နှိမ်နင်းမှု တာဝန်ရှိသူတွေကို နိုင်ငံတကာဥပဒေ အရ အရေးယူနိုင်ဖို့ ကုလကျွမ်းကျင်သူတွေ တိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေကို နှိမ်နင်းတဲ့လုပ်ရပ်တွေဟာ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တာကြောင့် တာဝန်ရှိသူတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့ အရေးယူနိုင်အောင် စဉ်းစားကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက နိုင်ငံတကာ အသိုင်းအဝန်းကို တိုက်တွန်းလိုက်ပါတယ်။

အတင်းအကြပ် ပြောင်းရွှေ့ခိုင်းတာ၊ ဥပဒေမဲ့ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေအတွက် ဝမ်းနည်းကြောင်းလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၈ ယောက်ရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ဖယ်ရှားပြီး အာဏာသိမ်းချိန်ကစလို့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးသူ အနည်းဆုံး ၁၂၁ ယောက်နဲ့ ဖမ်းဆီးထားသူ ၂၄၀၀ ကျော် ရှိနေပြီး၊ ဘယ်နေရာမှာ ထားတယ်ဆိုတာကို မသိရဘူးလို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ လက်ခံရရှိထားတဲ့ သတင်းတွေအရ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ မီးရထားဝန်ထမ်း ၉၆၀ လောက်နဲ့ မိသားစုတွေ နေထိုင်ရာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်မှာ စစ်တပ်နဲ့ရဲက နာရီပေါင်းများစွာ ပိတ်ဆို့ထားခဲ့ပြီး၊ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကို အပြစ်ပေးတဲ့ အနေနဲ့ သေနတ်နဲ့ချိန် အတင်းအကြပ် မောင်းထုတ် ခံခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းနဲ့ ရှမ်းပြည်နယ် တောင်ကြီး အပါအဝင် တခြားဒေသတွေမှာလည်း အလားတူ အတင်းအကျပ် ဖယ်ရှားတဲ့ သတင်းတွေ ရရှိထားကြောင်းလည်း ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးတာ၊ အကျဉ်းရုံး ကွပ်မျက်တာ၊ သတ်ဖြတ်တာ အပါအဝင် ဆန္ဒပြသူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း ဥပဒေမဲ့ သတ်ဖြတ်မှုတွေနဲ့ ဖမ်းဆီးမှုဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွေ အပါအဝင် အထူးကိုယ်စားလှယ် ၈ ဦးရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံက အရပ်သား ပြည်သူတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ကျုးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ အရေးယူဖို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေက တိုက်တွန်းထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-protest-crack-down-un-/5819900.html

နှိမ်နင်းမှု တာဝန်ရှိသူတွေကို နိုင်ငံတကာဥပဒေ အရ အရေးယူနိုင်ဖို့ ကုလကျွမ်းကျင်သူတွေ တိုက်တွန်း နှိမ်နင်းမှု တာဝန်ရှိသူတွေကို နိုင်ငံတကာဥပဒေ အရ အရေးယူနိုင်ဖို့ ကုလကျွမ်းကျင်သူတွေ တိုက်တွန်း Reviewed by THITHTOOLWIN on 05:44 Rating: 5

No comments:

Powered by Blogger.