လက်နက်မဲ့ အရပ်သားတွေကို ပစ်ခတ်ခြင်းသည် နိုင်ငံတကာဥပဒေချိုးဖောက်မှု (ဥရောပသမ္မဂ)

လက်နက်မဲ့ အရပ်သားတွေကို ပစ်ခတ်ခြင်းသည် နိုင်ငံတကာဥပဒေချိုးဖောက်မှု (ဥရောပသမ္မဂ)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ နှိမ်နင်းရာမှာ လက်နက်မဲ့ အရပ်သားတွေ၊ ကျန်းမာရေး လုပ်သားတွေကို ပစ်ခတ်တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ဥရောပသမဂ္ဂ (EU) က ပြောဆိုလိုက်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက ဆက်လက် အကြမ်းဖက်နှိမ်နင်းမှုကြောင့် အပြစ်မဲ့ အရပ်သားတွေ အသက်ဆုံးရှုံးရတဲ့အပေါ် ပြစ်တင်ရှုတ်ချကြောင်းလည်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ EU ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ရာနဲ့ချီတဲ့လူတွေ ဖမ်းဆီးခံခဲ့ရပြီး သတင်းမီဒီယာတွေကိုလည်း ဖိနှိပ်မှုတွေရှိနေပြီး၊ ဖမ်းဆီး အရေးယူခံရတဲ့ သတင်းသမား အရေအတွက် တိုးလာနေကြောင်းလည်း ဖော်ပြထားပါတယ်။ သတင်းမီဒီယာသမားတွေ ကိုယ့်အလုပ်ကိုယ်လုပ်နေတာကို အရေးယူတာ၊ ခြိမ်းခြောက်တာတွေဟာ လက်ခံနိုင်စရာ မရှိကြောင်းလည်း EU က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

သတင်းမီဒီယာတွေကို နှုတ်ပိတ်ဖို့ ကြိုးစားနေပေမဲ့လည်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တွေကို တားဆီးဖျောက်ဖျက်လို့ မရသလို၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်နဲ့ မြန်မာလူထုရဲ့ ရဲစွမ်းသတ္တိကို ကမ္ဘာကြီးက မမြင်တွေ့နိုင်အောင် တားဆီးလို့ မရနိုင်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်ကိုလည်း အသိအမှတ်ပြု လက်ခံမှာမဟုတ်ကြောင်းနဲ့ စစ်တပ်ရဲ့ လုပ်ရပ်အတွက် တာဝန်ယူမှုရှိဖို့၊ ဒီမိုကရေစီ ပြန်လည် ထွန်းကားဖို့ ဆောင်ရွက်ရမှာ ဖြစ်ကြောင်းလည်း EU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးနေတဲ့ ကြားကပဲ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေအပေါ် အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှုတွေ ဆက်လက်ပေါ်ပေါက်နေတာပါ။ အမေရိကန်၊ ဗြိတိန်နဲ့ ဆွစ်ဇာလန် အပါအဝင် မြန်မာနိုင်ငံအခြေစိုက် အနောက်နိုင်ငံ သံရုံးတချို့ကတော့ သွေးထွက်သံယို နှိမ်နင်းမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ အနက်ရောင် profile ပုံတွေကို ပြောင်းထားကြပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-police-fire-unarmed-civilian-eu-/5800481.html

လက်နက်မဲ့ အရပ်သားတွေကို ပစ်ခတ်ခြင်းသည် နိုင်ငံတကာဥပဒေချိုးဖောက်မှု (ဥရောပသမ္မဂ) လက်နက်မဲ့ အရပ်သားတွေကို ပစ်ခတ်ခြင်းသည် နိုင်ငံတကာဥပဒေချိုးဖောက်မှု (ဥရောပသမ္မဂ) Reviewed by THITHTOOLWIN on 08:16 Rating: 5

No comments:

Powered by Blogger.