လူမှုရေးဒဏ်ခတ်မှု သို့မဟုတ် စိတ်ဓာတ်စစ်ဆင်ရေး

လူတဦးချင်းအပေါ်မှာသာကမ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပစ်မှတ်ထားဒဏ်ခတ်နေ

လူမှုရေးအရ ဒဏ်ခတ်မှု social punishment ဆိုတဲ့စကားဟာ ၂၀၂၁ လူထုလှုပ်ရှားမှုနဲ့အတူ ခေတ်စားလာတဲ့ စကားလုံးတစ်လုံးဖြစ်ပါတယ်။

လူမှုရေးအရဒဏ်ခတ်မှု social punishment နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတို့ဟာလည်း နီးနီးစပ်စပ် ပတ်သက်ဆက်နွှယ်နေပါတယ်။

လူမှုရေးဒဏ်ခတ်မှုကိုပြုလုပ်ရာမှာ ရပ်ကွက်သတင်းပေးအဆင့်ကစပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစု အထိ ပစ်မှတ်ထားဆောင်ရွက်နေကြတာတွေ့ရပါတယ်။

နေပြည်တော်မှာ ဆယ်ကျော်သက် ကျောင်းသူ မမြသွဲ့သွဲ့ခိုင်ကို အဝေးကနေ ဦးခေါင်းချိန်ရွယ် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားပြီးနောက်မှာ လူမှုရေးအရဒဏ်ခတ်မှုကို တက်တက်ကြွကြွ စတင်ကြေညာ ကျင့်သုံးလာတာတွေ့ရပါတယ်။

နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်မှု

နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်မှုဖြစ်ပွားပြီး ချက်ချင်းဆိုသလို သေနတ်နဲ့ချိန်ရွယ်နေသူ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီး လူမှုရေးပြစ်ဒဏ်ပေးဖို့ ဆော်သြမှုတွေရှိလာခဲ့ပါတယ်။

သေနတ်နဲ့ပစ်ခတ်တယ်လို့ အစွပ်စွဲခံရသူရဲ့ ဇနီးဆိုသူအမျိုးသမီးတစ်ဦးရဲ့ အရှက်ရစရာ ဗီဒီယိုကို လူမှုကွန်ရက်မှာ ဖွင့်ချပြီး အရှက်ခွဲကြတာကိုလည်းတွေ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ရဲနဲ့စစ်တပ်မိသားစုဝင်တွေရဲ့ အရှက်ရစရာကိစ္စတွေကို တကူးတက လိုက်လံရှာဖွေပြီး လူမှုကွန်ရက်ပေါ် ဖွင့်ချဖော်ထုတ်အရှက်ခွဲကြတာမျိုးကို လှုပ်ရှားမှုကန်ပိန်းတစ်ခုဆန်ဆန်ပြုလုပ်လာကြသလို နောင်ပြုလုပ်သူတွေကိုလည်း အရှက်ခွဲမယ်လို့ ခြိမ်းခြောက်ပြောဆိုတာမျိုးတွေဖြစ်လာပါတယ်။

ဒါ့အပြင်ဆန္ဒပြသူတွေကို ဖြိုခွဲနှိမ်နင်းတဲ့အထဲမှာပါဝင်တဲ့ ရဲနဲ့ စစ်သားတွေကို လူမှုအသိုင်းအဝိုင်းထဲက ဖယ်ကြဥ်ဖို့ ကြိုးစားကြတာကို တွေ့ရပါတယ်။ တချို့မြို့တွေမှာဆိုရင် ရဲနဲ့စစ်တပ်မိသားစုဝင်တွေစျေးဝယ်သွားတာကို နောက်ကလိုက်ပါလာပြီး သူတို့ဟာ ရဲမိသားစု၊ စစ်တပ်မိသားစုဝင်ဖြစ်လို့ စျေးမရောင်းဖို့ တိုက်တွန်းပြောဆိုတာမျိုး အထိလုပ်တာတွေ့ရပါတယ်။

နေ့စဥ်ပစ်ခတ်နှိမ်နင်းနေပေမဲ့ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွား

