လွတ်လပ်တဲ့သတင်းမီဒီယာ ငါး ခု ထုတ်လုပ်ခွင့်ရုပ်သိမ်းခံရ

DVB ဒီမိုကရက်တစ်မြန်မာ့အသံ၊ မဇ္စျိမသတင်းဌာန၊ Myanmar Now၊ 7 Days နဲ့ ခေတ်သစ်မီဒီယာ သတင်းဌာနများ။

မြန်မာနိုင်ငံတွင်း သတင်းဌာနတွေဖြစ်တဲ့ DVB ဒီမိုကရက်တစ်မြန်မာ့အသံ၊ မဇ္စျိမသတင်းဌာန၊ Myanmar Now၊ 7 Day နဲ့ ခေတ်သစ်မီဒီယာတွေရဲ့ လုပ်ငန်းလိုင်စင်ရုပ်သိမ်းလိုက်ပြီလို့ မြန်မာစစ်တပ် အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ပါတယ်။ သူတို့ရဲ့ မီဒီယာလုပ်ငန်းတွေကို ပိတ်ပင်ရုံသာမက၊ နည်းပညာသုံးပြီးထုတ်လွှင့်မှု မှန်သမျှကိုလည်း ခွင့်မပြုဘူးလို့ ကြေညာထားပါတယ်။

အခု မကြေညာခင်နေ့ခင်းပိုင်းကတော့ Myanmar Now သတင်းဌာန ရုံးကို ရဲနဲ့ စစ်တပ်က ဝင်ရောက်စီးနင်းရှာဖွေတာတွေလုပ်ခဲ့ပါတယ်။ ရုံးပိတ်ထားတာမို့ ဖမ်းဆီးခံရသူ မရှိခဲ့ပါဘူး။ DVB နဲ့ Mizzima မီဒီယာဌာနတွေဟာ ရုပ်သံထုတ်လွှင့်မှု လိုင်စင်ပါ ယူပြီး မီဒီယာလုပ်ငန်းတွေလုပ်ကိုင်နေတာဖြစ်ပေမဲ့ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ အဲဒီ ရုပ်သံထုတ်လွှင့်မှုတွေကို ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း အခြား ဆက်သွယ်ရေးဂြိုလ်တုတွေကို သုံးပြီး Mizzima ရော၊ DVB ကပါ ရုပ်သံအစီအစဉ်တွေ ဆက်လက်ထုတ်လွင့်နိုင်ခဲ့ပါတယ်။ 7 Day သတင်းဌာနကတော့ နေ့စဉ်ထုတ်သတင်းစာတွေ ဖြန့်ချီနေတာပါ။

ဒီသတင်းမီဒီယာငါးခုလုံးဟာ ဆန္ဒပြကန့်ကွက်မှုတွေနဲ့ အခြားထူးခြားဖြစ်စဉ်တွေကို အင်တာနက်အွန်လိုင်းကနေ Live တိုက်ရိုက်ထုတ်လွှင့်ပြသလေ့လည်း ရှိပါတယ်။ အခုလို လုပ်ငန်းလိုင်စင်ပိတ်ပင်ခံရတဲ့အပေါ်မှာတော့ မဇ္စျိမသတင်းဌာနအနေနဲ့ လွတ်လပ်သော မီဒီယာအဖြစ်နဲ့ သူတို့ရှိပြီးသား မီဒီယာပလက်ဖောင်းအသီးသီးကနေ ဆက်လက်ရေးသား ထုတ်လွှင့်သွားမယ်လို့ Mizzima သတင်းဌာနက တုံ့ပြန်ကြေညာထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/media-banned-myanmar-military/5806067.html

လွတ်လပ်တဲ့သတင်းမီဒီယာ ငါး ခု ထုတ်လုပ်ခွင့်ရုပ်သိမ်းခံရ လွတ်လပ်တဲ့သတင်းမီဒီယာ ငါး ခု ထုတ်လုပ်ခွင့်ရုပ်သိမ်းခံရ Reviewed by THITHTOOLWIN on 22:53 Rating: 5

No comments:

Powered by Blogger.