ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနဲ့ တွေ့ခွင့်ရတော့မလား

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသင်တန်းကျောင်းဖွင့်ပွဲမှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မ ၅ မှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ရှေ့နေနှစ်ဦးရဲ့ ကိုယ်စားလှယ်လွှဲစာကို မတ်လ ၂၅ ရက်နေ့မှာ ရဲတပ်ဖွဲ့ဘက်က ပထမဆုံးအကြိမ် ထုတ်ပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးဖို့ ဝါရင့်ရှေ့နေကြီးတွေဖြစ်တဲ့ ဦးကြည်ဝင်း၊ ဦးခင်မောင်ဇော် တို့အပါဝင် ရှေ့နေ ၆ ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက်က တရားရုံးကို လျှောက်လဲထားပေမယ့် ဒေါ်မင်းမင်းစိုးနဲ့ ဦးယုယချစ် လူငယ်ရှေ့နေနှစ်ဦးသာ ကိုယ်စားလှယ်လွှဲစာ ရခဲ့တာပါ။

ဒီကနေ့ မတ်လ ၂၅ ရက်နေ့ ရှေ့နေ ပါဝါရရှိထားတဲ့ ဒေါ်မင်းမင်းစိုးကတော့ အရင်ဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရအောင် ကြိုးစားသွားပြီး ညွှန်ကြားချက် တောင်းခံမယ်။ အတိုင်ပင်ခံကို စွပ်စွဲထားတဲ့ အမှုတွဲတွေကို တရားဝင် လေ့လာသိရှိဖို့ရအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ ဖေဖော်ဝါရီလ ၁၆ ရက် ဇဗ္ဗူသီရိတရားရုံးမှာ အွန်လိုင်းကနေတစ်ဆင့် ပထမဆုံးအကြိမ် ရုံးထုတ်ကတည်းက ရှေ့နေ ငှားရမ်းချင်တယ်လို့ တောင်ဆိုထားပေမဲ့ ဒီကနေ့အထိ အကျိုးဆောင်ရှေ့နေတွေနဲ့ တွေ့ခွင့်မရသေးပါဘူး။

ဒီအမှုတွေအတွက် လိုက်ပါဆောင်ရွက်ပေးဖို့ ကြိုးစားနေတဲ့ ရှေ့နေတွေဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် မရသေးဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

"ကျွန်တော်တို့ဘက်ကတော့ တရားသူကြီးကနေ တစ်ဆင့်ကော၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ ရဲတပ်ဖွဲ့ကိုကော ဥပဒေအချက်အလက်တွေ၊ သူ့ရဲ့ အခွင့်အရေး၊ နိုင်ငံတကာ စံနှုန်းတွေ၊ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အလက်တွေကို တင်ပြပြီး တောင်းဆိုခဲ့ပေမဲ့ အခုထိ တွေ့ခွင့်မရသေးဘူး" လို့ ဆိုပါတယ်။


ဖမ်းဆီးထိန်းသိမ်းခံရပြီး ရက်ပေါင်း ၅၀ ကျော်အထိ ရှေ့နေနဲ့ တွေ့ခွင့်မရသေးတာကြောင့် အမှုသည်ဘက်က နစ်နာမှုတွေ ရှိတယ်လို့လည်း ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

"ထိန်းသိမ်းခံရပြီးကတည်းက တွေ့ခွင့်ရဖို့၊ ရှေ့နေပါဝါရဖို့ အတော်ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတယ်။ ကာလရှည်ကြာသွားတဲ့အခါမှာ စွပ်စွဲခံရသူဘက်က နစ်နာတယ်။ ရှေ့နေပါဝါရပြီဆိုတော့ လုပ်စရာရှိတာတွေ ဆက်လုပ်သွားရမယ်။တခြားရှေ့နေတွေပါ ပါဝင်ခွင့်ရအောင် တောင်းဆိုမယ်။ တရားခွင်အနေအထားပေါ်မူတည်ပြီးတော့ ဆောင်ရွက်လို့ ရသမျှဥပဒေအခွင့်အရေးတွေ အကုန်လုံးကို တောင်းဆိုသွားမှာပါ" လို့ ဒေါ်မင်းမင်းစိုးက ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီဘက်က နေပြည်တော် ဇဗ္ဗူသီရိတရားရုံးမှာ ပုဒ်မ ၄ ခုနဲ့ တရားစွဲထားသလို ရန်ကုန်မှာလည်း နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထပ်တိုး တရားစွဲထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ စကားပြောစက်တွေ တွေ့ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ခွင့်ပြုချက်မရဘဲ တင်သွင်းခဲ့တယ်လို့ စွပ်စွဲပြီး သွင်းကုန်ပို့ကုန် ဥပဒေ ပုဒ်မ ၈ နဲ့ အရင်ဆုံး တရားစွဲခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာတော့ ဇဗ္ဗူသီရိတရားရုံးမှာ အွန်လိုင်းကနေတစ်ဆင့် ပထမဆုံးအကြိမ် ရုံးထုတ်ပြီး ရွေးကောက်ပွဲကာလအတွင်း မဲစည်စည်းရုံးရေးယာဉ်တန်းကို ကြိုဆိုခဲ့မှုနဲ့ ကိုဗစ်ဆိုင်ရာ စည်းမျည်းစည်းကမ်းတွေ ချိုးဖောက်မှု သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၂၅ နဲ့ ထပ်တိုးအမှုဖွင့်ခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့ ဒုတိယအကြိမ်ရုံးချိန်းမှာတော့ နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေး ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိတယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့နဲ့ ထပ်မံ တရားစွဲပါတယ်။

