မန္တလေးဆန္ဒပြပွဲ ကျဆုံးသူ ၃ ဦးရဲ့ စျာပနပွဲ


မတ်လ ၁၃ ရက်နေ့ မနေ့က မန္တလေးမြို့ စိန်ပန်းရပ်ကွက်မှာ ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူ ၅ ယောက်ထဲက ၃ ယောက်ရဲ့ အသုဘအခမ်းအနားကို ဒီနေ့လုပ်ခဲ့ပါတယ်။

ဝမ်းဗိုက်မှာ ကျည်ဆန်မှန် သေဆုံးခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ကိုစောပြည့်နိုင်၊ လက်မောင်းကနေ ကိုယ်ခန္ဓာထဲ ကျည်ဖောက်ဝင် သေဆုံးခဲ့သူ အသက် ၅၇ နှစ်အရွယ် ဦးဝင်းဌေးတို့ရဲ့ အသုဘ အခမ်းအနားတွေကို ဒီနေ့လုပ်ခဲ့ပါတယ်။ နောက်ကျောကနေ သေနတ်မှန် သေဆုံးတဲ့ အသက် ၂၉ နှစ်အရွယ် ကိုရဲဆွေဦးရဲ့ အသုဘ အခမ်းအနားကိုလည်း ဒီနေ့လုပ်ခဲ့ပါတယ်။ သူကတော့ လုံခြုံရေးတပ်တွေ ဖြိုခွဲစဉ် ပိတ်မိနေသူတွေကို ကူညီကယ်ဆယ်ဖို့ သွားရင်း သေနတ်ထိမှန် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မနေ့က စိန်ပန်းရပ်ကွက်က ဆန္ဒပြပွဲကို အင်အားသုံးဖြိုခွဲစဉ် အမျိုးသမီး ၂ ယောက်၊ အမျိုးသား ၃ ယောက် သေဆုံးတယ်လို့ မန္တလေးမြို့က ကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူကလည်း ၁၃ ယောက်ထက်မနည်း ရှိခဲ့ပါတယ်။

ဦးခေါင်းကို ကျည်ထိမှန် သေဆုံးခဲ့သူ အသက် ၅၃ နှစ်အရွယ် ဒေါ်ကေကြည်ရဲ့ အသုဘအခမ်းအနားကိုတော့ မနက်ဖြန်မှာလုပ်ဖို့ မိသားစုက စီစဉ်ထားပါတယ်။

နောက်ထပ်သေဆုံးသူ တယောက်ဖြစ်တဲ့ မပြုံးဆိုသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကိုတော့ အခုထိ ပြန်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့ စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနဲ့ လမ်း ၉၀ နားမှာ မနေ့က တပ်ပေါင်းစု ထိုင်သပိတ်ဆင်နွှဲအပြီး လူစုခွဲနေချိန်မှာ ရဲနဲ့ စစ်သားတွေ ရောက်လာပြီး ကြိုတင်သတိပေးခြင်း မရှိဘဲ ပစ်ခတ်နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/mandalay-protesters-funeral/5813789.html

မန္တလေးဆန္ဒပြပွဲ ကျဆုံးသူ ၃ ဦးရဲ့ စျာပနပွဲ မန္တလေးဆန္ဒပြပွဲ ကျဆုံးသူ ၃ ဦးရဲ့ စျာပနပွဲ Reviewed by THITHTOOLWIN on 20:27 Rating: 5

No comments:

Powered by Blogger.