စစ်ကောင်စီက ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ငါးမြို့နယ်ကို စစ်မြေပြင်လို ဖိနှိပ်နေ



အာဏာသိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ခြိမ်းခြောက် ပစ်ခတ်တာတွေ ရှိနေသလို၊ လမ်းသွားလမ်းလာပြည်သူတွေကိုပါ စစ်ဆေးဖမ်းဆီးတာ၊ ပစ္စည်းတွေ အဓမ္မသိမ်းတာတွေ ရှိနေပါတယ်။ အဲဒီအပြင် စစ်အုပ်ချုပ်ရေးလို့ ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာ လူတွေအပြင်ထွက်ဆန္ဒမပြရဲအောင် ရပ်ကွက်တွေ လမ်းတွေထဲကို ပစ်ခတ်တာတွေရှိနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ဒါဟာ လူ့အခွင့်အရေးကို အကြီးအကျယ်ချိုးဖောက်တာဖြစ်ပြီး ကျူးလွန်သူတွေ နောင် တစ်ချိန်မှာ အရေးယူခံရမယ်လို့ လေ့လာသူတွေက ထောက်ပြပါတယ်။

ရန်ကုန်တိုင်းမှာ စစ်တပ်နဲ့ ရဲကို တင်းတင်းမာမာ အန်တုရင်ဆိုင်ခဲ့တဲ့ မြို့နယ် ခြောက်မြို့နယ်ကို စစ်ကောင်စီ က စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက်မှာတော့ လှိုင်သာယာမြို့နယ်မှာ နေ့ရောညပါ အကြောင်းမဲ့ ပစ်ခတ် ခြိမ်းခြောက် ဖမ်းဆီးတာတွေ လုပ်နေပါတယ်။

၁၃ ရက်နေ့က ဆန္ဒပြပွဲကို အာဏာသိမ်းစစ်ကောင်စီရဲ့ သြဇာခံတပ်တွေက ပြင်းပြင်းထန်ထန် အကြမ်းဖက် ဖြိုခွဲလို့ သွေးထွက်သံယို အများဆုံးဖြစ်ရတဲ့နေ့တစ်နေ့အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ နောက်တစ်နေ့ မတ်လ ၁၄ ရက်နေ့ကစလို့ လှိုင်သာယာနဲ့ ရွှေပြည်သာကို စစ်အုပ်ချုပ်ရေး ကြေညာ လိုက်တာပါ။

မနေ့က မတ်လ ၁၆ ရက်နေ့မှာတော့ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေနဲ့ ကားတွေကို စစ်ဆေးပြီး လက်နက် လို့ ယူဆရတဲ့အရာတွေပါရင် ဖမ်းဆီးနေတယ်လို့ လှိုင်သာယာ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

အဲဒီလို ကိုယ့်နေရပ်ကိုယ် ပြန်တဲ့သူတွေကိုပါ စစ်တပ်နဲ့ရဲက လမ်းဆုံတွေ စစ်ဆေးနေပြီး မော်တော်ဆိုင်ကယ် တွေ၊ ကားတွေကို သိမ်းတာမျိုးတွေရှိနေတယ်လို့ လှိုင်သာယာမြို့မှာ နေထိုင်သူတစ်ဦးက သူတို့ ရပ်ကွက် အခြေအနေကို ပြောပါတယ်။

မနေ့ညကတော့ လှိုင်သာယာမြို့နယ်က တချို့နေရာတွေမှာ ဖမ်းဆီးပေါ်တာဆွဲတာတွေရှိနေတယ်လို့ ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ RFA က စုံစမ်းမေးကြည့်ပေမယ့် အတည်ပြု ပြောဆိုနိုင်တဲ့သူ မရှိသေးပါဘူး။ တယ်လီဖုန်း အင်တာနက်တွေကို စစ်ကောင်စီက ဖြတ်တောက် ထားတဲ့အတွက်လည်း အရင်လို အချိန်နဲ့တစ်ပြေးညီ သတင်းတွေရဖို့ ခက်ခဲနေပါတယ်။

လက်ရှိမှာတော့ လှိုင်သာယာမြို့နယ်မှာ သောက်သုံးရေ ပြတ်နေပြီး သွားလာရေး ခက်ခဲတာကြောင့် စားသောက်ကုန်တွေလည်း ရှားပါးပြတ်လတ်တာတွေ ရှိနေပါတယ်။ အခုလိုအခြေအနေကြောင့် အလုပ်သမား သန်းနဲ့ချီရှိတဲ့ လှိုင်သာယာမြို့နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးသူတွေ တစ်နေ့တစ်ခြား များလာနေပါတယ်။

မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာမြို့နယ်တွေကိုလည်း မတ်လ ၁၅ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။ ဒါကြောင့် အဲဒီမြို့နယ်တွေမှာ ဆန္ဒပြပွဲတွေ မရှိသလောက် နည်းသွားပေမယ့်၊ လူစုမြင်တာနဲ့ စစ်တပ်နဲ့ရဲက ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာဆို မကြာခဏ ပစ်ခတ်နေတာကြောင့် လူစုလို့မရအောင်ဖြစ်နေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"ဆန္ဒပြပွဲက လုံးဝကို မရှိတော့တာ။ လူစုလို့ကို မရဘူး။ တော်တော် ထိခိုက်ထားတာက ဟိုနေ့ကမှ ထိခိုက်ထားတာဆိုတော့ ဆန္ဒပြဖို့လူမရှိဘူး။ ဆန္ဒပြမယ့်လူတွေကလည်း လူခွဲဲပြီးတော့ အကုန်ငြိမ်သက် နေတယ်။ စစ်ကားတွေကတော့ ဟိုသွားဒီသွား ရှိတယ်။ ပြည်သူတွေကတော့ သိပ်မရှိတော့ဘူး။ ညဆို ၇ နာရီလောက်က စပြီးပစ်တယ်။ တောက်လျှောက်ပဲ။ ကျွန်တော်ထင်တာကတော့ သူတို့ ကားနဲ့ မဟုတ်ဘူး။ လမ်းလျှောက်ပြီးတော့ ပစ်နေကြတာ။ နေရာစုံက ကြားရတယ်။ အသံကတော့။"

