ရဲနဲ့စစ်သားတွေ ဥပဒေမဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ ဝေဖန်ထောက်ပြ


အာဏာသိမ်းစစ်ကောင်စီရဲ့ အဓိကရုန်းနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ စစ်သားတွေဟာ ဆန္ဒပြပွဲနဲ့ မသက်ဆိုင်တဲ့ သူတွေကို လမ်းကြားတွေအထိ နေအိမ်၊ တိုက်ခန်းတွေထဲအထိ မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေနဲ့ အလွန်အကျွံ ပစ်ခတ်နေကြပါတယ်။

ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း အသက်အန္တရာယ်စိုးရိမ်နေရလို့ အာဏာသိမ်း စစ်ကောင်စီရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ဝေဖန်ပြစ်တင်နေကြပါတယ်။

တစ်ပြည်လုံးကမြို့တွေမှာ ဆန္ဒပြတာတွေ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေဟာ မျက်ရည်ယိုဗုံးနဲ့ အသံဗုံးတွေကို လမ်းကြား လမ်းသွယ်တွေထဲအထိ ဝင်ရောက်ပြီး နေအိမ်တွေ၊ တိုက်ခန်းတွေထဲအထိ အလွန်အကျွံပစ်ခတ်နေလို့ ဆန္ဒပြပွဲနဲ့မသက်ဆိုင်တဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေလည်း မျက်ရည်ယိုဗုံးဒဏ်တွေ ခံစားကြရပြီး သေနတ်သံတွေလည်း တရစပ် ကြားနေရတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေကြရပါတယ်။

ရန်ကုန်မြို့တွင်း ဆူးလေနဲ့အနီးတစ်ဝိုက်၊ မြေနီကုန်း စမ်းချောင်း၊ လှည်းတန်း၊ ကမာရွတ်၊ လှိုင်စတဲ့ နေရာ တွေက အဓိကကျတဲ့ လမ်းမကြီးတွေပေါ် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့တွေက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းနေရုံမက လမ်းပေါ်ကနေ တိုက်ခန်းတွေကို သေနပ်နဲ့လှမ်းပစ်တာတွေ၊ နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီး၊ ဖျက်စီးသွားတာတွေ၊ လမ်းသွယ်တွေထဲအထိ ဝင်ရောက်ပစ်ခတ်မှုတွေပါ ရှိနေတာပါ။

မတ်လ ၂ ရက် ညနေပိုင်းမှာ သမိုင်းမြို့သစ်ထဲ ဆန္ဒပြသူတွေမရှိတော့တဲ့ချိန် လမ်းသွယ်တွေထဲထိ ဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် အိမ်မှာရှိနေတဲ့ ကလေးငယ်တွေမှာ ထိတ်လန့်ခဲ့ရပြီး ကိုယ်ဝန်ဆောင်တစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ သမိုင်းမြို့သစ်မှာနေထိုင်တဲ့ မမွန်က RFA ကိုပြောပါတယ်။

ဆန္ဒပြနေကြတဲ့ လမ်းပေါ်တွေမှာ လူမရှိပဲရပ်ထားတဲ့ ကားတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက ရိုက်ခွဲ ဖျက်ဆီးတာတွေရှိပြီး လမ်းပေါ်သွားလာနေတဲ့ ကားတွေကို အတင်းအဓမ္မ ဖမ်းဆီး စစ်ဆေးတာတွေလည်း လုပ်နေကြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြပွဲတွေအနီး ၇ မိုင် အနားမှာ ကားမှန်တွေ ရိုက်ခွဲခံထားရတာ တွေ့ခဲ့ ရတယ်လို့ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ မသဉ္ဇာက RFA ကို ပြောပါတယ်။

မတ်လ ၂ ရက် နေ့လည်ပိုင်းက ကျိုက္ကမီမြို့မှာ စစ်တပ်နဲ့ ရဲ အင်အား ၅၀ လောက်ဟာ စားသောက်ဆိုင်တွေ လက်ဘက်ရည်ဆိုင်တွေထဲထိ ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ လက်ကိုင်ဖုန်းတွေစစ်ဆေးပြီး နွေဦးတော်လှန်ရေး ရုပ်ပုံတွေနဲ့ ဆန္ဒပြပွဲအကြောင်း လူမှုကွန်ရက်စာမျက်နှာ Facebook မှာ တင်ထားသူတွေကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲနဲ့စစ်သားတွေက ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ တရားလွတ်တော် ရှေ့နေတစ်ဦးကလည်း အခုလိုဝေဖန်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီတက်လာပြီးတဲ့နောက် လမ်းပေါ်ထွက် ဆန္ဒပြသူတွေဟာ တစ်လကျော် ကြာလာတဲ့အချိန် အရှိန်ပိုပြီးမြင့်တက်လာသလို စစ်ကောင်စီရဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းခိုင်းထားတဲ့ ရဲနဲ့ စစ်သားတွေကလည်း အကြမ်းဖက်တာတွေ ပိုပြီးလုပ်ဆောင်နေကြပါတယ်။

