သတင်းဌာန ငါးခုကို စစ်ကောင်စီ ထုတ်ဝေခွင့် ပိတ်သိမ်း



စစ်ကောင်စီက ထုတ်ဝေခွင့်တွေ ပိတ်သိမ်းလိုက်ပေမယ့် ပြည်သူတွေ သတင်းမှန်ရဖို့အတွက် ဆက်ပြီးရေး သားတင်ပြဖြန့်ချိသွားမယ်လို့ လုပ်ပိုင်ခွင့်အပိတ်ခံရတဲ့ မီဒီယာ ငါးခုထဲက အများစုက ဒီနေ့ ကြေညာလိုက် ပါတယ်။

Mizzima၊ DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ် သတင်းဌာနတွေကို ထုတ်ဝေခွင့်ပိတ်သိမ်းတဲ့ အကြောင်း မနေ့က ကြေညာလိုက်တာဖြစ်ပါတယ်။ အဲဒီသတင်းဌာနတွေဟာ မီဒီယာ အမျိုးအစား တစ်ခုခုကိုအသုံးပြုပြီး ဒါမှမဟုတ် နည်းပညာတစ်ခုခုကို အသုံးပြုပြီး ရေးသားထုတ်ဝေခြင်း မလုပ်ရဘူးလို့ ပြောပါတယ်။

ဒါဟာ တရားမဝင် စစ်ကောင်စီရဲ့ အမိန့်ဖြစ်တာကြောင့် ထုတ်ဝေခွင့်ပိတ်တယ်ဆိုတာကို လက်ခံသွားမှာ မဟုတ်ဘဲ သတင်းတွေကို ဆက်လက်တင်ပြသွားမှာဖြစ်တယ်လို့ ခေတ်သစ်သတင်းဌာန တည်ထောင်သူ ကိုသာလွန်ဇောင်းထက်က RFA ကို ပြောပါတယ်။

သတင်းတွေကို လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ အဓိကထား တင်ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။

ထုတ်ဝေခွင့် ပိတ်သိမ်းခံလိုက်ရတဲ့ သတင်းဌာနတွေထဲမှာ Mizzima၊ DVB က ၂၄ နာရီ ထုတ်လွှင့်ပြသခွင့် ရထားတဲ့ ရုပ်သံသတင်းဌာနတွေဖြစ်ပြီး Myanmar Now နဲ့ ခေတ်သစ် သတင်းဌာန ၂ ခုကတော့ အွန်လိုင်း စာမျက်နှာတွေကနေတဆင့် ရေးသားတင်ပြနေတာ ဖြစ်ပါတယ်။

7 Day သတင်းဌာနကလည်း 7 Day နေ့စဉ်ထုတ်သတင်းစာ၊ အွန်လိုင်းစာမျက်နှာနဲ့ အွန်လိုင်း TV တို့ကနေ သတင်းတွေ တင်ပြနေတာဖြစ်ပါတယ်။

အဲဒီထဲမှာ Mizzima နဲ့ DVB သတင်းဌာနတွေဟာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ၂၄ နာရီ ထုတ်လွှင့်ပြသခွင့် ရုပ်သိမ်းခံထားရတာဖြစ်ပြီး အွန်လိုင်းစာမျက်နှာကနေ ဆက်လက်တင်ပြနေ ခဲ့ရတာဖြစ်ပါတယ်။

DVB သတင်းဌာနအနေနဲ့ ဒီလိုထုတ်ဝေခွင့်ပိတ်သိမ်းတာဟာ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်နှင့် ထုတ်ဖော်တင်ပြခွင့် (Freedom of Expression) ကို ကန့်သတ်ပိတ်ပင်တာဖြစ်တဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သူတို့ရဲ့ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

DVB ဟာ လွတ်လပ်တဲ့ သတင်းဌာနအဖြစ်ရပ်တည်ပြီး မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး တိုက်ပွဲတွေကို အစဉ်အမြဲ ထောက်ခံအားပေးသွားမယ်လို့ဆိုပါတယ်။

DVB သတင်းဌာနရဲ့ ရုပ်မြင်သံကြားသတင်း အစီအစဉ်တွေကို PSI စလောင်းနဲ့ ဖမ်းယူကြည့်ရှုနိုင်ပြီး DVB ဝက်ဘ်ဆိုက် Facebook နဲ့ Youtube တွေမှာလည်း ကြည့်ရှုနိုင်တယ်လို့ ကြေညာထားပါတယ်။

7 Day သတင်းစာကတော့ ဒီနေ့မနက်ကစလို ထုတ်ဝေနိုင်ခြင်းမရှိတော့သလို အွန်လိုင်းတင်ဆက်မှုတွေ ကိုလည်း ရပ်တန့်ထားပါတယ်။ 7 Day အပါအဝင် ပြည်တွင်းသတင်းဌာနတွေကို အာဏာသိမ်းဆိုတဲ့ စကားလုံးမသုံးဖို့ သတိပေး ခြိမ်းခြောက်စာတွေကို မကြာခဏဆိုသလို အာဏာသိမ်း စစ်ကောင်စီနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကနေ ပေးပို့နေတာဖြစ်ပါတယ်။

7 Day သတင်းစာဟာ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး အာဏာသိမ်းဆိုတဲ့ စကားလုံးကို သုံးစွဲခဲ့တာဖြစ်ပြီး ပြည်သူတွေရဲ့အားပေးမှု ရရှိထားတဲ့ သတင်းဌာနတစ်ခု ဖြစ်ပါတယ်။

လက်ရှိမှာ DVB၊ Mizzima၊ Myanmar Now နဲ့ ခေတ်သစ် သတင်းဌာနတွေကတော့ အွန်လိုင်းစာမျက်နှာတွေ မှာ သတင်းတွေကို အဆက်မပြတ် တင်ဆက်နေဆဲဖြစ်ပါတယ်။

