ဆန္ဒပြမှုတွေ ဖြိုခွဲရာမှာ ပစ်ခတ်တဲ့ကျည်အပေါ် အငြင်းပွားနေ



နေပြည်တော်က မမြသွဲ့သွဲ့ခိုင်နဲ့ မန္တလေးက မကြယ်စင်တို့ ဦးခေါင်းကို ပစ်ခတ်ခံရတဲ့ ကျည်ဆံတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ကျည်ဆန်မဟုတ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“နေပြည်တော်က အမျိုးသမီးငယ်တစ်ဦးနဲ့ မန္တလေးက အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေသုံးတဲ့ ကျည်အမျိုးအစား မဟုတ်တာကို ကျနော်တို့ ဖော်ထုတ်ပြသခဲ့ပါတယ်၊ ဦးခေါင်း ဒဏ်ရာတွေကို စစ်ဆေးကြည့်တဲ့အခါမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ ရှေ့တည့်တည့်ကနေ ပစ်ခတ်တာ၊ နောက်ပြန်လှည့်တဲ့အခါမှာလည်း နောက်မှထိခြင်းမျိုး မဟုတ်ဘဲ၊ ဘေးဘက်က ပစ်ခတ်ခံ ရခြင်း၊ ဘေးအောက်ဘက်မှ ပင့်ပြီး ပစ်ခတ်ခံရခြင်းမျိုးတွေ တွေ့ရပါတယ်”

လူငယ်တွေ အထူးသဖြင့် အမျိုးသမီးငယ်တွေ သေဆုံးတာဟာ လူထုအမြင်မှာတော့ သူရဲကောင်းတွေဖြစ်ပြီး နိုင်ငံရေးသမားတွေအမြင်မှာတော့ သူတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် ပြည့်မြောက်စေဖို့ ခုတုံးတွေ လှေကားတွေ ဖြစ်တယ်လို့လည်း ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက အပြစ်တင်ဝေဖန်ခဲ့ပါတယ်။

မြသွဲ့သွဲ့ခိုင်နဲ့ ကြယ်စင်တို့ ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ပတ်သက်လို့ အနီးကပ်ကုသပေးခဲ့တဲ့ ဆရာဝန်တွေ ကတော့ သူတို့နှစ်ဦးလုံးရရှိခဲ့တဲ့ ဒဏ်ရာတွေဟာ သေနတ်ဒဏ်ရာတွေ ဖြစ်ကြောင်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ တွေက ပစ်ခတ်တဲ့ ဗွီဒီယိုမှတ်တမ်းတွေလည်း အခိုင်အမာရှိတဲ့အတွက် စစ်ကောင်စီရဲ့ ငြင်းဆိုချက်ဟာ မမှန်ဘူးလို့ တုံ့ပြန်ကြပါတယ်။

မမြသွဲ့သွဲ့ခိုင်ကို ဆေးကုသပေးခဲ့တဲ့ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံက လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

မကြယ်စင်ရဲ့ ဒဏ်ရာဓာတ်မှန် မှတ်တမ်းအရ ကျည်ဆံကို ခေါင်းထဲမှာတွေ့ခဲ့ပြီး ကာယကံရှင် မိသားစုရဲ့ ခွင့်ပြုချက်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် မကြယ်စင်ကို ရင်ခွဲစစ်ဆေးခွင့် မရလိုက်တဲ့အတွက် ဒဏ်ရာနဲ့ပတ်သက်ပြီး ကျည်အမျိုးအစား ဒဏ်ရာအခြေအနေအသေးစိတ်ကို ပြောဖို့ခက်ခဲတယ်လို့ မကြယ်စင်ကို အနီးကပ် ကုသပေးခဲ့တဲ့ လုံခြုံရေးအရ အမည်ဖော်လို့မရတဲ့ မန္ဆလေးက ဆရာဝန်တစ်ဦးက ပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ် မမြသွဲ့သွဲ့ခိုင် ဈာပန ကော်မတီဝင်လည်းဖြစ်သူ ဦးမောင်မောင်ဆွေကတော့ စစ်ကောင်စီဘက်က ငြင်းဆိုမှုဟာ မမှန်ဘူးလို့ တုံ့ပြန်ပါတယ်။

အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင်ကတော့ ဖေဖော်ဝါရီ ၉ ရက်နေ့က လူသိန်းချီပါဝင်တဲ့ နေပြည်တော် သပြေကုန်အဝိုင်း စစ်အာဏာရှင်ဆန္ဒပြပွဲမှာ ဦးခေါင်းကို သေနတ်ကျည် ထိမှန်ပြီး ဖေဖော်ဝါရီ ၁၉ ရက် နေ့မှာ သေဆုံးခဲ့ပါတယ်။ မြသွဲ့သွဲ့ခိုင် ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးတဲ့ မှုခင်းဆရာဝန်အဖွဲ့ရဲ့ သေမှုသေခင်း မှတ်တမ်းမှာ မမြသွဲ့သွဲ့ခိုင်ဟာ ဦးခေါင်း၊ဦးခေါင်းခွံနဲ့ ဦးနှောက်ထဲထိ သေနတ်ကျည်ဆန်အစစ်ထိမှန်တာ ကြောင့် သေဆုံးရတာလို့ ဖော်ပြထားပါတယ်။

အသက် ၁၉ နှစ်အရွယ် မကြယ်စင်ဟာ မတ်လ ၃ ရက်နေ့က မန္တလေးမြို့ လမ်း ၈၀ နဲ့ လမ်း၃၀ ထောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြစဉ်မှာ သေနတ်ကျည်ထိမှန် သေဆုံးခဲ့တာပါ။

မတ်လ ၅ ရက်နေ့မှာတော့ စစ်တပ်နဲ့ ရဲတွေက မကြယ်စင်ရဲ့ အုတ်ဂူကို ဖောက်ထွင်းတူးဖော်ခဲ့ပြီး အလောင်း ဖော် စစ်ဆေးတွေ့ရှိချက်အရ ရဲတပ်ဖွဲ့သုံးနေကျကျည် မဟုတ်ဘူးလို့ စစ်ကောင်စီက သတင်းထုတ်ပြန် ခဲ့ပါတယ်။

ဖေဖော်ဝါရီတစ်ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းနေတာကြောင့် ထိခိုက်သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေ နေ့စဉ်တိုးနေပါတယ်။ မတ်လ ၁၁ ရက်နေ့ မနေ့က တစ်ရက်ထဲမှာတင် မြိုင်မြို့အပါအဝင် ရန်ကုန်၊ မန္တလေး၊ပဲခူး မြို့တို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ၁၀ ဦး ထက်မနည်း သေဆုံးခဲ့တာပါ။ RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ မနေ့ကအထိ သေဆုံးသူစုစုပေါင်း ၇၀ နီးပါး ရှိနေပါပြီ။

RFA Burmese




ဆန္ဒပြမှုတွေ ဖြိုခွဲရာမှာ ပစ်ခတ်တဲ့ကျည်အပေါ် အငြင်းပွားနေ ဆန္ဒပြမှုတွေ ဖြိုခွဲရာမှာ ပစ်ခတ်တဲ့ကျည်အပေါ် အငြင်းပွားနေ Reviewed by THITHTOOLWIN on 21:52 Rating: 5

No comments:

Powered by Blogger.