စည်ပင်ဝန်ကြီး ဦးမင်းအောင်နဲ့ ပါတီဝင်တွေကို အွန်လိုင်းဗီဒီယိုနဲ့ တောင်ကုတ်မှာ ရုံးထုတ်

စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြတဲ့အတွက် ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်အပါအဝင် NLD ပါတီကလေးဦးတို့ကို တောင်ကုတ်မြို့နယ်တရားရုံးမှာ အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် မတ်လ ၁၀ ရက် ဒီကနေ့နေ့လယ်ပိုင်းမှာ ရုံးထုတ်ခဲ့တယ်လို့ ဦးမင်းအောင်ရဲ့ဇနီးဖြစ်သူ ဒေါ်မြဝတ်ရည်ကပြောပါတယ်။

လက်ရှိမှာ တောင်ကုတ်မြို့နယ် NLD ပါတီရဲ့မြို့နယ်ဥက္ကဋ္ဌ ဦးတင်သိန်းအောင်၊ စည်ပင်သာယာဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ ပါတီဝင်တွေဖြစ်တဲ့ ကိုသန့်ဇင်ဖြိုးတို့ကို ငြိမ်းစုစီပုဒ်မ ၁၉ ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ တို့နဲ့ စွဲဆိုထားပြီး ကိုချစ်မောင်မောင်ကိုတော့ နိုင်ငံတော် အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (က)၊ ငြိမ်းစုစီပုဒ်မ ၁၉ တို့နဲ့ တရားစွဲဆိုထားတယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က သူတို့လေးဦးကို အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် တောင်ကုတ်မြို့နယ်တရားရုံးမှာ အမှုစွဲဆိုခဲ့ပြီး မတ်လ ၁၀ ရက် ဒီကနေ့မှာတော့ ရှေ့နေတွေအမှုလိုက်ပါဆောင်ရွက်ခွင့် ပါဝါတင်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့မှာ ဦးမင်းအောင်အပါအဝင် NLD ပါတီဝင်လေးဦးတို့ကို အွန်လိုင်းဗီဒီယိုကနေတစ်ဆင့် ရုံးထုတ်တာတွေပြုလုပ်ခဲ့ရာမှာ တော့ ဖုန်းလိုင်းဆက်သွယ်ရေးတွေ အဆင်မပြေတဲ့အတွက် စကားပြောဆိုကြတဲ့အခါမှာ မကြားရတာတွေနဲ့ကြုံရတာကြောင့် နောက်ရုံးချိန်းတွေမှာ တရားရုံးကိုလူကိုယ်တိုင်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ရှေ့နေကပြောပါတယ်။

တရားစွဲဆိုခံနေကြရသူတွေကို ရှေ့နေတွေနဲ့တွေ့ခွင့်ရရှိကြပေမဲ့ မိသားစုတွေနဲ့တွေ့ဆုံခွင့်မရရှိခဲ့ဘူးလို့ ဒေါ်မြဝတ်ရည်က ပြောပါတယ်။

လာမယ့် မတ်လ ၁၉ ရက်နေ့ကိုထပ်မံရုံးချိန်းလိုက်ပြီး အဲ့ဒီနေ့မှာတော့ တရားလိုကိုစတင်စစ်ဆေးတော့မှာ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင်လေးဦးအနက် ဦးမင်းအောင်ကတော့ ၉ ရက်နေ့မှာဖမ်းဆီးခံလိုက်ရပြီး ရဲစခန်းကနေ တောင်ကုတ်မြို့အခြေစိုက် တပ်မတော်တပ်ရင်းဌာနချုပ် တစ်ခုမှာ ထိန်းသိမ်းခံနေရတာဖြစ်တဲ့အတွက် မိသားစုတွေနဲ့ တွေ့ဆုံခွင့်မရရှိဘဲ ကျန်းမာရေးအခြေအနေတွေကိုလည်း စိုးရိမ်နေရတယ်လို့ ဦးမင်းအောင်ဇနီးကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

စည်ပင်ဝန်ကြီး ဦးမင်းအောင်နဲ့ ပါတီဝင်တွေကို အွန်လိုင်းဗီဒီယိုနဲ့ တောင်ကုတ်မှာ ရုံးထုတ်  စည်ပင်ဝန်ကြီး ဦးမင်းအောင်နဲ့ ပါတီဝင်တွေကို အွန်လိုင်းဗီဒီယိုနဲ့ တောင်ကုတ်မှာ ရုံးထုတ် Reviewed by THITHTOOLWIN on 00:55 Rating: 5

No comments:

Powered by Blogger.