ပြည်ပရောက် မြန်မာတွေရဲ့ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုများ



Share/Bookmark
DC ဆန္ဒပြပွဲ ( 13 March 2021 ) (Photo - Khin Maung Soe Min)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတာကို ငြိမ်းချမ်းစွာဆန္ဒပြ နေသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှု တိုးလာတာကြောင့် နိုင်ငံတကာရဲ့အာရုံစိုက်မှု ပိုရလာစေဖို့နဲ့ ဖိအားဝိုင်းပေးနိုင်ဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စနေနေ့က နိုင်ငံတော်တော်များများမှာ ဆန္ဒပြ လှုပ်ရှားကြပါတယ်။ အမေရိကန်၊ ကနေဒါ၊ နော်ဝေ စတဲ့ နိုင်ငံအသီးသီးက ဒေသအသီးသီးမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာတော့ ဒီစီနဲ့အနီးတဝိုက် ပြည်နယ်တွေကရော ရပ်ဝေး ပြည်နယ်တွေကပါ လူရာနဲ့ချီ လာရောက်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို သတင်းစကားပါးနိုင်ဖို့ အိမ်ဖြူတော်နားမှာ ဆန္ဒပြခဲ့ကြတယ်လို့ ဦးဆောင်ပါဝင်သူ ဦးရင်အေးက ပြောပါတယ်။

" ကျနော်တို့ ဒီနေ့ဆိုရင် မတရား အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံနေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ တရုတ်သံရုံးရှေ့ ဆန္ဒပြခဲ့ကြတယ်။ အဲဒီကနေ ဝါရှင်တန်ဒီစီက လမ်းမကြီးတလျှောက် ချီတက်လာပြီးတော့ မြန်မာပြည်လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂနဲ့ အမေရိကန်က အကူအညီပေးဖို့ ကြွေးကြော်သံတွေနဲ့ ကျနော်တို့ ချီတက်ခဲ့ကြတယ်။ ပြီးတော့ ဒီနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန်ကို ကျနော်တို့ ပေးချင်တဲ့ တောင်းဆိုချင်တွေကို ကျနော်တို့ ကိုယ်စားလှယ် (၃)ယောက်ကနေ တင်ပြပြောဆိုမှာ ဖြစ်ပါတယ်။ အဲဒီကနေ ခုတော့ စစ်ကောင်စီရဲ့ စစ်သံရုံးမှာ လာရောက်ဆန္ဒပြနေတာ ဖြစ်ပါတယ်။ အဓိက ကတော့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အာဏာသိမ်း စစ်ကောင်စီကနေပြီး ကျူးလွန်နေတာကို ကျနော်တို့ အပြတ်အသတ် ရှုတ်ချဖို့အတွက် ဒီကိုလာပြီးတော့ စုရုံး ဆန္ဒပြကြတာ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ ကြားထဲက မြန်မာပြည်ထဲမှာ အရှုံးမပေးပဲ နေ့စဉ်ရက်ဆက် ဆက်တိုက် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြတဲ့ ပြည်တွင်းလှုပ်ရှားမှုတွေ အပေါ်မှာ ပြည်ပရောက်နေတဲ့ ကျနော်တို့ အင်အားစုတွေက အပြည့်အဝ ထောက်ခံတယ်။ အစွမ်းကုန်ထောက်ခံကူညီသွားမှာ ဖြစ်ပါတယ်။ "

အလားတူ အမေရိကန် အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ UN Plaza ရှေ့ စနေနေ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ တက်ကြွလှုပ်ရှားသူ ဦးကိုကိုလေးက ခုလို ပြောပါတယ်။

" ကျနော်တို့ ဒီနေ့လုပ်တဲ့ပွဲက ဒုသမ္မတ မန်းဝင်းခိုင်သန်းကို အပြည့်အဝ ထောက်ခံကြောင်း ကျနော်တို့ ဆန္ဒထုတ်ဖေါ်တာပါ။ တပြိုင်နက်ထဲမှာပဲ ဒီနေ့ မတ်လ(၁၃)ရက်နေ့ ဆိုတာက ၁၉၈၈ တုန်းက ကျနော်တို့ရဲ့ ရဲဘော်ရဲဖက် ကိုဖုန်းမော် ကျဆုံးတဲ့နေ့ ဖြစ်တဲ့အတွက်ကြောင့် မြန်မာပြည် လူ့အခွင့်အရေးနေ့လည်း ဖြစ်ပါတယ်။ အဲဒါအပြင် ဒေါက်တာဆာဆာ တောင်းဆိုထားတဲ့ R2P ကို ထောက်ခံတဲ့ သဘောနဲ့ ကျနော်တို့ ဆန္ဒပြနေတာ ဖြစ်ပါတယ်။ "

ဂျော်ဂျီယာပြည်နယ် အက်တလန်တာမြို့မှာတော့ တိုင်းရင်းသားပေါင်းစုံ လူ(၃၀၀)ဝန်းကျင်စုဝေးပြီး မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲမှုအတွင်း ကျဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲလုပ်ရင်း ဆန္ဒပြပွဲလုပ်ခဲ့ကြောင်း ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်တဲ့ ကိုကျော်ဝဏ္ဏထူးက ပြောပါတယ်။

