ပြည်မြို့မှာ ဆန္ဒပြသူတွေ ရိုက်နှက်ဖြိုခွဲခံရပြီး သတင်းထောက် တစ်ယောက် အပါအဝင် ၄ ဦး ဖမ်းဆီးခံရ

ဖမ်းဆီးခံရတဲ့ သတင်းထောက် ကိုမင်းညို


ဒီနေ့ မတ်လ ၃ ရက် မနက်ပိုင်း စစ်အာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒပြကြဖို့ လူတွေ ပြည်မြို့ နာရီစင်မှာ အယောက်လေးငါးဆယ်လောက် စတင် စုဝေးနေစဉ်မှာပဲ စစ်ကား ၂ စီးနဲ့ ရဲကား ၂စီး ရောက်လာပြီး လိုက်လံဖမ်းဆီး ဖြိုခွဲတဲ့အတွက် လူတွေ အပြေးအလွှား ထွက်ပြေး ခဲ့ကြရတယ်လို့ ဒေသခံ သတင်းထောက်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

DVB က သတင်းထောက် ကိုမင်းညိုနဲ့ ဆန္ဒပြသူတချို့ အနီးအနားမှာ ရှိတဲ့ အိမ်တစ်အိမ်မှာ ဝင်ရောက်ပုန်းခိုနေစဉ် အိမ်တံခါးကို ရဲနဲ့ တပ်က အတင်းတွန်းဝင်လာပြီး အိမ်ပေါက်ဝ အရှေ့ဆုံးမှာ ရှိနေတဲ့ ကိုမင်းညိုကို ရိုက်နှက် ခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး သူကပြောပါတယ်။

သတင်းထောက်ဟာ ရိုက်တဲ့ ဒဏ်ရာကြောင့်ခေါင်းကွဲသွားပြီး မျက်နှာမှာ သွေးတွေ စီးကျနေတာ တွေ့ကြရတယ်လို့လည်း ဆိုပါတယ်။ တခြား ဆန္ဒပြနေတဲ့ ပြည်သူ ၂ ယောက်လည်း ရိုက်နှက်ဖမ်းဆီးတာခံခဲ့ရတယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းတာကို ဆန္ဒပြကြတဲ့ကျောင်းသားတွေ၊ ပြည်သူတွေ စုဝေးရာဖြစ်တဲ့ ပြည် တက္ကသိုလ်ဝင်းကို ဖေဖော်ဝါရီလ ၂၈ ညနေပိုင်းကတည်းက ရဲနဲ့ စစ်တပ်က ပိတ်ဆို့ခဲ့ကာ မတ်လ ၁ ရက်နေ့ကတည်းကစလို့ အဲဒီ တက္ကသိုလ်ဝင်းထဲမှာ နေရာယူထားကြပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြည်မြို့ကဆန္ဒပြပွဲတွေကို ဖြိုခွင်းမှုမှာ မြေလတ်အသံ သတင်းဌာနက သတင်းထောက် တစ်ယောက်လည်း မျက်နှာကို ရာဘာကျည်ထိမှန်တဲ့ ဒဏ်ရာရခဲ့ပါတယ်။ ဒီနေ့ဖမ်းဆီးခံထားရတဲ့ ၄ ယောက်အပါအဝင် ဆန္ဒပြတာကြောင့် ပြည်မြို့မှာ ဖမ်းဆီးထိန်းသိမ်းသူ အနည်းဆုံး ၁၃ ယောက်ရှိတယ်လို့လည်း သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

ပြည်မြို့မှာ ဆန္ဒပြသူတွေ ရိုက်နှက်ဖြိုခွဲခံရပြီး သတင်းထောက် တစ်ယောက် အပါအဝင် ၄ ဦး ဖမ်းဆီးခံရ  ပြည်မြို့မှာ ဆန္ဒပြသူတွေ ရိုက်နှက်ဖြိုခွဲခံရပြီး သတင်းထောက် တစ်ယောက် အပါအဝင် ၄ ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:44 Rating: 5

No comments:

Powered by Blogger.