အောင်ပန်း ညအချိန်မတော် အလောင်း (၇)လောင်း ထက်မနည်း မီးသဂြိုဟ်၊ တောင်ကြီး ဆန္ဒပြ ဖမ်းဆီးခံရသူများဖြစ်နိုင်


သျှမ်းသံတော်ဆင့်၊ မတ် ၃၀ရက် 

သျှမ်းပြည်တောင်ပိုင်း အောင်ပန်း သုဿာန်တွင် ယမန်နေ့ (မတ် ၂၉ )ရက် ည ၉ နာရီခွဲ၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ အလောင်း (၇)လောင်းထက်မနည်း လာရောက် မီးသဂြိုဟ်ခဲ့ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

အကြမ်းဖက် စစ်ကောင်စီမှ အောင်ပန်း သုဿန် သို့ လာရောက်သဂြိုဟ်စဉ်တွင် စစ်ကား အများအပြား နှင့် ရဲကားများဖြင့်လာကြောင်း၊ မီးသဂြိုဟ်သည့် ဝင်းတံခါးကိုလည်း ရိုက်ချိုးပြီး ဝင်ရောက်ထားကြောင်း အောင်ပန်း ဒေသခံ အမျိုးသား တဦးက ပြောသည်။

“ စစ်ဝတ်စုံ၊ ရဲဝတ်စုံ အပြည့်နဲ့ အင်းအားတော်တော်များတယ်။ မီးသဂြိုဟ်စက်ရှိတဲ့ သည့် နေရာကို ဝင်ဖို့ သော့တွေ ရိုက်ချိုးထားတယ်။ ဒီမနက် သွားကြည့်တာ အရိုးတွေ အရ ဆိုရင်  (၇)လောင်းထက် မနည်းဘူး မီးသဂြိုဟ်တာ” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ မှ လာရောက် မီးသဂြိုဟ်သည့် ရုပ်အလောင်းသည် တောင်ကြီးမြို့ စစ်အာဏာရှင် ကျဆုံးရေး ဆန္ဒထုတ်ဖော်ရာတွင် ဖမ်းဆီးခံရသူများဖြစ်နိုင်ကြောင်းလည်း အောင်ပန်း ဒေသခံများ ၏ ပြောပြချက် အရသိရသည်။

“ ကျနော်တို့သုံးသပ်တာကတော့ တောင်ကြီး က ဖမ်းခံရတဲ့ ဆန္ဒပြသူတွေ ဖြစ်ဖို့များတယ်။ ညအချိန်မတော် မီးလာရှို့စရာမရှိဘူးလေ။ သူတို့မဟုတ်တာ လုပ်လို့ ခိုးရှို့တယ်လို့ယူဆတယ်။ နောက်ပြီး တောင်ကြီးမှာ ရှို့ရင် ပြည်သူတွေ ရိပ်မိမှာဆိုးလို့ ည လူမထွက်အချိန် အောင်ပန်းလာပြီး မီးသဂြိုလ်တာဖြစ်မယ်” ဟု အသက် ၃၀ကျော် အောင်ပန်း ဒေသခံ တဦး က ဆိုသည်။

ထို့အပြင်  ညအချိန် မတော်မီးလာသဂြိုဟ်မှုကြောင့် အောင်ပန်း ပြည်သူများက ထိတ်လန့်မှုဖြစ်ပွားကာ သွားရောက်ကြည့်ခဲ့စဉ် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ အင်အားများတွေ့ရှိရပြီး၊ ရဲဝတ်စုံဝတ်ဆင်ထားသူများက သွားရောက်ကြည့်ရှုသူများကို ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။

“ မနေ့ညက မီးခိုးတွေ အူထွက်လာတော့ ကျနော်တို့ တော်တော်လန့်သွားတယ်။ တာယာတွေနဲ့ ရှို့တာလေ။ ထွက်ကြည့်တော့ စစ်အင်အားအပြည့်ပဲ။ သူတို့က အနီးကပ်ခွင့်မပေးဘူး။ ဒီမနက်ထိ အောင်ပန်း တမြို့လုံး မီးခိုးတွေပဲ” ဟု အသက် ၃၀ ကျော် အမျိုးသားက ထပ်လောင်းပြောသည်။

အောင်ပန်းမြို့ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့သည် နေ့၊ည ရပ်ကွက်တိုင်း၊ လမ်းတိုင်းကို စောင့်ကြည့်၊ တင်းကြပ်သဖြင့် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြရန် အတွက် ခက်ခဲနေကြောင်း သိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

အောင်ပန်း ညအချိန်မတော် အလောင်း (၇)လောင်း ထက်မနည်း မီးသဂြိုဟ်၊ တောင်ကြီး ဆန္ဒပြ ဖမ်းဆီးခံရသူများဖြစ်နိုင် အောင်ပန်း ညအချိန်မတော် အလောင်း (၇)လောင်း ထက်မနည်း မီးသဂြိုဟ်၊  တောင်ကြီး ဆန္ဒပြ ဖမ်းဆီးခံရသူများဖြစ်နိုင် Reviewed by THITHTOOLWIN on 19:04 Rating: 5

No comments:

Powered by Blogger.