![]() |
ဓာတ်ပုံ-နန္ဒဝန်ရပ်ကွက်မှ ဦးခေါင်းထိမှန်ကျဆုံးသူအား အရေးပေါ်ခေါ်ဆောင်လာစဉ် |
မုံရွာ၊မတ်-၂၁
စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ရဲနှင့်စစ်တပ်မှ တရစပ်ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး ၅ ဦးကျည်မှန် ဒဏ်ရရထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
နံနက်၁၀နာရီကျော်က ရဲနှင့်စစ်တပ်မှ နန္ဒဝန်ရပ် ဗိုလ်တေဇ လမ်းအားရှင်း၍ ဝင်ရောက်ရာ ပြည်သူများနှင့် ထိပ်တိုက်တွေ့ကာ ပစ်ခတ်မှုဖြစ်ပြီး ကိုမင်းမင်းဇော် (၂၇)နှစ် ဦးခေါင်းကျည်ထိမှန်ကျဆုံးသည်။
၎င်းနေရာတွင် ခြေထောက်ထိမှန်သူ၊ ဂုတ်ပိုးကျည်ရှပ်ထိမှန်သူ ၂ဦး ရှိခဲ့သည်။
နေ့လယ်ပိုင်းတွင် နန္ဒဝန်ရပ်ကွက်ရှိ နယ်မြေရဲစခန်း(အမှတ်-၂)ဝန်းကျင် ရဲ၊စစ်တပ်နှင့် ဒေသခံတို့ ထပ်မံထိပ်တိုက်တွေ့ရာ ပစ်ခတ်မှုဆက်ဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် လူငယ်၃ ဦးကျည်ထိမှန်သည်။
ပေါင်မှန်သူ ၂ဦး (ရန်ကုန်နှင့် မြိုင်မြို့နယ်တို့မှ လာရောက်အလုပ်လုပ်သူ) နှင့် ဝမ်းဗိုက်၊ခါး၊လက်ကောက်ဝတ်၊ပုခုံးထိမှန်သော စက်မှုဇုန်-၁ နေ အသက် ၁၉နှစ်အရွယ်လူငယ် ၁ဦးတို့ဖြစ်သည်။
အဆိုပါ ဝမ်းဗိုက်ထိမှန်သော လူငယ် မှာကုသမှုခံနေပြီး စိုးရိမ်ရသော အခြေအနေရှိကြောင်း၎င်း၏ ယောက္ခမဖြစ်သူကပြောသည်။
မုံရွာတွင် မတ် ၃ရက်က ဆန္ဒပြလူထုကို ပစ်ခတ်ရာ၌ ၈ဦး၊ အဆိုပါနေ့က ပြင်းထန်ဒဏ်ရာရပြီး မန္တလေးတွင်ကုသစဉ် မတ်-၁၁ရက်က ကျဆုံးသူ ၁ဦး၊ မတ်-၁၅တွင် မုံရွာမှ ဆန္ဒပြပြန်ကားအား လိုက်ပစ်ရာတွင် ကျဆုံးသော ကားသမား ၁ဦး၊ လမ်း၌ ဖမ်းခံရပြီး ဒဏ်ရာများဖြင့်သေဆုံးသော CDM ဝင် သစ်တောဝန်ထမ်း ၁ဦး ၊ယနေ့ နန္ဒဝန်ရပ်ကွက်မှ ၁ဦး စုစုပေါင်း ကျဆုံသူ ၁၂ဦး ရှိပြီဖြစ်သည်။
Monywa Gazette

No comments:
Post a Comment