ဘာ့ကြောင့်ပေါ်ပေါက်လာသလဲ

ဒါမျိုးလုပ်ဆောင်ချက်တွေ ဘာ့ကြောင့်ပေါ်ထွက်လာပါသလဲ။ လူအများဟာ သူတို့မကြိုက်နှစ်သက်တဲ့ လုပ်ဆောင်ချက်တစ်ခုကို အကြမ်းနည်းနဲ့ မတုံ့ပြန်ချင်သလို၊ တရားဥပဒေနဲ့ အရေးယူဖို့လည်း မဖြစ်နိုင်တဲ့ အတွက် သူတို့နည်း သူတို့ဟန်နဲ့ အရေးယူဖို့ ဆောင်ရွက်လာတာဖြစ်နိုင်ပါတယ်။ မန္တလေးအထွေထွေသပိတ်ကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သလို ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်း တည်ထောင်သူလည်းဖြစ်တဲ့ ကိုတေဇာစန်းကတော့ အခုလိုပြောပါတယ်။

“ပြည်သူတွေကတော့ သူတို့အပေါ်အဓမ္မမှုတွေ မတရားမှုတွေ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့သူတွေကိုပေါ့၊ အရင်ဆုံး ကတော့ စစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေ အကျိုးစီးပွားတွေ၊ သူတို့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို သပိတ်မှောက်တယ်။ မသုံးဘူး၊ မဝယ်ဘူး၊ မရောင်းဘူးဆိုတာတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နေပါတယ်။ ဒါတွေဟာ စစ်အာဏာသိမ်းအုပ်စုကို အင်မတန်မှ ခြိမ်းခြောက်နိုင်တဲ့ လက်နက်ကောင်းတစ်ခုလို့မြင်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ အကြမ်းဖက် သတ်ဖြတ်မှုတွေလုပ်နေတဲ့သူတွေကို တိုက်ရိုက်သော်လည်းကောင်း သူတို့မိသားစုဝင်တွေနဲ့ ပတ်သက်တာတွေသော်လည်းကောင်း ဓာတ်ပုံတွေ ဗီဒီယိုတွေသော်လည်းကောင်း ဖြန့်နေပါတယ်။ ဒါတွေဟာ သူတို့ကမတော်မတရားပြုမူတဲ့အတွက် သူတို့နဲ့ထိုက်တန်တဲ့ အပြစ်ပေးမှုလို့ ကျွန်တော်ရှုမြင်ပါတယ်။”

လှုပ်ရှားမှုကန်ပိန်းအဖြစ်ဆောင်ရွက်ခြင်း

နိုင်ငံခြားမှာ ပညာသင်ကြားနေတဲ့ သားသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမျိုးလည်း ရှိပါတယ်။ မန္တလေးမှာ ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်မှုအတွက် အဓိက တာဝန်ရှိသူလို့ အစွပ်စွဲခံရသူ ဗိုလ်ချုပ်တစ်ဦးရဲ့ သမီးဟာ ဂျပန်နိုင်ငံမှာပညာသင်ကြားနေပါတယ်။ အစွပ်စွဲခံရသူဗိုလ်ချုပ်ရဲ့ဓာတ်ပုံနဲ့ သမီးဖြစ်သူရဲ့ ဓာတ်ပုံတွေ လိုက်လံ ဖြန့်ဝေပြီး ရှုတ်ချကြတာကိုလည်း တွေ့ရပါတယ်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့မှာ ရာထူးကြီးကြီးမားမားလက်ခံထားသူတွေရဲ့ မိသားစုဝင်တွေအနက် ဗြိတိန်နိုင်ငံ၊ သြစတြေးလျ၊ အမေရိကန် စတဲ့နိုင်ငံတွေမှာ ပညာသင်ကြားနေကြသူ အလုပ်လုပ်ကိုင်နေကြသူတွေကို အမည်တပ် ပစ်မှတ်ထားကြတာကိုလည်း တွေ့ရပါတယ်။

Socialpunishment.com ဆိုတဲ့စာမျက်နှာကတော့ လူမှုရေးဒဏ်ခတ်တဲ့ အလုပ်တွေကို ဇောက်ချလုပ်ကိုင်နေတာ တွေ့ရပါတယ်။ သူတို့အင်တာနက်စာမျက်နှာမှာ အာဏာသိမ်းစစ်ကောင်စီအသိုင်းအဝိုင်းနဲ့ ပတ်သက်သူတွေကို ဓာတ်ပုံတွေနဲ့ စာရင်းတင်ထားရာမှာ လူပေါင်း ၁၅၀ နည်းပါးရှိပါတယ်။

