စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးသူ စုစုပေါင်းအနည်းဆုံး ၂၃ ဦးရှိ


ပစ်ခတ်မှုကြောင့် အများအပြားသေဆုံးခဲ့ပေမဲ့ ဆက်လက်ဆန္ဒပြနေဆဲ

ဖေဖော်ဝါရီလ ၂၈ နေ့က မြန်မာနိုင်ငံမြို့ကြီးအများအပြားမှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းမှုကြောင့် မြန်မာတနိုင်ငံလုံးမှာ အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူအဖြစ် အတည်ပြုလို့မရသေးဘဲ သေဆုံးစာရင်းထွက်ပေါ်နေသူတွေ၊ ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂၈ ရက်မတိုင်ခင်အထိ သေဆုံးသူစုစုပေါင်း ၈ ဦးရှိပါတယ်။ ဒါ့ကြောင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ သေဆုံးသူစုစုပေါင်း အရေအတွက်ဟာ အနည်းဆုံး ၂၃ ဦး ဖြစ်ပါတယ်။

ရန်ကုန် ၄ ယောက်

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့မှာ အနည်းဆုံး လူ ၄ ယောက်သေဆုံးခဲ့ပါတယ်။

ကိုညီညီအောင်ထက်နိုင်

လှည်းတန်းမှာ ဆန္ဒပြနေသူ အသက် ၂၃ နှစ်အရွယ် ကိုညီညီအောင်ထက်နိုင်ဟာ ဝမ်းဗိုက်မှာ သေနတ်ကျည်ဆံထိမှန်ကွယ်လွန်ခဲ့ပါတယ်။

ကိုညီညီအောင်ထက်နိုင်ဟာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှာ မြန်မာစာဘာသာရပ်သင်ယူနေတဲ့ တက္ကသိုလ်ကျောင်းသားတဦးဖြစ်ပါတယ်။

လှည်းတန်းမှာ ဆန္ဒပြသူတွေကို စစ်တပ်က ရှေ့နောက်နှစ်ဖက်ညှပ်ပိတ်ဆို့ခဲ့တယ်လို့ ကိုညီညီအောင်ထက်နိုင်နဲ့ အတူ ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ သူ့ရဲ့အမြွှာညီအစ်ကိုက လူမှုကွန်ရက်ပေါ်မှာ ဗီဒီယိုဖိုင်တင်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။

ပထမတကြိမ် ရှေ့နောက်နှစ်ဖက်ညှပ်ပစ်တဲ့အတွက် လမ်းကြားတွေထဲကို ဝင်ရောက်တိမ်းရှောင်ခဲ့ပြီးနောက် အနည်းငယ်ငြိမ်သက်သွားချိန်မှာ သူတို့ လမ်းပေါ် ပြန်ထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့လမ်းပေါ်ပြန်ထွက်ပြီး လူ ၁၀၀၀ လောက်စုဝေးမိချိန်မှာ စစ်တပ်က အားလုံးလမ်းပေါ်မှာထိုင်ကြဖို့ အမိန့်ပေးတဲ့အတွက် သူတို့အားလုံးအမိန့်အတိုင်း လမ်းပေါ်မှာ ငြိမ်ငြိမ်သက်သက်ထိုင်နေခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲသလို လမ်းပေါ်ထိုင်ပြီးနောက်မှာ နောက်တကြိမ်ပစ်ခတ်လို့ ထွက်ပြေးကြပါတယ်။

