မကွေးဝန်ကြီးချုပ် ရုံးချိန်း မတ် ၂၃ ရက်နေ့ကို ထပ်မံချိန်းဆို

မကွေးဝန်ကြီးချုပ် ရုံးချိန်း မတ် ၂၃ ရက်နေ့ကို ထပ်မံချိန်းဆို မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို ၂ဝ၁၉ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ရစဉ် / Photo: RFA

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုရဲ့ ရုံးချိန်းကို မကွေးမြို့နယ် တရားရုံးမှာ ဒီနေ့ (မတ် ၉ ရက်နေ့ မှာ) ဗီဒီယို အွန်လိုင်းစနစ်နဲ့ လုပ်ခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

“ ဒေါက်တာအောင်မိုးညိုရဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုမှာ ဒီနေ့ဆိုရင် ရုံးချိန်းက အမှုသွား အမှုလာ စီမံခန့်ခွဲမှု ကျနော်တို့ ညှိနှိုင်းအစည်းအဝေးလုပ်တဲ့ ရက်ချိန်းပါပဲ၊ နောက်ရုံးချိန်း ဘယ်နေ့ ဘယ်ရက်မှာ တရားလို၊ သက်သေကို ဘယ်ရက် ဘယ်ရုံးချိန်းမှာ စစ်မယ်လို့ စီမံခန့်ခွဲတာပဲဖြစ်ပါတယ်”

နောက်တစ်ကြိမ်ရုံးချိန်းကို မတ် ၂၃ ရက်နေ့ကို ချိန်းဆိုလိုက်ပြီး တရားလိုကိုတော့ လာမယ့် ဧပြီ ၆ ရက်နေ့မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒေါက်တာ အောင်မိုးညိုဟာ ကျန်းမာရေး ကောင်းမွန်နေကြောင်းနဲ့ မကွေးထောင်မှာ ထိန်းသိမ်းခံထားရ ကြောင်း တရားလွှတ်တော်‌ရှေ့နေက ပြောပါတယ်။

ဒီကနေ့ရုံးချိန်းကို မိသားစုဝင်ဖြစ်တဲ့ ဒေါက်တာအောင်မိုးညိုရဲ့ ညီဖြစ်သူ ဦးဖိုးသောကြာ လာရောက်ခဲ့ပါတယ်။

“အခုကတော့ ဘယ်သူက ဘယ်သူ့ကိုပြောလို့ တွေ့ခွင့်ရ၊ မရကို မသိရသေးဘူး။ အခုအနေအထားက အခုကျနော်တို့ ခေါ်ထားတဲ့ ရှေ့နေကြီးတွေရော သူတို့ကနေတဆင့် မေးမြန်းစုံစမ်းပီးကာမှ ကြိုးစား ပေးမယ်ဆိုတဲ့ အဆင့်မျိုးပဲရှိတယ်ခင်ဗျ။ ကျနော်တို့ ပေးချင်တာတော့ ပေးလို့ရတယ်။ သူတို့ တရားခွင်မှာ ဗီဒီယိုကွန်ဖရန့်နဲ့ ပြောတဲ့အခါမှာလည်း မိသားစုကို ကျန်းမာကြောင်းပေါ့ ဘာမှစိတ်မပူဖို့အကြောင်းကိုပဲ ကျနော်တို့ကိုမှာ ကြားတာပဲရှိတယ်။ ကျနော်တို့ အနေနဲ့ကတော့ တွေ့ဆုံခွင့်ရဖို့ပေါ့လေ၊ တွေ့ဆုံခွင့်ရဖို့ကို အရင်းနှီးဆုံး မိသားစုထဲက တစ်ယောက်ဖြစ်စေ၊ နှစ်ယောက်ဖြစ်စေ တွေ့ခွင့်ရဖို့၊ ကျနော်တို့ ကြိုးစားနေပါတယ်ခင်ဗျ”

မိသားစုအနေနဲ့ တွေ့ဆုံခွင့်မရတဲ့အတွက် များစွာ စိတ်ပူပန်နေတယ်လို့လည်း ပြောပါတယ်။

ဒေါက်တာအောင်မိုးညိုကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။ ပုဒ်မ ၅၀၅ (ခ) ဟာ အများဆုံး ထောင်ဒဏ် နှစ်နှစ်နဲ့ ငွေဒဏ် ချမှတ်ခံရနိုင်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/dr-aung-moe-nyo-court-03092021070103.html

မကွေးဝန်ကြီးချုပ် ရုံးချိန်း မတ် ၂၃ ရက်နေ့ကို ထပ်မံချိန်းဆို  မကွေးဝန်ကြီးချုပ် ရုံးချိန်း မတ် ၂၃ ရက်နေ့ကို ထပ်မံချိန်းဆို Reviewed by THITHTOOLWIN on 22:40 Rating: 5

No comments:

Powered by Blogger.