ကာချုပ်ရဲ့သားသမီးနှစ်ဦးနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်ဒဏ်ခတ်အရေးယူ

ကာချုပ်ရဲ့သားသမီးနှစ်ဦးနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်ဒဏ်ခတ်အရေးယူ အာဏာသိမ်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံ၊ သမီး ခင်သီရိသက်မွန်။ Photo: Citizen Journalist

အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံ၊ သမီး ခင်သီရိသက်မွန်နဲ့ အတူ သူတို့ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း ၆ ခုကို အမေရိကန်ပြည်ထောင်စု အစိုးရက ဒီနေ့ ဒဏ်ခတ်အရေးယူလိုက်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လ ၁ဝ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ လုပ်ရပ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းသတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားသမီးနှစ်ဦးအပေါ်ကို အရေးယူတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေကတော့ A & M မဟာ ကုမ္ပဏီလိမိတက်၊ Sky One ဆောက်လုပ်ရေး ကုမ္ပဏီလိမိတက်၊ The Yangon Restaurant၊ Yangon Gallery ပန်းချီပြခန်း၊ Everfit ကုမ္ပဏီလိမိတက်၊ Seventh Sense မီဒီယာထုတ်လုပ်ငန်းရေး ကုမ္ပဏီလိမိတက်တို့ဖြစ်ပါတယ်။

ဒီနေ့ဘဏ္ဍာရေးဌာန ကြေညာချက်မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးဋ္ဌာန ညွှန်ကြားရေးမှူး Andrea M. Gacki က “ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက်ဖြိုခွဲတဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိဘူး”လို့လည်း ပြောကြားထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် အရပ်ဖက်လူမှုဝန်ထမ်းတွေ၊ သတင်းထောက်တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဖမ်းဆီးခံထားရသူအားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းလည်း ပြောဆိုထားပြီး၊ အာဏသိမ်းလုပ်ရပ်မှာ တာဝန်ရှိသူတွေအားလုံးကို အရေးယူနိုင်အောင် ဆက်ပြီး ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း ဒီကနေ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/us-sanctions-over-minaunghlaing-children-03102021165419.html

ကာချုပ်ရဲ့သားသမီးနှစ်ဦးနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်ဒဏ်ခတ်အရေးယူ ကာချုပ်ရဲ့သားသမီးနှစ်ဦးနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်ဒဏ်ခတ်အရေးယူ Reviewed by THITHTOOLWIN on 07:17 Rating: 5

No comments:

Powered by Blogger.