အဲသလို ထွက်ပြေးကြချိန်မှာ ကိုညီညီအောင်ထက်နိုင်ဟာ ကမာရွက် အမှတ် ၅ အထက်တန်းကျောင်းဆိုင်းဘုတ်ရှေ့မှာ ဝမ်းဗိုက်ကို သေနတ်ထိမှန်ပြီး သွေးအိုင်ထဲ အတန်ကြာလဲနေခဲ့တာကို အွန်လိုင်းဗီဒီယိုတွေထဲမှာ မြင်တွေ့ရပါတယ်။ သေနတ်နဲ့ပစ်ခတ်နေတဲ့အတွက် သူ့ကို ဘယ်သူမှထွက်မဆွဲရဲခဲ့ဘဲ မိနစ် ၂၀ လောက်ကြာပြီးနောက်မှ သွားရောက်ဆွဲယူခဲ့ရာမှာ ဆွဲယူသူလည်း နံဘေးကို သေနတ်ကျည်ဆံထိမှန်ခဲ့တယ်လို့ အမြွှာညီအစ်ကိုဖြစ်သူက ပြောပါတယ်။

ကိုညီညီအောင်ထက်နိုင်ဟာ ဆေးရုံရောက်ပြီးနောက် ကွယ်လွန်ခဲ့ပါတယ်။

ကိုဇင်လင်းထက်

ကိုဇင်လင်းထက်လို့ခေါ်တဲ့ အသက် ၂၀ အရွယ် လူငယ်အလုပ်သမားတယောက်ဟာလည်း လှည်းတန်း ပစ်ခတ်နှိမ်နင်းမှု ဖြစ်စဥ်အတွင်းမှာ ဦးခေါင်းကို သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ ဆေးရုံကရေခဲတိုက်ကို ရောက်လာချိန်မှာ မျက်လုံးတလုံး ပါမလာတော့ဘူးလို့ မျက်မြင်သိရှိသူတွေက လူမှုကွန်ရက်မှာ ရေးသားခဲ့ကြပါတယ်။

ကိုဇင်လင်းထက်ဟာ ကျိုက်ထိုဇာတိဖြစ်ပြီး ရန်ကုန်မှာ အလုပ်လာလုပ်တဲ့သူဖြစ်ပါတယ်။ လှိုင်သာယာမှာ အဆောင်ငှားရမ်းနေထိုင်ပါတယ်။

ဆရာမဒေါ်တင်နွဲ့ရီ

လှိုင်သာယာမြို့နယ် အထက်တန်းကျောင်းခွဲ လ (၁၀) က အလယ်တန်းပြဆရာမတဦးဖြစ်သူ ဒေါ်တင်နွဲ့ရီဟာ ကြည့်မြင်တိုင်မှာ ဆန္ဒပြဖို့ စုစည်းနေစဥ် လက်မောင်းကို သေနတ်ကျည်ဆန်ထိမှန်ပြီး နှလုံးရောဂါဖောက်သေဆုံးခဲ့ပါတယ်။

ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ ရန်ကုန်တိုင်းပညာရေးမှူးရုံးရှေ့မှာ တခြားပညာရေးဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ အတူ ဆန္ဒပြဖို့ စောင့်ဆိုင်းနေစဥ် မနက် ၈ နာရီခွဲအချိန်မှာ စစ်ကားနှစ်စီးရောက်လာပြီး မျက်ရည်ယိုဗုံးနဲ့ပစ်၊ သေနတ်နဲ့လည်း ပစ်ခတ်လူစုခွဲခဲ့ပါတယ်။ ဆရာ၊ ဆရာမအများအပြားမှာ ရာဘာကျည်ဆံထိမှန်ထားတဲ့ ဓာတ်ပုံတွေကို တွေ့ရပါတယ်။

ဆရာမဒေါ်တင်နွဲ့ရီကတော့ လက်မောင်းမှာ ကျည်ဆန်ထိမှန်ပြီး နှလုံးရောဂါဖောက် ကွယ်လွန်ခဲ့ပါတယ်။ ဆရာမ ဒေါ်တင်နွဲ့ရီဟာ အသက် ၅၉ နှစ်ရှိပြီလို့ သိရပါတယ်။

ရာဘာကျည်ဆန်အများအပြားအသုံးပြုခဲ့ပေမဲ့ ဆရာမဒေါ်တင်နွဲ့ရီရဲ့ လက်မောင်းကိုထိခဲ့တဲ့ ကျည်ဆန်ဟာ ရာဘာကျည်ဆန်လား၊ ကျည်ဆန်အစစ်လားဆိုတာ အတည်မပြုနိုင်သေးပါဘူး။