ဖားကန့်မှာ စစ်ကောင်စီကဖွင့်လှစ်တဲ့ သင်တန်းကို တက်ရောက်သူ အလယ်တန်းနဲ့အထက်တန်းကျောင်းအုပ်တွေရဲ့ အမည်စာရင်းတွေကို ဓာတ်တိုင်တွေမှာလိုက်ကပ်ပြီး ရှုတ်ချကြတာမျိုးလည်း တွေ့ရပါတယ်။

စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံနဲ့တွန်းလှန်နေရာမှာ လူမှုဒဏ်ခတ်ခြင်းနည်းလမ်းလည်း တစ်ခုပါဝင်

တရားမျှတမှု

တိုက်ရိုက်သက်ဆိုင်သူတွေကိုသာမက ဆက်စပ်ပတ်သက်သူတွေကိုပါ လိုက်လံအရှက်ခွဲတာဟာ တရားမျှတမှု မရှိဘူးလို့ ယူဆသူတွေလည်း ရှိကြပါတယ်။

ကိုတေဇာစန်းကတော့ “ကျွန်တော်တို့ အလေးအနက်ပြောချင်တာတစ်ခုက ပတ်သက်တဲ့လူတိုင်း၊ မိသားစုဝင်တိုင်းကို တိုက်ရိုက်အပြစ်ပေးတာမဟုတ်ဘူး။ချက်ချင်းအပြစ်ပေးတာမဟုတ်ဘူး။ တချို့ရှိတယ်။ မိသားစုဝင်တော့ဟုတ်တယ်။ ရဲ၊ ထွေအုပ်၊ သားသမီးတွေက သူတို့မိဘတွေ မတရားတာတွေလုပ်တဲ့အခါ သူတို့ကိုယ်တိုင်က သူတို့မိဘတွေရဲ့ လုပ်ရပ်ကို မထောက်ခံပါဘူး မနှစ်မြို့ပါဘူးလို့ ရဲရဲရင့်ရင့်ပြောတာတွေရှိတယ်။ အမှန်တရားဘက်ရပ်တည်တာရှိတယ်။ သူတို့လိုလူမျိုးကို ပြည်သူ့ဘက်တော်သားလို့ သတ်မှတ်ပါတယ်။ ပြောချင်တာကဗျာ။ ကျွန်တော်တို့က ဓမ္မနဲ့ အဓမ္မခွဲခြားသိပါတယ်။ အဓမ္မဝါဒီတွေကို ထောက်ခံနေတဲ့သူတွေကိုသာ ကျွန်တော်တို့က ဆိုရှယ်ပန်နစ်ရှ်မန့်လုပ်တာပါ။” လို့ဆိုပါတယ်။

သေနတ်နဲ့ပစ်တာကို အကြမ်းမဖက်တဲ့နည်းနဲ့ ခုခံတာဖြစ်တဲ့ အတွက် တရားမျှတမှုရှိတယ်လို့ယုံကြည်ကြောင်းလည်း ကိုတေဇာစန်းကဆိုပါတယ်။

ဘယ်လောက်များများဖြစ်နေသလဲ။ ဘယ်လောက်ကြာအောင်လုပ်ကြမလဲ။

နိုင်ငံရေးနဲ့ လူမှုရေး လုပ်ငန်းတွေကို ဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ ဒေါ်သိန္နီဦးကတော့ ပညာရေးအဖွဲ့အစည်းတွေကလည်း စစ်အုပ်စုနဲ့ ပတ်သက်သူမိသားစုဝင်တွေကို စကောလားရှစ်ပေးတာ ရပ်ဆိုင်းထားကြောင်း ပြောပါတယ်။ ဒါကိုကြည့်ရင် social punishment ကိုရေရှည်လုပ်သွားမယ်လို့ ယူဆရကြောင်းပြောပါတယ်။