" ကျနော်တို့ ဒီမှာ ဘာသာပေါင်းစုံ ဆုတောင်းကြတယ်။ CDM အတွက် ရန်ပုံငွေ ရှာကြတယ် တိုင်းရင်းသားပေါင်းစုံ စုစည်းပြီးလုပ်ကြတယ်ပေါ့။ နောက်တခါ တကမ္ဘာလုံး နိုင်ငံ့ခေါင်းဆောင်တွေ မေတ္တာရပ်ခံ နေတဲ့ကြားထဲက အာဏာသိမ်း စစ်ကောင်စီက အရှက်မဲ့ အတ္တကြီးစွာ လုပ်နေတာကိုတော့ ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး။ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ "

ကနေဒါနိုင်ငံမှာလည်း မြန်မာနိုင်ငံက စစ်အာဏာရှင်အုပ်ချုပ်မှု အဆုံးသတ်သွားစေရေး ဘာတွေ လုပ်ဆောင်နေသလဲ ဆိုတာကိုတော့ ကနေဒါ အွန်တားရီးယိုးပြည်နယ် မြန်မာကနေဒီယန်အသင်း ဦးဆောင်သူတဦးဖြစ်တဲ့ ဦးညွန့်လှက ပြောပါတယ်။

" နိုင်ငံတကာမှာရှိတဲ့ သံအမတ်ကြီးတွေ သံဝန်ထမ်းတွေထဲက တချို့က CDM ထဲ ပူးပေါင်းပါဝင်ပေမယ့် ကျနော်တို့ ကနေဒါ အော်တာဝါမြို့မှာရုံးစိုက်တဲ့ မြန်မာသံရုံးအနေနဲ့က CDM မှာ လုံးဝ ပါဝင်တာမျိုး မရှိသေးဘူး။ အဲဒါကြောင့်မို့ ကျနော်တို့ ဒီမှာရှိတဲ့ လူမျိုးပေါင်းစုံ ပါဝင်တဲ့ လူအင်အား (၁၀၀)ကျော်လောက် လာပြီးတော့ သံအမတ်ကြီးကို CDM မှာပါဝင်ဖို့အတွက် တောင်းဆိုကြတာ။ ဒါပေမဲ့ သံအမတ်ကြီးက ကိုယ်တိုင် ထွက်မတွေ့ပဲ ရဲကနေတဆင့် စာကို လက်ခံလိုက်တယ်။ ဆိုတော့ ကျနော်တို့ အောင်မြင်မှု မရဘူးလို့ပဲ ပြောရမှာပေါ့။ "

DC ဆန္ဒပြပွဲ

အလားတူ နော်ဝေနိုင်ငံ အော်စလိုမြို့က စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုတော့ ၈၈ မျိုးဆက် မြန်မာ့အရေးလှုပ်ရှားသူ ဦးမြင့်အေးက ရှင်းပြပါတယ်။

" စစ်အာဏာသိမ်းတာကို မျိုးဆက်တွေ အကုန်လုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်တာကို ကျနော်တို့ တွေ့ရတဲ့အခါမှာ နော်ဝေ ရောက်နေတဲ့ ကျနော်တို့ ဗမာပြည်သားတွေကလည်း ကျနော်တို့ တတ်နိုင်တဲ့ဖက်က ဝန်းရံတဲ့ သဘောပေါ့နော်။ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီထဲက လူတွေကို အဆက်အဆံ လုပ်မယ့်ကိစ္စ မျိုးတွေကိုတော့ ကျနော်တို့က တတ်နိုင်သလောက် ဟန့်တားဖို့ ကြိုးစားတယ်ပေါ့ ၊ ဥပမာအားဖြင့် - အင်ဒိုနီးရှားက စစ်ကောင်စီဝင်ကို သွားတွေ့မယ့်ကိစ္စမျိုးဆိုလည်း ကျနော်တို့က သံရုံးကို သ ွားရောက် ကန့်ကွက်တယ်။ နောက်တခါ လုံခြုံရေးကောင်စီမှာ R2P မဝင်ဖို့ တရုတ်က ပြောတဲ့အခါမျိုးမှာ ကျနော်တို့က တရုတ်သံရုံးကို သွားပြီးတော့ ကန့်ကွက်ဆန္ဒပြကြတယ်။ ဒီတိုက်ပွဲကတော့ အောင်ကိုအောင်မယ်လို့ လုံးဝ ယုံကြည်ထားတယ်။ "

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေ မလုပ်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက သတိပေးနေတဲ့ ကြားမှာပဲ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ စနေနေ့က သေဆုံးသူ တဒါဇင်လောက်နဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။ အာဏာပိုင်တွေရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေ ရှိနေပေမဲ့လည်း စစ်အာဏာသိမ်းမှု ကန့်ကွက်လှုပ်ရှားမှုတွေဟာလည်း ပြည်တွင်း၊ ပြည်ပမှာ ဆက်လက် အရှိန်မြင့်နေဆဲ ဖြစ်ပါတယ်ခင်ဗျာ။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/5813677.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