ကိုဟိန်းထွဋ်အောင်

သင်္ဃန်းကျွန်းစံပြစျေးအနီး ဘဝမြင့်မှတ်တိုင်အနီးမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲခဲ့ရာမှာ အများအပြားဒဏ်ရာရခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကိုဟိန်းထွဋ်အောင်ဟာ ဘဝမြင့်မှတ်တိုင်အနီးမှာ ကိုယ်ဝန်ဆောင် ဇနီးသည်နဲ့အတူရှိနေစဉ် ကျည်ဆန်ထိမှန်ကွယ်လွန်ခဲ့ပါတယ်။ လည်ပင်းကို သေနတ်ကျည်ဆန်ထုတ်ချင်းပေါက်ဝင်ရောက်သွားခဲ့ပါတယ်။

အတူတူရှိနေခဲ့တဲ့ ဇနီးသည်ဟာ ကိုယ်ဝန် ၃ လဆောင်ထားသူဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဆန္ဒပြသူတွေကို စစ်တပ်က ဖြိုခွဲနှိမ်နင်းရာမှာ ရန်ကုန်မြို့မှာ အနည်းဆုံး လူ ၄ ယောက်သေဆုံးခဲ့ပါတယ်။ ရန်ကုန်မြို့မှာ သေဆုံးသူ ၅ ယောက်ရှိတယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုမှုရှိကြပေမဲ့ ကျန် ၁ ယောက်ကို ဘီဘီစီက အတည်မပြုနိုင်သေးပါဘူး။

သေဆုံးသူတွေအတွက် အမှတ်တရ ပန်းစည်းချ

ပဲခူး ၂ ယောက်

ပဲခူးမြို့မှာ အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ပါတယ်။

သေဆုံးသူထဲက တဦးကတော့ အသက် ၁၈ နှစ်အရွယ် လူငယ်အမျိုးသား ကိုကြည်မင်းလှိုင်ခေါ် ခေါင်းကြီး ဖြစ်ပါတယ်။ သူဟာ မဇင်း ၁ လမ်းမှာနေထိုင်ပြီး ဒို့ဗမာအစည်းအရုံးအဖွဲ့ဝင် သခင်လှကြိုင်ရဲ့မြစ် ဖြစ်ပါတယ်။

နောက်သေဆုံးသူတဦးကတော့ ပဲခူးမြို့ဇိုင်းမြောက်ရပ်ကွက်က အသက် ၁၈ နှစ်အရွယ်လူငယ် ကိုစိုး ခေါ် ကိုစည်သူစိုး ဖြစ်ပါတယ်။

ဆန္ဒပြသူတွေကို ပဲခူး အထက ၃ ရှေ့ ရန်ကုန်မန္တလေးကားလမ်းမပေါ်မှာ နေရာယူထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ သေဆုံးသူနှစ်ယောက်ဟာ ဂျိုးသိန်းတိုက်ပေါ်ကနေ စနိုက်ပါနဲ့ချောင်းမြောင်းချိန်ရွယ် ပစ်ခတ်မှုကြောင့် သေဆုံးတာလို့ ဆန္ဒပြသူတွေက ယူဆတဲ့အတွက် ဂျိုးသိန်းအဆောက်အဦကို ဝိုင်းဝန်းဖျက်ဆီးမှုတွေ ရှိခဲ့ပါတယ်။

ဂျိုးသိန်းတိုက်ပေါ်ကနေ စနိုက်ပါနဲ့ပစ်ခတ်တာ ဟုတ်မဟုတ် ဘီဘီစီက သီးခြားကင်းလွတ်တဲ့ အတည်ပြုချက် မရရှိပါဘူး။