ဆန္ဒပြပွဲတွေရှိတဲ့ လမ်းတစ်လျှောက်မှာ သွားလာနေသူတွေကို တားဆီးပြီး လက်ကိုင်ဖုန်းတွေကို ဖွင့်ယူ စစ်ဆေးတာမျိုးတွေကိုပါ လုပ်ဆောင်တာတွေ ရှိတယ်လို့ မန္တလေးမှာ လက်ကိုင်ဖုန်း စစ်ဆေးတာခံခဲ့ရ သူတစ်ဦးက ရှင်းပြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း ရွှေမန်းတံခွန် ဂေါက်အိတ်ထမ်း ကယ်ဒီ အခြေခံအလုပ်သမားအဖွဲ့ ဝင် ဦးမောင်မောင်ဦးဟာ ဆန္ဒပြသူတွေရှိနေလို့ တပ်နဲ့ ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတဲ့အချိန် ဆိုင်ကယ်နဲ့ ရှောင်ကွင်း မောင်းလာတဲ့တုန်း သေနတ်နဲ့ ပစ်ခံရလို့ ဦးခေါင်းကို ကျည်ထိမှန်သေဆုံးခဲ့ရပါတယ်။

ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူတွေကို ငွေပေးမှ ပြန်လည်လွှတ်ပေးတာမျိုးလည်း ရှိနေလို့ ပြန်ပေးဆွဲနေတဲ့ အနေအထားမျိုးအထိ ဖြစ်ပါတယ်။

မန္တလေးမှာ ဖမ်းဆီးခံရသူတွေကို တစ်ဦးကို ကျပ် နှစ်သိန်းနှုန်းနဲ့ ကြားက ညှိနှိုင်းပေးသူက ၅ သောင်းယူပြီး ပြန်လွှတ်ပေးနေတာမျိုး ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေ တစ်ဦးက ဆိုပါတယ်။

ရဲတွေထဲမှာ စစ်သားတွေလည်း ပါနေသလို အရပ်ဝတ် ဝတ်ထားသူတွေကလည်း ဆန္ဒပြသူတွေကို ထိုးကြိတ် ရိုက်နှက် ဖမ်းဆီးတာတွေ လုပ်နေတာတွေဟာ ဥပဒေနဲ့ အညီမဟုတ်ဘူးလို့ ဝေဖန်မှုတွေရှိပေမယ့် ဥပဒေနဲ့ အညီလုပ် ဆောင်နေပါတယ်လို့ ဖေဖော်ဝါရီ ၁၆ ရက် နေပြည်တော်ကသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

ကိုယ့်ရပ်ကွက်၊ နေအိမ်ထဲမှာနေတာတောင် မလုံခြုံတော့တဲ့ အခြေအနေအထိ ဖြစ်လာနေတာမို့ ကိုယ်ထူကိုယ်ထ ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်တာတွေလည်း လုပ်နေကြရာမှာ ကင်းစောင့်နေသူ ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူရမှာဖြစ်တဲ့ ရဲနဲ့ စစ်တပ်က ခုလို ဥပဒေမဲ့ လုပ်ရပ်တွေ လွန်လွန် ကျူးကျူး လုပ်နေတာတွေကြောင့် ဝေဖန်ပြစ်တင် ရှုတ်ချမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါတယ်။ ကုလသမဂ္ဂ၊ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းတာတွေ မလုပ်ဖို့ အတန်တန် သတိပေးနေတဲ့ကြားကပဲ နှိမ်နင်းမှုတွေက နိုင်ငံအနှံ့ ပြင်းပြင်းထန်ထန် ရှိနေတာပါ။

RFA Burmese



ရဲနဲ့စစ်သားတွေ ဥပဒေမဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ ဝေဖန်ထောက်ပြ ရဲနဲ့စစ်သားတွေ ဥပဒေမဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတယ်လို့ ဝေဖန်ထောက်ပြ Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.