်းငုံ့ထားရတယ်။ အစကတော့ ကျွန်တော်တို့ကို သူတို့ ရိုက်တယ်၊ ပြီးတော့ အင်္ကျီချွတ်ခိုင်းပြီး ရိုက်တယ်၊ ထိုးတယ်၊ ကန်တယ်။ ရိုက်တဲ့အချိန်မှာ ဆဲလည်းဆဲတယ်။ စစ်ခွေးလို့ ခေါ်ဦးမလား ဘာညာ။'

ပြန်လွတ်လာသူ အမျိုးသား နောက်တစ်ဦးကလည်း လေတပ်ထဲမှာ အဖမ်းခံရချိန် ငါးယောက်တစ်အုပ်စုခွဲ ပုံစံထိုင်ခိုင်းပြီး ချိန်းကြိုးတွေနဲ့ ရိုက်နှက်ခံခဲ့ရတဲ့အကြောင်း၊ ခေါင်းငုံ့ထားရလို့ မျက်နှာမမြင်ပေမဲ့ ယောက်ျားလေးတွေကို ရိုက်နေသူတွေဟာ စစ်ဖိနပ် ဝတ်ထားသူတွေ၊ လုံချည်ဝတ်ထားသူ နှစ်ယောက်ခန့်ကို သတိထားမိခဲ့တဲ့အကြောင်း ပြန်ပြောပြပါတယ်။

'ကျွန်တော်ဆို လာထုတ်မယ့်သူ မလာခင်အထိ တစ်နာရီခွဲလောက်က မရပ်မနားအရိုက်ခံခဲ့ရတယ်။ သူတို့က အလှည့်ကျနဲ့ ရိုက်တာ။ လေးခွ နဲ့ ဇက်ကို လွှဲအရိုက်ခံခဲ့ရလို့ အခုထိ ဇက်လှည့်လို့မရသေးဘူး။ အရက်နံ့လည်းရတယ်။ သူတို့အချင်းချင်းစကားပြောတာ ကြားရတာ ဒေသခံမဟုတ်တဲ့သူတွေ။ ဒေသခံဆိုရင်တော့ အသံဝဲတာကို ကျွန်တော်တို့ သတိထားမိတယ်။

အဲဒီနေ့က ဆန္ဒပြပွဲမှာ ထိန်းသိမ်းခံခဲ့ရသူ လူငယ်တွေ အယောက် ၃၀ ကျော်ကို နောက်နေ့ မတ်လ ၁၀ ရက်မှာ ဗီဒီယို ကွန်းဖရန်းဇင်းနဲ့ ရုံးထုတ်ခဲ့ပြီး ပုဒ်မ ၂ ခု တပ်ပြီး တရားစွဲလိုက်တဲ့အကြောင်း တရားသူကြီးက ဖတ်ကြားတာ ကြားခဲ့တယ်လို့ ဒီလူငယ်တွေအရေး ကူညီပေးနေသူတွေက ဘီဘီစီကို အတည်ပြုပါတယ်။ အဲဒီလူငယ်တွေကို လက်ရှိမှာ မြိတ်အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားပါတယ်။

သူတို့ရဲ့ ရုံးချိန်း နှစ်ပတ်ပေးထားတာကြောင့် နောက်တစ်ကြိမ်ရုံးချိန်းကိုတော့ မတ်လ ၂၃ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56365052

မြိတ်က ဆန္ဒပြသူတွေ ဖမ်းဆီးခံထားရချိန် ရိုက်နှက်ခံရ  မြိတ်က ဆန္ဒပြသူတွေ ဖမ်းဆီးခံထားရချိန် ရိုက်နှက်ခံရ Reviewed by THITHTOOLWIN on 07:18 Rating: 5

No comments:

Powered by Blogger.