ပဲခူးမှာ နောက်ထပ်သေဆုံးသူ တဦးရှိသေးတယ်လို့ဆိုပေမယ့် အတည်မပြုနိုင်သေးပါဘူး။

မန္တလေး ၃ ယောက်

မန္တလေးမှာ ဖေဖော်ဝါရီလ ၂၈ ရက်တရက်တည်းတွင် ၃ ယောက်သေဆုံးခဲ့ပါတယ်။

မဒေစီ ခေါ် အပု

မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီလောက်အချိန်က စစ်တပ်နဲ့ ရဲအဖွဲ့ဟာ ၃၅ လမ်းတလျှောက် လမ်းပေါ်မှာလမ်းလျှောက်ပြီး သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့ပါတယ်။

၃၅ လမ်းတလျှောက် ၆၂ လမ်းကနေ ၇၈ လမ်းအထိ တောက်လျှောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

၇၅ လမ်းနဲ့ ၇၆ လမ်းအကြား ၃၅ လမ်းပေါ်မှာ ဆန္ဒပြရာမှာ မပါဝင်တဲ့ အမျိုးသမီးတဦး ဦးခေါင်းကို သေနတ်ကျည်ဆန် ထိမှန် သေဆုံးခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ အိမ်ရှေ့ထွက်ကြည့်စဥ် ဦးခေါင်းကို သေနတ်ကျည်ဆံထိမှန်ခဲ့တာဖြစ်ပါတယ်။

အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး အမည်က မဒေစီ ခေါ် အပုဖြစ်ပါတယ်။ သားသမီးငယ်တဦးရှိပါတယ်။ တဦးတည်းမိခင် single mother လို့ ဆိုပါတယ်။

၃၅ လမ်းတလျှောက်မှာ စစ်တပ်နဲ့ရဲအဖွဲ့က လမ်းတလျှောက်သွားလာရင်း ပစ်ခတ်ရာမှာ လမ်းမပေါ်သာမက တံခါးပိတ်ထားတဲ့ ဝင်းအတွင်းကိုပါ တံခါးပေါက်ကနေ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။

စင်္ကြာနွယ်စဥ်ရပ်က ဘုန်းအိုးဝင်းမှာတော့ မန္တလေးမှာရှိတတ်တဲ့ အတွင်းအိမ်တွေအတွက် သီးသန့်ဝင်းတံခါးကို သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီးပြီးဝင်းထဲအထိဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

အပေါ်ထပ်မှာရှိတဲ့လူနေအိမ်တွေကို သေနတ်နဲ့ရော၊ လေးခွနဲ့ပါ ပစ်ခတ်နေတာကိုလည်း အရပ်သားတွေရိုက်ကူးလွှင့်တင်တဲ့ ဗီဒီယိုထဲမှမြင်တွေ့ရပါတယ်။

အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုမောင်မောင်ဦး

သိပ္ပံလမ်းကနေစတင်ပြီး ၆၆ လမ်းတလျှောက်စစ်တပ်က ပစ်ခတ်ရာမှာလည်း အသက် ၄၁ နှစ်အရွယ် အမျိုးသားတယောက် ဦးခေါင်းကို ကျည်ဆန်ထိမှန် သေဆုံးခဲ့ပါတယ်။ သေဆုံးသူဟာ ရွှေမန်းတောင် ဂေါက်ကယ်ရီ အလုပ်သမားသမဂ္ဂခေါင်းဆောင် ကိုမောင်မောင်ဦး ဖြစ်ပါတယ်။

အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို ဆန္ဒပြပွဲရုပ်သိမ်းပြီး အိမ်ပြန်ကြဖို့ စီစဥ်ညွှန်ကြားနေစဥ် ၆၆ နဲ့ ၆၅ လမ်းအကြား ၄၁ လမ်းပေါ်မှာ အပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဆိုင်ကယ်ဦးထုပ်ကိုဖောက်ပြီး ဦးခေါင်းထဲ ကျည်ဆံဖောက်ဝင်သွားတဲ့အတွက် နေရာမှာပဲ သေဆုံးသွားတယ်လို့ ယူဆရပါတယ်။ ၆၆ လမ်းပေါ်မှာ လမ်းတလျှောက်လိုက်လံပစ်ခတ်နေတဲ့ လုံခြုံရေးအဖွဲ့က ၄၁ လမ်းထဲမှာရှိတဲ့ ကိုမောင်မောင်ဦးကို ချိန်ရွယ်ပစ်ခတ်သွားတာဖြစ်ပါတယ်။