အခုနောက်ဆုံးမှာတော့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ နဲ့ ရန်ကုန်မြို့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ အမှုဖွင့်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေအဖြစ်ဘက်ပါဆောင်ရွက်ပေးဖို့ ကြိုးစားနေတဲ့ ရှေ့နေတွေက ပြောပါတယ်။

သွင်းကုန်ပို့ကုန် ဥပဒေနဲ့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတွေဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပါတယ်။

နိုင်ငံတော်အစိုးရ ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင် အများပြည်သူကို လှုံဆော်တဲ့ ဥပဒေ၊ နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ ပုဒ်မလို့ လူသိများတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ကတော့ ပြစ်မှုထင်ရှားရင် ထောင် ၂ နှစ်အထိ ကျခံရနိုင်ပါတယ်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ကတော့ ထောင် ၁ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်ပါတယ်။

နိုင်ငံတော်ရဲ့ လုံခြုံရေး ဒါမှမဟုတ် အကျိုးစီးပွားကို ထိခိုက်အောင် လုပ်တဲ့ အပြုအမူ တစ်ခုခု ကျုးလွန်ရင် စွဲလေ့ရှိတဲ့ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေကတော့ အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်းစစ်ကောင်စီဘက်က အခုလို ပုဒ်မတက် တရားစွဲဆိုရုံသာမက အဂတိလိုက်စားမှု ငြိစွန်းတယ်ဆိုပြီးတော့လည်း စွပ်စွဲထားပါတယ်။

စေပိုင်ကုမ္ပဏီ ဦးမောင်ဝိတ်ဆီကနေ အမေရိကန် ဒေါ်လာ ၅ သိန်းခွဲ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီကနေ ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီရွှေ ၇ ပိဿာကို ဒေါ်အောင်ဆန်းစုကြည် ရယူခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဒါဟာ ကြီးလေးတဲ့ ပုဒ်မတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲနိုင်ဖို့ စစ်ကောင်စီဘက်က ခြေလှမ်းပြင်နေ ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်းစစ်တပ်ဘက်က အဂတိလိုက်စားမှုစွဲချက်နဲ့ ထပ်တိုး တရားစွဲတာ မရှိသေးပေမဲ့ အတိုင်ပင်ခံနဲ့ သမ္မတတို့ရဲ့ အခုနောက်ဆုံး တရားရုံးချိန်း ၂ ခုကိုတော့ အင်တာနက်မကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။

CRPH ၊ ရှောင်တာနဲလ် နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ ခ ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ ဆက်စပ်နေတယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

"ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ CRPH က ထုတ်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ပါတီရဲ့ ခေါင်းဆောင်အနေနဲ့ တာဝန်ရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ကို ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုတွဲတင်တယ်" လို့ ဦးခင်မောင်ဇော်က ဆိုပါတယ်။

ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ CRPH အဖွဲ့ရဲ့ ဖေဘွတ်ခ်စာမျက်နှာမှာ ဖေဖော်ဝါရီလ ၆ ရက် ရက်စွဲနဲ့ တင်ခဲ့တဲ့ ထုတ်ပြန်ချက်မှာတော့ စစ်အာဏာသိမ်းမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီသလို စစ်ကောင်စီရဲ့ အစိုးရအဖွဲ့ကို အသိအမှတ်မပြုကြောင်းနဲ့ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးခံထားရသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ဖို့အတွက် CRPH အဖွဲ့ကို တည်ထောင်တယ်ဆိုပြီး ဖော်ပြထားပါတယ်။

တစ်ခါ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်မှာ စွဲဆိုထားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးအဖြစ် ဆောင်ရွက်နေတဲ့ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်နဲ့ ပတ်သက်မှု ရှိမယ်လို့ ဦးခင်မောင်ဇော်က ယူဆပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာ ရှောင်တာနဲလ် အပါအဝင် ၅ ဦးရဲ့ အမှုကို မတ်လ ၂၅ ရက်နေ့မှာ အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးတင်ခဲ့တယ်လို့ သိရကြောင်းလည်း ဦးခင်မောင်ဇော်က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ အစောပိုင်းကတည်းက ဖမ်းဆီးခံထားရတဲ့ မစ္စတာ ရှောင်တာနဲလ်ကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃(၁)၊ အစိုးရလျှို့ဝှက်ချက် ဥပဒေ ၃/၁ (ဃ) တို့နဲ့ စစ်ဆေးနေတယ်လို့ စစ်ကောင်စီဘက်က မတ်လ ၂၃ သတင်းစာရှင်းလင်းပွဲမှာ ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒါပေမဲ့ ဒီအမှုအတွက် မစ္စတာ ရှောင်တာနဲလ်ကိုယ်တိုင်ကော ဒေါ်အောင်ဆန်းစုကြည်ပါ ရှေ့နေငှားရမ်းခွင့် တရားဝင် မရသေးတာကြောင့် အတိအကျ မသိရသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နေပြည်တော်မှာပဲ ထိန်းသိမ်းထားတယ်လို့ဆိုပေမယ့် အာဏာသိမ်းပြီး ရက် ၅၀ ကျော်ကြာလာတဲ့အထိ သူတို့ ဘယ်မှာရှိနေလဲဆိုတာ အတိအကျမသိရသေးပါဘူး။ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးခံထားရသူ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ထပ်တလဲလဲ တောင်းဆိုနေကြပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56513280

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနဲ့ တွေ့ခွင့်ရတော့မလား ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနဲ့ တွေ့ခွင့်ရတော့မလား Reviewed by THITHTOOLWIN on 05:38 Rating: 5

No comments:

Powered by Blogger.