တချို့စားသောက်ဆိုင်တွေ စျေးဆိုင်တွေမှာတော့ ရဲနဲ့စစ်သားတွေကိုမရောင်းပါလို့ စာတန်းချိတ်ဆွဲထားတာမျိုးလည်း တွေ့ရပါတယ်။ အဲသလိုဆောင်ရွက်တဲ့သူမျိုးတွေရော တော်တော်များပါသလားလို့ ရန်ကုန်မြို့မှာနေထိုင်သူ ဒေါ်သိန္နီဦးကို မေးမြန်းရာမှာတော့ “အဲဒါမျိုးကိုတော့ စောစောပိုင်းကတွေ့ပါတယ်။ နောက်ပိုင်းတော့ သိပ်မတွေ့တော့ဘူး။ လုံခြုံရေးတွေက ပိုက်ဆံပေးမဝယ်ကြတော့ဘဲ ငှက်ပျောသီးတို့၊ ပလာတာတို့၊ ဒန်ပေါက်တို့က အစ လုစားနေကြတော့ အဲသလို မရောင်းဘူးဆိုတဲ့ အဆင့်ထိတောင်ရောက်မလာတော့ပါဘူး။ မရောင်းလည်း လုစားနေတာလေ။ ဆိုင်တော်တော်များများ ပိတ်ထားရတဲ့အကြောင်းရင်းကိုက သူတို့လုမှာ ကြောက်လို့ ပိတ်ထားရတာက ပိုများတာကိုး။” လို့ဆိုပါတယ်။

“ဒါပေမဲ့ ဦးပိုင်က ထုတ်တဲ့ ကုန်ပစ္စည်းတွေကိုဆိုရင် ရပ်ကွက်ထဲကဆိုင်ကအစ အတင်မခံတော့တာဆိုတော့ တော်တော်များများတော့ လုပ်ကြတယ်ရှင့်။”

ထိပ်သီးစီးပွားရေးလုပ်ငန်းများကို ဒဏ်ခတ်မှု

လူမှုရေးဒဏ်ခတ်မှုကို လူတစ်ဦးတစ်ယောက်ချင်းစီအပေါ်မှာသာမကဘဲ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်တာမျိုးလည်း တွေ့ရပါတယ်။ ထုတ်ကုန်တစ်မျိုးချင်းကို အမည်တပ်ပြီး ဒဏ်ခတ်တာမျိုးလည်း တွေ့ရပါတယ်။

လူမှုရေးဒဏ်ခတ်မှုလုပ်ဖို့ အများအဆုံးတိုက်တွန်း ဆော်သြမှုခံရတဲ့ ကုမ္ပဏီတွေထဲမှာ မိုင်တဲ Mytel ကုမ္ပဏီဟာ ထိပ်ဆုံးက ပါပါတယ်။ မိုင်တဲဟာ မြန်မာနိုင်ငံမှာ တယ်လီကွန်မြူနီကေးရှင်း ဆက်သွယ်ရေးကုမ္ပဏီကြီး ၄ ခုရှိတဲ့အထဲက တစ်ခုဖြစ်ပါတယ်။ မိုင်တဲကုမ္ပဏီကို ဗီယက်နမ်စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဗီယက်တဲလ် ကုမ္ပဏီက ၄၉ ရာနှုန်းပိုင်ဆိုင်ပါတယ်။ မြန်မာစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ရဲ့လက်အောက်ခံကုမ္ပဏီတစ်ခုက ၂၈ ရာနှုန်းပိုင်ဆိုင်ပါတယ်။ မြန်မာစစ်တပ်နဲ့နီးစပ်သူ ကုမ္ပဏီ ၁၁ ခုပေါင်းထားတဲ့ မြန်မာနေရှင်နယ်တယ်လီကွန်းဦးပိုင်လီမိတက်က ၂၃ ရာနှုန်းပိုင်ဆိုင်ပါတယ်။

မိုင်တဲအပြင် ဦးပိုင်ကုမ္ပဏီနဲ့ MEC ကော်ပိုရေးရှင်းတို့ဟာလည်း လူမှုရေးဒဏ်ခတ်မှုလုပ်ဖို့ တိုက်တွန်းနှိုးဆော်တဲ့ဒဏ်ကို ကျယ်ကျယ်ပြန့်ပြန့်ခံရပါတယ်။