ကိုကျော်ထက်ခေါင်

အသက် ၂၈ နှစ်အရွယ်လူငယ် ကိုကျော်ထက်ခေါင်ဟာ ငြိမ်းချမ်းစွာဆန္ဒပြနေစဥ် ၃၄ လမ်းနဲ့ ၃၅ လမ်းအကြား ၆၈ လမ်းပေါ်မှာ သေနတ်ကျည်ဆံရင်ဘတ်ကို ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ ဇနီးနဲ့ ၇ နှစ်အရွယ်သားငယ်တဦးကျန်ရစ်ပါတယ်။

ထားဝယ် ၄ ယောက်

ထားဝယ်မှာ သေဆုံးသူအနည်းဆုံး ၄ ဦးရှိပါတယ်။

သေဆုံးသူတွေက ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာက ကိုနော်ငို ခေါ် ကိုဖေသန်း၊ ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်က ကိုလွင်လွင်ဦး၊ လောင်းလုံမြို့နယ်ကျောက်ဆင်ကျေးရွာက ကိုဗညား၊ ကရင်ပြင်ရပ်ကွက်က ကိုသန်းဝင်းတို့ ဖြစ်ကြပါတယ်။

ကိုလွင်လွင်ဦးကို ထိမှန်ကျည်ဆန်ဟာ ရင်ဘတ်ကဖောက်ဝင်ပြီး နောက်ကျောအောက်ဘက်မှာ ပွင့်ထွက်သွားတာကို ဗီဒီယိုထဲမှာ တွေ့မြင်ရပါတယ်။ ကိုလွင်လွင်ဦးဟာ ဆန္ဒပြသူတွေရဲ့ ရှေ့ဆုံးတန်းမှာရှိပြီး ရှေ့မှာ သံပြားကာထားတဲ့ကြားက သံပြားကိုဖောက်ပြီး ကျည်ဆန် ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကိုဖေသန်းက မယ်ဒီလင်းဆေးရုံမှာ ကွယ်လွန်ခဲ့ပြီး ကိုလွင်လွင်ဦးနဲ့ ကိုဗညားတို့က ထားဝယ်ပြည်သူ့ဆေးရုံမှာကွယ်လွန်ခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ကိုသန်းဝင်းကတော့ ထားဝယ်မြို့ စျေးတောင်ဘက်လမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်အနီးမှာ ဒဏ်ရာနဲ့ လဲကျနေခဲ့တာကို ရဲတပ်ဖွဲ့က သယ်ယူသွားခဲ့ပြီးနောက် ထားဝယ်ရဲစခန်းအချုပ်ထဲမှာ သေဆုံးတယ်လို့ ယူဆရကြောင်း Dawei Watch မီဒီယာမှာ ဖော်ပြထားပါတယ်။ မိသားစုက မတ်လ ၁ ရက်နေ့မှ အလောင်းပြန်လည်ရယူခဲ့တာဖြစ်ပါတယ်။

ထားဝယ်မြို့မှာ သေဆုံးသူ ၅ ဦးရှိတယ်လို့ လူမှုကွန်ရက်မှာ ပြောဆိုကြပေမဲ့ ဘီဘီစီက ၄ ဦးကိုသာ အတည်ပြုနိုင်ပါသေးတယ်။

