ထားဝယ်ညပိုင်းပစ်ခတ်မှု အမျိုးသားတစ်ဦး သေဆုံး

ထား၀ယ်မြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ သေဆုံးသူတွေအတွက် ညပိုင်း ၈ နာရီလောက်က ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲ ပြုလုပ်ပြီးတဲ့နောက် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရာက အမျိုးသားတစ်ဦး ကျည်အစစ်ထိမှန်သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူထံက သိရပါတယ်။

ကျည်ထိမှန်ခဲ့တဲ့ သုံးဘီးယာဥ်မောင်းနှင်သူ အသက် လေးဆယ်ကျော် အရွယ် အမျိုးသား သေဆုံးသွားတဲ့အကြောင်းကို လူနာနဲ့အတူရှိနေတဲ့ ဆွေမျိုးနီးစပ်တော်စပ်သူတဦးက အတည်ပြုပါတယ်။

ကျည်ထိမှန်သူ ကြက်စားပြင်ရပ်ကွက်က အမျိုးသားဟာ ရင်ဘတ်နဲ့ချိုင်းကြားနားမှာ သေနတ်ကျည်ဖောက်၀င် ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကနဦး သတင်းတွေအရ ကျည်အစစ်ထိမှန်သူ နှစ်ဦးရှိပြီး ရော်ဘာကျည် ဒဏ်ရာရသူ အတော်များများ ရှိနေတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်လမ်းပေါ် ကြက်စားပြင်ရပ်ကွက်နဲ့ ဘုမ္မော်ရပ်ကွက်နားက တားထားတဲ့ အကာအရံတွေကို လာဖယ်ရှားရာကနေ ရပ်ကွက်နှစ်ခုလုံးက သံပုံးတီး အော်ဟစ်ကန့်ကွက်တာကို အခုလိုပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လူနာသွားကယ်တဲ့ ဇဗ္ဗူသီရိ ပရဟိတ အသင်းကားကိုရဲက ဖမ်းသွားပြီး ည ၁၀ နာရီခွဲ ဝန်းကျင် အထိပစ်ခတ်နေတုန်းလို့ အဲဒီအသင်းက တာဝန်ခံ ကိုထိုက်က ပြောပါတယ်။

အစပိုင်းမှာ စစ်တပ်ကအရေးပေါ်လူနာတင်ယာဥ်တွေကို တားဆီးထားလို့ သယ်မရတဲ့ လူနာကို နောက်ပိုင်း အရေးပေါ်ကားပေါ် တင်ဆောင်နိုင်ခဲ့တယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။

လူနာဟာ ည ၉ နာရီခွဲ ဝန်းကျင်မှာ ကျည်ထိမှန်ခဲ့ပြီး ၁၁ နာရီခွဲခန့်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အနီးအနားက ဆိုင်ခန်း‌ သော့တွေကို ရိုက်ဖျက်ပြီး ဆိုင်အတွင်းက ပစ္စည်းတွေ ကားပေါ်သယ်ဆောင်သွားလို့လည်း ဆိုပါတယ်။

ဒီကနေ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် လူသေဆုံးမှုတွေရှိခဲ့ပြီး မကွေး၊ ရန်ကုန်အပါအဝင် မြို့ကြီး ၅ခုမှာ ၁၁ ဦး ထက် မနည်း သေဆုံးခဲ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237


ထားဝယ်ညပိုင်းပစ်ခတ်မှု အမျိုးသားတစ်ဦး သေဆုံး ထားဝယ်ညပိုင်းပစ်ခတ်မှု အမျိုးသားတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 01:15 Rating: 5

No comments:

Powered by Blogger.