အဖမ်းခံရသူတွေ အင်းစိန်ထောင်ကနေ ပြန်လွတ်လာ၊ အသံတိတ်သပိတ် ဆက်လက်ဆင်နွှဲကြ



စစ်အာဏာရှင်ဆန့်ကျင်ကြတဲ့ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတို့က ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်ကနေ ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

စစ်တပ်နဲ့ရဲတို့က သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့လို့ သေဆုံးခဲ့ရသူတွေအတွက် အသံတိတ်သပိတ်ကိုလည်း ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေမှာ ပြုလုပ်ကြပါတယ်။

ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလကုန်နဲ့ မတ်လဆန်း ရက်ပိုင်းတွေက ဆန္ဒပြသူလို့ ဖမ်ဆီးခံခဲ့ရသူ ၄၀၀ ကျော်ကို ဒီနေ့ မနက် ၁၀ နာရီလောက်က အင်းစိန်ထောင်ကနေ သက်ဆိုင်ရာမြို့နယ်အသီးသီးဆီ YBS ကားတွေနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

တာမွေ၊ လှိုင်၊ မြောက်ဥက္ကလာနဲ့ စမ်းချောင်းမြို့နယ်တွေက ဆန္ဒပြသူတွေကို မတ်လ ၃ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ၂၁ ရက်အကြာမှာ ပြန်လွှတ်ပေးလိုက်တာလို့ ဒီနေ့ပြန်လွတ်လာသူတွေက ပြောပါတယ်။

တပ်မတော်က သက်ညှာတဲ့အနေနဲ့ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး နောက်တစ်ကြိမ်ဆိုရင်တော့ ပုဒ်မတပ် တစ်ခါတည်း တရားစွဲ ထောင်ချမယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင့်က ပြန်မလွှတ်ခင် ပြောကြားတယ်လို့ တာမွေမြို့နယ်မှာ အဖမ်းခံခဲ့ရပြီး ပြန်လွတ် လာတဲ့ကျောင်းသားတစ်ဦးက RFA ကို ပြောပါတယ်။

သပိတ်မှောက်ဆန္ဒပြခဲ့လို့ အဖမ်းခံခဲ့ရသူတွေ သောင်းနဲ့ချီရှိတဲ့အထဲ ပြန်လည်လွတ်မြောက်လာသူတွေရှိပြီး သေနတ်ကျည်ဆံထိမှန်လို့ သေဆုံးရသူပေါင်းကလည်း ၂၄၀ ကျော်ရှိနေပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်နဲ့ ရဲတို့က ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးနေပေမယ့်လည်း စစ်အာဏာရှင်ကျရှုံးရေးအတွက် ဆန္ဒပြသူတွေ ဆက်လက်သပိတ်မှောက်နေကြပြီး ဒီနေ့တော့ အိမ်ပြင်မထွက် အသံတိတ်တဲ့နည်းနဲ့ ဆန္ဒပြကြပါတယ်။

စစ်တပ်နဲ့ရဲတို့က သေနတ်တွေနဲ့အကြမ်းဖက်ပစ်ခတ်လို့ သေဆုံးသွားသူတွေကို ဝမ်းနည်းတဲ့အနေနဲ့ ငြိမ်သက် တိတ်ဆိတ်ပေးတဲ့အနေနဲ့ ဒီကနေ့ မတ် ၂၄ ရက်နေ့ကို ဈေးဆိုင်တွေ အားလုံးပိတ်၊ လမ်းပေါ် ဘယ်သူမှ မထွက်ဘဲ အိမ်မှာပဲနေပြီး အပြင်မထွက်ကြတဲ့ အသံတိတ်သပိတ်ကို တစ်ပြည်လုံးက မြို့တွေမှာ ပြုလုပ်ကြ တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ နောက်ထပ် သပိတ်မှောက်လှုပ်ရှားရတဲ့ နည်းလမ်းတစ်ခုအနေနဲ့ လုပ်တာလို့ မန္တလေးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ အသံတိတ်သပိတ်ပြုလုပ်တဲ့အနေနဲ့ ပုသိမ်မြို့က ဈေးဆိုင်တွေ ပိတ်ထား ကြပြီး လူသွားလူလာနည်းပါးနေသလို ဟင်္သာတမြို့မှာလည်း အသံတိတ်သပိတ်ပြုလုပ်တဲ့အနေနဲ့ ဈေးဆိုင်တွေ ပိတ်ထားပြီး လူသွားလူလာ နည်းပါးနေပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာဆိုရင်လည်း လမ်းမတွေပေါ်မှာ လူသွားလူလာမရှိသလောက်နည်းပါးနေပြီး ဈေးဆိုင်တွေအားလုံးနီးပါး ပိတ်ထားကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ရက်ပေါင်း ၅၂ ရက်အကြာမှာ ခုလိုအသံတိတ်သပိတ်လှုပ်ရှားမှုကို လုပ်ကြတာဖြစ်ပါတယ်။

ဒီကနေ့ အသံတိတ်သပိတ်လှုပ်ရှားမှုလုပ်ကြမယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို စစ်ကောင်စီက အင်တာနက်လိုင်းတွေကို ပိတ်ထားလို့ တချို့ဒေသတွေမှာတော့ ပါဝင်ဆင်နွှဲတာမရှိကြပါဘူး။

RFA Burmese



အဖမ်းခံရသူတွေ အင်းစိန်ထောင်ကနေ ပြန်လွတ်လာ၊ အသံတိတ်သပိတ် ဆက်လက်ဆင်နွှဲကြ အဖမ်းခံရသူတွေ အင်းစိန်ထောင်ကနေ ပြန်လွတ်လာ၊ အသံတိတ်သပိတ် ဆက်လက်ဆင်နွှဲကြ Reviewed by THITHTOOLWIN on 23:04 Rating: 5

No comments:

Powered by Blogger.