လူမှုကွန်ရက်ပေါ်မှာ ထားဝယ်မြို့ဇရစ်ရပ်ကွက်က အသက် ၃၂ နှစ်အရွယ်အမျိုးသားတဦးနဲ့ ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ဖောင်းတောကျေးရွာက ကရင်တိုင်းရင်းသားတဦးတို့လည်း သေဆုံးခဲ့တယ်လို့ ဆိုကြပေမဲ့ ဘီဘီစီက အတည်မပြုနိုင်သေးပါဘူး။

ထားဝယ်မြို့ဇရစ်ရပ်ကွက်က အသက် ၃၂ နှစ်အရွယ်အမျိုးသားဟာ အရေးပေါ်လူနာအဖြစ် ကုသနေတယ်လို့ ဘီဘီစီက နောက်ဆုံး သိရှိထားပါတယ်။

ဆေးရုံပေါ်မှာ ဒဏ်ရာရသူ အယောက် ၄၀ ထက်မနည်းရှိကြောင်းလည်း Dawei Watch သတင်းဌာနက ရေးသားထားပါတယ်။

သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့
မော်လမြိုင် ၁ ယောက်

မော်လမြိုင်မြို့မှာ ၁ ဦးသေဆုံးခဲ့ပါတယ်။

မော်လမြိုင်မြို့ စျေးကြိုအဝိုင်းအနီး မုန့်တီကုန်းရပ် ရတနာထွန်းပွဲရုံအနီးမှာ လုံခြုံရေးအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၁ နှစ်အရွယ် ကိုဇင်မျိုးသူဟာ သေနတ်ကျည်ဆန်ဦးခေါင်းမှာ ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ ကိုဇင်မျိုးသူဟာ အစ္စလာမ်ဘာသာဝင်တယောက်ဖြစ်တဲ့အတွက် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းရပ်ရှိ မြို့မဆွန္နီဥယျာဥ်မှာ သင်္ဂြိုဟ်မယ်လို့ဆိုပါတယ်။

ပခုက္ကူ ၁ ယောက်

ပခုက္ကူမြို့မှာတော့ ရဲနဲ့စစ်တပ်ချီတက်လာတာကိုတွေ့လို့ ကားဘေးမှာ ပုန်းအောင်းနေတဲ့လူကို ရဲက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ သေဆုံးသူဟာ အမှတ် ၃ ရပ်ကွက် ၃ လမ်းက အသက် ၃၅ နှစ်အရွယ် ကိုနေလင်းဦးခေါ် ကိုနေမျိုးဦးဖြစ်ပါတယ်။

ပခုက္ကူမြို့မှာ ဆန္ဒပြသူလူပေါင်း ၄၀ ထက်မနည်းကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

မြိတ်မြို့

မြိတ်မြို့မှာ လူ ၄ ဦးသေဆုံးခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ မူလက ၇ ဦးသေဆုံးတယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ ရေထဲပြုတ်ကျခဲ့သူ ၃ ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြိတ်မြို့တံတားဦး နိုင်ဆေးရုံအနီးမှာ သေနတ်ထိမှန်သူ ၂ ဦးရှိခဲ့ပါတယ်။

မြိတ်မြို့သေဆုံးမှုကို တဦးတယောက်မှ အမည်နာမနဲ့တကွ ဘီဘီစီက အတည်မပြုနိုင်သေးပါဘူး။

ဖေဖော်ဝါရီ ၂၈ ရက်စုစုပေါင်း ၁၅ ယောက်

အတည်ပြုနိုင်ပြီး စာရင်းအရ ရန်ကုန် ၄ ဦး၊ မန္တလေး ၃ ဦး၊ ပဲခူး ၂ ဦး၊ ထားဝယ် ၄ ဦး၊ မော်လမြိုင် ၁ ဦး၊ ပခုက္ကူ ၁ ဦး၊ စုစုပေါင်း ၁၅ ဦး ဖြစ်ပါတယ်။