အခုလို သတင်းဌာန ငါးခုကိုပဲ ရွေးချယ်ပိတ်သိမ်းလိုက်တာဟာ သတင်းဌာနတွေရဲ့ သတင်းတင်ဆက်မှုပျံ့နှံ့တဲ့ အရှိန်ကို ကြောက်ရွံ့တာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင် အဖြစ်ကနေ နုတ်ထွက် ထားတဲ့ ဦးမြင့်ကျော်က သုံးသပ်ပြောပါတယ်။ဒီလို ပိတ်သိမ်းလိုက်တာဟာ နောက်ဆက်တွဲ ဒီထက်ဆိုးတဲ့ အခြေအနေတွေ ဆက်ဖြစ်လာနိုင်တာကို အရိပ်ပြလိုက်တာဖြစ်ပြီး ဒါဟာ ပထမဆုံး အရေးယူမှုဖြစ်ပြီး ထပ်ပြီးအရေးယူမှုတွေရှိနိုင်တယ်လို့ မြင်ကြောင်းဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မတ် ၈ ရက်နေ့ ညပိုင်းမှာ သတင်းဌာနတွေကို ထုတ်ဝေခွင့်ပိတ်သိမ်းကြောင်း မကြေညာခင် နေ့လယ်ပိုင်းမှာ ရန်ကုန် အနော်ရထာလမ်းနဲ့ ကုန်ဈေးတန်းလမ်းထောင့်မှာရှိတဲ့ Myanmar Now သတင်းစာတိုက်ကို စစ်တပ်နဲ့ရဲက တံခါးရိုက်ချိုး ဝင်ရောက်ပြီး ရုံးခန်းကိုဝင်ရောက်ရှာဖွေခဲ့သလို၊ ကွန်ပျူတာတွေနဲ့ ပစ္စည်းတွေလည်း ယူဆောင်သွားတယ်လို့ အယ်ဒီတာချုပ် ကိုဆွေဝင်းက RFA ကို ပြောထားပါတယ်။

ရန်ကုန်မြို့ စံရိပ်ငြိမ် ၆ လမ်းမှာရှိတဲ့ ကမာရွတ်မီဒီယာရုံးကိုလည်း ဒီနေ့နေလယ်မှာ စစ်တပ်နဲ့ ရဲက ဝင်စီးပြီး ဦးစီးလုပ်ကိုင်သူ ကိုနေသန်မောင်နဲ့ ကိုဟံသာတို့ကို ဖမ်းသွားတယ်လို့ မိသားစုဝင် တစ်ယောက်ကပြော ပါတယ်။

အခုလို မီဒီယာသတင်းဌာန ငါးခုကို လုပ်ငန်းလည်ပတ်ခွင့် လိုင်စင်ပိတ်သိမ်း လိုက်တာဟာ မြန်မာစစ်အာဏာ ရှင်အနေနဲ့ သတင်းအချက်အလက်တွေကို ဖုံးဖိဖို့ အာဏာရှင်ဆန်တဲ့ နည်းလမ်းတွေကို သုံးလာတာဖြစ် တာကြောင့် လက်ခံနိုင်စရာမရှိဘူးလို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။ ပိတ်သိမ်းထားတဲ့ မီဒီယာလုပ်ငန်းတွေကို ထုတ်ဝေခွင့်နဲ့ ဖြန့်ချိခွင့်လိုင်စင်တွေကို ချက်ချင်းပြန်လည်ပေး အပ်ဖို့လည်း HRW က တိုက်တွန်းထား ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ တစ်ရက်နေ့ကစပြီး သတင်းသမား ၃၄ ယောက်ကို ထိန်းသိမ်းထားပြီး တချို့တွေကိုလည်း တရားစွဲမထားဘဲ ဖမ်းဆီးထားကြောင်းနဲ့ အဲဒီလူတွေကို ပြန်လွှတ်ပေးဖို့လည်း HRW က ပြောထားပါတယ်။

ပြင်သစ်နိုင်ငံအခြေစိုက် RSF ခေါ် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ကလည်း အခုလို သတင်းမီဒီယာ ငါးခုကို ပိတ်ပင်လိုက်တဲ့အတွင် ပြစ်တင်ရှုတ်ချကြောင်း ဒီနေ့ကြေညာလိုက်ပါတယ်။ အမြန်ဆုံး လိုင်စင်ပြန် ဖွင့်ပေးဖို့ တောင်းဆိုတယ်လို့လည်း RSF အဖွဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ ဒန်နီရယ်ဘတ်စတတ် က ပြောပါတယ်။

DVB၊ Mizzima တို့နဲ့ အတူ Free to Air ရုပ်သံ ထုတ်လွှင့်ခွင့်လိုင်စင်ရထားတဲ့ YTV၊ Channel K၊ Fortune ရုပ်သံလိုင်းနဲ့ MRTV Entertainment ရုပ်သံလိုင်းတွေလည်း ဖေဖော်ဝါရီ နောက်ဆုံးပတ်လောက်က စပြီး ရုပ်သံထုတ်လွှင့်မှုကို ရပ်နားထားကြပါတယ်။

RFA Burmese



သတင်းဌာန ငါးခုကို စစ်ကောင်စီ ထုတ်ဝေခွင့် ပိတ်သိမ်း သတင်းဌာန ငါးခုကို စစ်ကောင်စီ ထုတ်ဝေခွင့် ပိတ်သိမ်း Reviewed by THITHTOOLWIN on 21:13 Rating: 5

No comments:

Powered by Blogger.