ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဘဏ်ဝန်ထမ်းများသို့ အထူးမေတ္တာရပ်ခံ တိုက်တွန်းချက်


ကြေညာချက်အမှတ်(၆/၂၀၂၁)

၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း (၁၂) ရက်

(၂၀၂၁ ခုနှစ်၊ မတ်လ ၂၄ ရက်)


ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဘဏ်ဝန်ထမ်းများသို့ အထူးမေတ္တာရပ်ခံ တိုက်တွန်းချက်


၁။ အကြမ်းဖက်စစ်အုပ်စုမှ အာဏာလုယူလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းများနည်းတူ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဘဏ်ဝန်ထမ်းများအနေဖြင့် ပြည်သူ့အာဏာဖီဆန်မှု လုပ်ငန်းစဉ် (CDM) တွင် တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် အသိအမှတ်ပြု လေးစား ဦးညွှတ်ပါသည်။

၂။ ပြည်သူ့အာဏာဖီဆန်မှုလုပ်ငန်းစဉ် (CDM) ဆိုသည်မှာ လက်နက်အားကိုးဖြင့် အနိုင်ကျင့်သော အရိုင်းအစိုင်း အာဏာရှင်များ ၏ စက်ဆုပ်ဖွယ် အကြမ်းဖက်လုပ်ရပ်များအား ယဉ်ကျေးသည့်လူအဖွဲ့အစည်းက ပညာဉာဏ်ဖြင့် အာခံတော်လှန်သည့် မွန်မြတ်    ထိရောက်သော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။

၃။ ယခုအခါ အဆင်အခြင်မဲ့ လက်နက်ကိုင် အကြမ်းဖက်စစ်အုပ်စုသည် (CDM) လှုပ်ရှားမှုကြောင့် မျှော်လင့်မထားသည့် အကျပ်အတည်း၊ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရသည့်အတွက် ယင်းတို့၏ အလေ့အထများအတိုင်း ဆင်ခြင်တုံတရား ကင်းမဲ့စွာ ဉာဏ်နည်းစွာဖြင့် ဘဏ်လုပ်ငန်းရှင်များနှင့် ဘဏ်ဝန်ထမ်းများအပေါ်  နည်းလမ်းပေါင်းစုံဖြင့် ဖိအားပေး ခြိမ်းခြောက်မှုများ ဆောင်ရွက်လျက်ရှိပါသည်။

၄။ နိုင်ငံ့ဝန်ထမ်းပြည်သူများသည် (CDM) လှုပ်ရှားမှုကြောင့် နေအိမ်လိုင်းခန်းများမှ အတင်းအကျပ် ဖယ်ရှားနှင်ချခံရမှု၊ အကျပ် ကိုင်ခြိမ်းခြောက်ဖမ်းဆီးခံရမှု၊ အသက်အန္တရာယ်ထိပါးနေမှုများ ရှိနေသည့်တိုင် အကြမ်းဖက် စစ်အုပ်စုအား အညံ့မခံဘဲ ရဲဝံ့စွန့်စား စွာ မဆုတ်မနစ် အာခံတော်လှန်နေသည့် အချိန်တွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဘဏ်ဝန်ထမ်းများ အနေဖြင့်လည်း (CDM) လှုပ်ရှားမှုအား အရှိန်အဟုန်မပျက် ဆက်လက်ဖိအားပေးဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။

၅။ သို့ပါ၍ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဘဏ်ဝန်ထမ်းများအနေဖြင့် အာဏာရှင်တော်လှန်ရေး နွေဦးလမ်းမများပေါ်တွင် ပေးဆပ်အသက်စွန့်သွားရသော အရွယ်သုံးပါး အာဇာနည်ပြည်သူများ၊ အသက်အိုးအိမ်စည်းစိမ် ထိပါးလာသည့်တိုင် ကြံ့ကြံ့ခံ အံတုရင်ဆိုင်လျက်ရှိသော ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့်အတူ မားမားမတ်မတ် လက်တွဲ၍ အဆင်အခြင်မဲ့ အရိုင်းအစိုင်း အကြမ်းဖက်စစ်အုပ်စု၏ အမိန့်ညွှန်ကြားချက်၊ အကျပ်ကိုင် ခြိမ်းခြောက်မှုများအား လက်မခံငြင်းဆန်လျက် (CDM) လှုပ်ရှားမှုဖြင့် ဆက်လက်တိုက်ပွဲဝင်သွားရန် အလေးအနက် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။


Committee Representing Pyidaungsu Hluttaw - CRPH

https://www.facebook.com/crph.official.mm/

ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဘဏ်ဝန်ထမ်းများသို့ အထူးမေတ္တာရပ်ခံ တိုက်တွန်းချက် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များနှင့် ဘဏ်ဝန်ထမ်းများသို့ အထူးမေတ္တာရပ်ခံ တိုက်တွန်းချက် Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.