အဲဒီသေဆုံးသူအားလုံးဟာ ဖေဖော်ဝါရီလ ၂၈ ရက်တရက်တည်းမှာ သေဆုံးခဲ့သူများဖြစ်ပါတယ်။ စောစောပိုင်းရက်တွေတုန်းကလည်း နေပြည်တော်၊ မန္တလေး၊ ရန်ကုန်၊ မြိတ်မြို့တို့မှာ သေဆုံးမှုတွေရှိခဲ့ပါတယ်။

အစောပိုင်းရက် သေဆုံးမှုများ

စောစောပိုင်းရက်တွေအတွင်း သေဆုံးသူ ၈ ဦးရှိပါတယ်။

၁။ ဖေဖော်ဝါရီလ ၈ ရက်က ကိုကိုဦးခေါ် ကိုနပ္ပားဟာမန္တလေးမှာ ကားနဲ့ဝင်အတိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။

၂။ ဖေဖော်ဝါရီလ ၉ ရက်နေ့က တက္ကသိုလ်ကျောင်းသူ မမြသွဲ့သွဲ့ခိုင်ဟာ နေပြည်တော်မှာ ဦးခေါင်းကို သေနတ်နဲ့အပစ်ခံရပြီးသေဆုံးခဲ့ပါတယ်။

၃။ ဖေဖော်ဝါရီ ၁၅ ရက်က မြိတ်မြို့က လူငယ် ကိုနေနေဝင်းထက်ဟာညဘက်ကင်းစောင့်နေစဥ် ရပ်ကွက်ထဲဝင်ရောက်လာတဲ့ လူစိမ်းတွေနောက်လိုက်ရင်း အရိုက်နှက်ခံရပြီး သေဆုံးခဲ့ပါတယ်။

၄။ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ရွှေပြည်သာမှာ ကင်းစောင့်နေသူ ကိုတင်ထွဋ်ဟိန်းကို ရဲကားပေါ်ကပစ်ခတ်သွားတဲ့အတွက် ဦးခေါင်းသေနတ်ထိမှန်သေဆုံးခဲ့ပါတယ်။

၅။ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကိုဝေယံထွန်းဟာ မန္တလေး ကမ်းနားလမ်းမှာ ဆန္ဒပြစဉ် ရဲပစ်ခတ်မှုကြောင့်သေဆုံးခဲ့ပါတယ်။

၆။ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာပဲ ကိုသက်နိုင်ဝင်း ခေါ် ကိုမင်းမင်းဟာ မန္တလေး။ ကမ်းနားလမ်းမှာဆန္ဒပြစဥ် ရဲပစ်ခတ်မှုကြောင့်သေဆုံးခဲ့ပါတယ်။

၇။ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာပဲ ကိုကြည်စိုးဟာ မန္တလေး ကမ်းနားလမ်းပဋိပက္ခမှာ လုံခြုံရေးအဖွဲ့ရဲ့ရိုက်နှက်မှုကြောင့် နေအိမ်ရောက်ပြီးမှ သေဆုံးခဲ့ပါတယ်။

၈။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မန္တလေး ကမ်းနားလမ်းဆန္ဒပြရာမှာပါဝင်ခဲ့သူ ကိုရာဇာအောင်ဟာ လုံခြုံရေးအဖွဲ့က ရိုက်နှက်တာကိုခံခဲ့ရပြီး တပ်မတော်ဆေးရုံမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကသေဆုံးသွားခဲ့ပါတယ်။

စောစောပိုင်းရက်သေဆုံးသူ ၈ ဦး၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့သေဆုံးသူက ၁၅ ဦးအတည်ပြုထားပြီးဖြစ်တဲ့ အတွက် စုစုပေါင်းသေဆုံးသူ အနည်းဆုံး ၂၃ ဦးရှိပြီ ဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56242327

စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးသူ စုစုပေါင်းအနည်းဆုံး ၂၃ ဦးရှိ  စစ်တပ်အာဏာသိမ်းပြီးနောက် သေဆုံးသူ စုစုပေါင်းအနည်းဆုံး ၂၃ ဦးရှိ Reviewed by THITHTOOLWIN on 03:26 Rating: 5

No comments:

Powered by Blogger.