မြောက်ဒဂုံမြို့နယ်မှာဆိုရင် အိမ်တွေထဲအထိ ဝင်ပစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

"ဒီနေ့မနက်ကဆိုရင် မြောက်ဒဂုံမှာ ၉ နာရီခွဲလောက်က ၃၅ ရပ်ကွက်မှာ စစ်တပ်က စပစ်တယ် ပေါ့ဗျာ။ သူတို့ကတော့ လမ်းရှင်းတယ်လို့ ပြောတာပဲ။ ရပ်ကွက်ထဲ အိမ်တွေထဲထိ ဝင်ပစ်တဲ့ အနေအထားပဲဗျ။ အပြင်ကိုတောင် မထွက်ရဲကြဘူး ဖြစ်နေကြတယ်။ ဒါကအခုလောလောဆယ် မြောက်ဒဂုံမှာ ဖြစ်နေတာ။ မနက်ကဆို စစ်ကားအများကြီးနဲ့ တော်တော်များများ ပစ်သွားတယ်။ ထိတာ၊ မထိတာက သတင်းက တက်မလာတော့ ဘယ်လိုပြောရမှန်း မသိဘူးဖြစ်နေတယ်။"

စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ သူတို့အာဏာ တည်မြဲရေးအတွက် အစွမ်းကုန် လူ့အခွင့်အရေး ချိုးဖောက် နေတာလို့ လူ့အခွင့်အရေးဆောင်ရွက်နေတဲ့ Fortify Right အဖွဲ့က ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။

"သူတို့ကတော့ စစ်ကောင်စီရဲ့ အာဏာတည်မြဲရေးအတွက်ကို အစွမ်းကုန် ယုတ်မာပြီးတော့ လူ့ အခွင့် အရေး ချိုးဖောက်မှုတွေကို တောက်လျှောက်ကျူးလွန်နေတာ။ အဓိကက အကြမ်းဖက်တာတွေ သုံးရတဲ့ ရည်ရွယ်ချက်က ဆန္ဒပြတဲ့ ပြည်သူလူထုကနေပြီး ကြောက်ရွံံ့ပြီးတော့ နောက်ဆုတ်သွားအောင် ရည်ရွယ် ပြီးတော့ လုပ်တာ။ ဒါပေမဲ့ အခုအချိန်မှာ ပြည်သူလူထုက မကြောက်သွားဘူး။ ကြောက်ရွံ့မှုကို တွန်းလှန် နေတာကို တွေ့ရတဲ့အတွက်ကြောင့် ပိုပြီးတော့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့အတူ အကြမ်းဖက်တဲ့ လုပ်ရပ်တွေ၊ ပေါ်တာဆွဲတာတွေ၊ မတရားဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်ပြီးတော့ ကျူးလွန်နေတာ။"

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အပါအဝင် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေ၊ သတင်းထောက်တွေကလည်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေကို စုဆောင်း မှတ်တမ်း တင်နေတဲ့အတွက် ကျူးလွန်တဲ့သူတွေက နောင်တစ်ချိန်မှာ သေချာပေါက် ခုံရုံးတင်ခံရ၊ အပြစ်ပေး အရေးယူ ခံရမယ်လို့ သူကပြောပါတယ်။

ဒေသခံတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ထောက်ပြဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ ပေမယ့် လက်ခံ ဖြေဆိုတာမရှိပါဘူး။

RFA က သီးခြားပြုစုထားတဲ့စာရင်းအရ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွဲလို့ သေဆုံးရတဲ့သူ အနည်းဆုံး ၁၈၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ အဖမ်းခံရသူက ၂၀၀၀ ကျော်ရှိတယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့ရော၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန် ထားပါတယ်။ ဒဏ်ရာရလို့ ကိုယ်လက်အင်္ဂါထိခိုက်ချို့ယွင်းရတဲ့စာရင်းကိုတော့ မပြုစုနိုင်ကြသေးပါဘူး။ အခုဒီသတင်းကို နောက်ဆုံးရေးသားတဲ့ မြန်မာစံတော်ချိန် ၃ နာရီထိ ဒီနေ့အတွက် အသေအပျောက် သတင်း မသိရသေးပါဘူး။

RFA Burmese



စစ်ကောင်စီက ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ငါးမြို့နယ်ကို စစ်မြေပြင်လို ဖိနှိပ်နေ စစ်ကောင်စီက ရန်ကုန်တိုင်း လှိုင်သာယာနဲ့ ငါးမြို့နယ်ကို စစ်မြေပြင်လို ဖိနှိပ်နေ Reviewed by THITHTOOLWIN on 23:41 Rating: 5

No comments:

Powered by Blogger.