စစ်အာဏာသိမ်းအပြီး အခုထိ သေဆုံးသူ ၇၃ ဦး ရှိ


မြန်မာနိုင်ငံအနှံ့မှာ ဖြစ်နေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေကို အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲသားတွေက ဆက်လက် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းနေတဲ့အတွက် မနေ့က မတ်လ ၁၁ ရက် တရက်ထဲမှာပဲ ဆန္ဒပြသူ အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ပါတယ်။ မနေ့က ထိခိုက်သေဆုံးမှု အများဆုံး ကြုံခဲ့ရတဲ့ မြို့ကတော့…. မကွေးတိုင်း၊ မြိုင်မြို့ပါတယ်။ ဆန္ဒပြသူ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦး ဝန်းကျင်ရှိကြောင်း ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ အမည်မဖော်လိုသူ မြိုင်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

မြိုင်မြို့နယ်မှာ အဖမ်းခံရတဲ့ သပိတ်မှောက် လူငယ် ၂ ဦးအား ပြန်ထုတ်ပေးဖို့ မြိုင်ရဲစခန်းအနီးမှာ သပိတ်မှောက် လူထုက ထိုင်သပိတ်ပြုလုပ်ရင်း တောင်းဆိုနေချိန်မှာ ရဲနဲ့စစ်သားတွေက မျက်ရည်ယိုဗုံးတွေခွဲ၊ သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့ပါတယ်။ မြိုင်မြို့က ဆန္ဒပြပွဲအတွင်းမှာ ကိုကြည်တိုးဝေ သေနတ်ထိမှန် ကျဆုံးခဲ့ရပုံနဲ့ ပတ်သက်ပြီး ကိုကြည်တိုးဝေနဲ့ အတူရှိနေတဲ့ ဆန္ဒပြလူငယ်တဦးက RFA ကို အခုလို ပြောပြပါတယ်။

မြိုင်မြို့က ဆန္ဒပြ လူထုကို စစ်တပ်နဲ့ ရဲသားတွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုဟာ အကြမ်းတမ်းဆုံး ဖြိုခွင်းမှု တခု ဖြစ်တယ်လို့လည်း အဲဒီဆန္ဒပြလူငယ်က ပြောပါတယ်။ ကျဆုံးသွားတဲ့ သူ့ရဲ့သူငယ်ချင်း ကိုကြည်တိုးဝေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြိုင်ရဲစခန်းအနီးက သပိတ်မှောက်လူထုကို လက်နက်ကိုင်တွေက ပထမတကြိမ် ပစ်ခတ်ချိန်မှာ ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး နောက်ထပ်တကြိမ် ပစ်ခတ်ချိန်မှာတော့ ၅ ဦး ထပ်မံသေဆုံးခဲ့တာပါ။ နှစ်ဦးကတော့ ဦးခေါင်းကို ကျည်ထိမှန်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။ ကျန် တဲ့သူတွေကတော့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ဆေးရုံ ပို့ခဲ့ပြီးနောက် သေဆုံးခဲ့တာပါ။ အပြင်းအထန် ဒဏ်ရာရရှိထားသူတွေထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရသူတွေ ရှိနေတယ်လို့ အမည်မဖော်လိုသူ မြိုင်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲနေတာကြောင့် ထိခိုက်သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေ နေ့စဉ်ရက်ဆက် ဆိုသလိုရှိနေပါတယ်။ RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ မနေ့ကထိ သေဆုံးသူ စုစုပေါင်း သေဆုံးသူ ၇၃ ဦး ရှိနေပါပြီ။ အခုလို ထိခိုက်သေဆုံးတာတွေ များလာပေမယ့် စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြ သူတွေကတော့ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြသူအများစုကတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ရှောင်ပြီး ဆက်လက်ဆန္ဒပြနေတာ ဖြစ်ပါတယ်။

RFA Burmese



စစ်အာဏာသိမ်းအပြီး အခုထိ သေဆုံးသူ ၇၃ ဦး ရှိ စစ်အာဏာသိမ်းအပြီး အခုထိ သေဆုံးသူ ၇၃ ဦး ရှိ Reviewed by THITHTOOLWIN on 07:20 Rating: 5

No comments:

Powered by Blogger.