ဒီလိုတိုက်တွန်းနှိုးဆော်တာတွေကို လူအများက ဘယ်လောက်များလိုက်လုပ်ကြသလဲလို့ ဒေါ်သိန္နီဦးကို မေးကြည့်ပါတယ်။ ဒေါ်သိန္နီဦးဟာ နိုင်ငံရေးနဲ့ လူမှုရေး လုပ်ငန်းတွေကို ဆောင်ရွက်နေသူဖြစ်ပါတယ်။ အရင်က မာတာလို့ခေါ်တဲ့ Myanmar Alliance for Transparency and Accountability အဖွဲ့မှာ တာဝန်ထမ်းဆောင်ပြီး စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ပွင့်လင်းမှုရှိမရှိ၊ တာဝန်ခံမှုရှိမရှိကို အစီရင်ခံစာတွေ ပြုစုရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

“လူတော်တော်များများက လက်တွေ့လိုက်လုပ်နေတာကိုတွေ့မိပါတယ်။ အရင်တုန်းကတော့ ဦးပိုင်ကုမ္ပဏီရဲ့ ဆောင်ရွက်ချက်တွေ၊ မတရားသဖြင့်လုပ်နေတာတွေကို မာတာကဖော်ထုတ်ပြီး နိုင်ငံတကာကို အစီရင်စာပို့ခဲ့ပါတယ်။ ကျွန်မနောက်ဆုံးမှတ်မိသလောက်ဆိုရင် ဦးအောင်ကြည်ဦးဆောင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုလည်း အစီရင်ခံစာပို့ခဲ့တယ်။ ဒါပေမဲ့ ဘယ်သူကမှ အရေးယူတာမရှိခဲ့ဘူး။ ဦးပိုင်စီးပွားရေးတွေကိုလေ။ အခုတော့ လူထုက ဦးပိုင်စီးပွားရေးအောက်ကဖြန့်ဖြူးတဲ့ စားသောက်ကုန်တွေ၊ လူသုံးကုန်တွေကို မသုံးတော့ဘဲ ငြင်းပယ်တယ်ဆိုတာကို တော်တော်လေးတွေ့ရတယ်။ အခု ရပ်ကွက်ထဲက အရောင်းဆိုင်တွေမှာတောင် မတင်တော့ဘူးဆိုတာမျိုးပေါ့နော်။ အဲသလောက်အထိတွေ့လာတယ်။ လူထုရဲ့တုံ့ပြန်မှုက အဲသလောက်အထိမြန်တယ်ပေါ့နော်။ ဟိုရီပို့တွေထွက်နေတာထက်ပိုပြီး မြန်မြန်တုံ့ပြန်နိုင်တာ တွေ့ရတယ်။ အဲဒါတော့ သူတို့ထိခိုက်တယ်ရှင့်။”

မြန်မာဘီယာကုမ္ပဏီ Myanmar Brewery Ltd က သူတို့ဟာ လူ့အခွင့်အရေးကို လေးစားကြောင်း မည်သည့် အကြမ်းဖက်မှုကိုမှ လက်မခံကြောင်း မတ်လ ၁၉ ရက်နေ့မှာ စာထုတ်ပြန်ခဲ့ပါတယ်။ မြန်မာဘီယာဟာ ဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင် ထုတ်လုပ်လုပ်ကိုင်နေတဲ့အတွက် ပစ်မှတ်ထားဒဏ်ခတ်ကြဖို့ တိုက်တွန်းခံရတဲ့ ကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ သူတို့အနေနဲ့ လူ့အခွင့်အရေးကို လေးစားကြောင်းနဲ့ မည်သည့်အကြမ်းဖက်မှုကိုမှ လက်မခံကြောင်းစာထုတ်ပြန်လာရတာဟာ လူမှုရေးဒဏ်ခတ်မှုတွေရဲ့ ဖိအားကြောင့်ဖြစ်နိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမီးမခင်သီရိသက်မွန်၊ သားကိုအောင်ပြည့်စုံ၊ ချွေးမ မမျိုးရတနာထိုက်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပစ်မှတ်ထားဒဏ်ခတ်ဖို့ တိုက်တွန်းဆော်သြကြတာကိုလည်း တွေ့ရပါတယ်။

