မန္တလေးမှာ မြို့နယ်တိုင်းနီးပါး သပိတ်စစ်ကြောင်းထွက်





မန္တလေးမြို့မှာ မနေ့ မတ် ၁၂ ရက်က စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲမှာ သေဆုံးသူရှိပေမယ့် ဒီနေ့မှာ မြို့နယ်တိုင်းမှာ သပိတ်စစ်ကြောင်းတွေ ထွက်ကြပါတယ်။ ဌာနပိုင်းက စစ်ကြောင်းတွေရှိသလို ပညာရေးပိုင်း အရပ်ဖက်အဖွဲ့စည်းပိုင်းက သပိတ်စစ်ကြောင်းတွေလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်တာပါ။

စစ်တပ်နဲ့ရဲက သပိတ်စစ်ကြောင်းတွေကို ပိတ်ဆို့ပစ်ခတ်ပြီးနှိမ်နင်းဖမ်းဆီးတာ‌ကြောင့် မြတောင်စစ်ကြောင်းမှာ မနေ့က ကျဆုံးခဲ့တဲ့ မောင်လင်းထက် အတွက် ဝမ်းနည်းခြင်းနဲ့ အလေးပြုတဲ့ အခမ်းအနားပါ ပြုလုပ်ခဲ့တယ်လို့ စစ်ကြောင်းအတွင်းလိုက်ပါသူ ဒေသခံ တဦးကပြောပါတယ်။ ဒီနေ့ သပိတ်စစ်ကြောင်းတွေအနီးမှာ လုံခြုံရေးတပ်ဖွဲ့တွေဘက်က စစ်ကား ၊ ရဲကား၊ အဓိကရုဏ်းနှိမ်နင်းရေး ရေကား ၊ တင့်ကားတွေနဲ့ လမ်းမကြီး တချို့ပေါ်မှာ လှည့်လည်အင်အားပြတာတွေရှိသလို ယာဉ်ထိန်းရဲနဲ့ပါပူးပေါင်းပြီး လမ်းတချို့မှာ ကား၊ ဆိုင်ကယ်တွေစစ်တာ ဖုန်းတွေကအစ စစ်ဆေးတာပါ ပြုလုပ်နေတာကြုံရတယ်လို့ မန္တလေးဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် ၁၀၆ လမ်း၊ ချမ်းမြသာစည်အရှေ့ပိုင်းက အောင်သာယာ ထိုင်သပိတ်စစ်ကြောင်းကို လူစုခွဲချိန်မှာ ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွင်းတာတွေ ရှိပါတယ်။

မတ်လ ၁၁ရက် ညနက်ပိုင်းမှာ ၈၆ လမ်း ၃၆ လမ်း အနီးက ရှမ်းဝိုင်းရပ်ကွက်အတွင်းကို စစ်တပ်က အင်အားသုံးပြီး သေနတ်ပစ်ဖောက်တာတွေရှိခဲ့ပါတယ်။ "တစ်နာရီကျော်လောက်ကြာတယ်။ စစ်သားတွေက အိမ်တွေကို သေနတ်နဲ့ပစ် မှန်တွေခွဲကြတာ။ ရပ်ကွက်တွင်းက လမ်းဘေးမှာ ရှိတဲ့ဟာမှန်သမျှ ဖျက်ဆီးကြတာ။ ဖျက်မှာ သတ်မှာ လို့အော်ကြတာ"လို့ ရပ်ကွက်နေပြည်သူတဦးကပြောပါတယ်။ စစ်တပ်က အင်အား တရာကျော်လောက်နဲ့ သေနတ် အချက်ပေါင်း အနည်းဆုံး ၃၀ ချက်လောက်ပစ်ခတ်ပြီး ရပ်ကွက်တွင်းက အိမ်‌တချို့မျက်နှာစာ အိမ်ရှေ့ကပစ္စည်းတွေပါ ဖျက်ဆီးသွားတာရှိ‌ပေမယ့် ပြည်သူထိခိုက်ဒဏ်ရာ ရရှိတာ မကြားရသေးဘူးလို့ ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မန္တလေးမှာ မြို့နယ်တိုင်းနီးပါး သပိတ်စစ်ကြောင်းထွက်  မန္တလေးမှာ မြို့နယ်တိုင်းနီးပါး သပိတ်စစ်ကြောင်းထွက် Reviewed by THITHTOOLWIN on 20:49 Rating: 5

No comments:

Powered by Blogger.