အောင်ဘာလေထီနှစ်ကြိမ်ပေါင်းဖွင့်ဖို့ကြေညာ

အောင်ဘာလေထီကိုတောင် လူတွေမထိုးကြဖို့ တိုက်တွန်းဆော်သြခဲ့ရာမှာ ထီထိုးသူအလွန်နည်းသွားခဲ့ပါတယ်။ ထီလက်မှတ်တွေ မကုန်တဲ့အတွက် ၂၆ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ဖို့ သတ်မှတ်ထားတဲ့ ဧပြီလ ၁ ရက်နေ့အစား မေလ ၁ ရက်နေ့မှာ ပြောင်းလဲဖွင့်မယ်လို့ မတ်လ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ထီလက်မှတ်မကုန်တဲ့အတွက် ထီရောင်းရက်ကို တစ်လတိုးမြှင့်လိုက်ရတာဖြစ်ပါတယ်။

အကျိုးသက်ရောက်မှု

လူမှုရေးဒဏ်ခတ်မှုတွေဟာ ဘယ်လောက်အကျိုးသက်ရောက်မှုရှိပါသလဲ။ ဒေါ်သိန္နီဦးကတော့ “သိပ်စနစ်တကျလုပ်တာမဟုတ်ဘဲ လက်လှမ်းမီသလောက်လုပ်တာတောင်ထိရောက်ပါတယ်။ သူတို့ တော်တော်တုန်လှုပ်လာတယ်။ အစက သူတို့က ကိုယ့်မင်းကိုယ့်ချင်းနေလာတာလေ။ သူတို့ကိုယ်သူတို့ မင်းမျိုးမင်းဆွေတို့လို သူများထက်သာတဲ့ အခွင့်အရေးရထိုက်သူလို့ ယူဆထားတယ်။ အခုသူတို့ကို လူတွေက လက်မခံဘူး။ သူတို့ကိုဖယ်ကြဥ်နေတယ်ဆိုတဲ့ဒဏ်ကို မခံနိုင်ကြတာတွေ့ရတယ်။ အထူးသဖြင့် ကျောင်းသူ ကျောင်းသားတွေထဲမှာ စစ်မိသားစု ကျောင်းသားတစ်ယောက် အပေါ်ဆက်ဆံပုံကွာခြားတဲ့အခါ မခံနိုင်ဖြစ်လာတာ တွေ့ရပါတယ်။” လို့ဆိုပါတယ်။

ထိရောက်မှု၊ အကျိုးသက်ရောက်မှုရှိကြောင်းကတော့ အငြင်းပွားစရာမရှိလောက်အောင် သိသာထင်ရှားပါတယ်။ ဒါပေမဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အငြင်းပွားမှုကတော့ ရှိပါတယ်။ မိဘတွေရဲ့ အကျိုးစီးပွားကို မျှဝေခံစားသူတွေ ဖြစ်ကြပေမဲ့ ကိုယ်တိုင်ပြစ်မှုကျူးလွန်သူမဟုတ်ကြတဲ့ အရွယ်မရောက်သေးသူတွေပါ လူ့အသိုင်းအဝိုင်းထဲမှာ မျက်နှာမဖော်ရဲလောက်အောင်၊ လူတောမတိုးရဲလောက်အောင် ပြစ်ဒဏ်ပေးတာမျိုးဟာ ကျင့်ဝတ်နဲ့ညီမညီ ဆိုတဲ့ အငြင်းပွားမှုဖြစ်ပါတယ်။

လှုပ်ရှားမှုကန်ပိန်းကို ဆောင်ရွက်ကြသူတွေကတော့ လူတစ်ဦးချင်းအပေါ်မှာ တရားမျှတမှုရှိမရှိဆိုတာထက် ရန်သူလို့ သတ်မှတ်ထားတဲ့ ပြိုင်ဘက်အုပ်စုကို စိတ်ဓာတ်ရေးရာအရ စစ်ဆင်နွှဲတဲ့ Psychological Warfare လို့သဘောထားပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတာမျိုးကို တွေ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56478600

လူမှုရေးဒဏ်ခတ်မှု သို့မဟုတ် စိတ်ဓာတ်စစ်ဆင်ရေး  လူမှုရေးဒဏ်ခတ်မှု သို့မဟုတ် စိတ်ဓာတ်စစ်ဆင်ရေး Reviewed by THITHTOOLWIN on 10:03 Rating: 5

No comments:

Powered by Blogger.