စစ်အာဏာသိမ်းမှုကို ရှုတ်ချ၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးရန် အမေရိကန်လွှတ်တော်ကတောင်းဆို

 

(၁၉-၃-၂၀၂၁)

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး သတင်းထောက်တွေအပါဝင် ဖမ်းဆီးထားသူအားလုံးကို ချက်ခြင်းပြန်လွှတ်ပေးဖို့ အမေရိကန် အောက်လွှတ်တော်က အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

“စစ်တပ်က အာဏာသိမ်းမှုဟာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုလမ်းကြောင်းကို နောက်ပြန်ဆုတ်စေရုံတင်မက ပြည်သူတွေမျှော်လင့်ထားတဲ့ အနာဂတ်ပိုကောင်းလာဖို့ မျှော်မှန်းချက်ကိုပါ ပျက်စီးစေတယ်” လို့ ဒီနေ့ထုတ်ပြန်တဲ့ အောက်လွှတ်တော်အမတ်  Gerry Connolly ရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

အမေရိကန် ကွန်ကရက်အနေနဲ့ ပြည်သူတွေရွေးချယ်ထားတဲ့ ခေါင်းဆောင် လွတ်မြောက်ရေး၊ မြန်မာ့အနာဂတ်မှာ ဒီမိုကရေစီထွန်းကားလာစေရေးအတွက် မြန်မာ ပြည်သူတွေကို ဆက်ပြီးကူညီသွားမယ်ဖြစ်တယ်လို့ ဗားဂျီးနီးယား ဒီမိုကရက်အမတ် Connolly က ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ထုတ်ပြန်တဲ့ လွှတ်တော်ဆုံးဖြတ်ချက်ထဲမှာ -သတင်းလွတ်လပ်ခွင့်ပေးဖို့၊ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေကို လွတ်လပ်စွာသတင်းယူခွင့်ပေးဖို့-လည်း တောင်းဆို ထားပါတယ်။

ဒီဆုံးဖြတ်ချက်အတွက် မက်ဆီကန်ပြည်နယ် ဒီမိုကရက်တစ်အမတ် Andy Levin က ဦးဆောင်တင်သွင်းပြီး ထောက်ခံမဲ ၃၉၈၊ ကန့်ကွက်မဲ ၁၄ မဲနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို အမေရိကန်အစိုးရပိုင်းက ကန့်ကွက်ရှုတ်ချထားပြီးဖြစ်သလို ကုလသမဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးကလည်း ကန့်ကွက်ထားပြိး ဖမ်းဆီးခံနေရသူတွေကို ချက်ခြင်းပြန်လွတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ရန်ကုန်အခြေစိုက် အမေရိကန်သံအမတ်ကြီးအပါဝင် ဗြိတိန်နဲ့ EU သံအမတ်တွေက အာဏာသိမ်းစစ်အုပ်စုဟာ လက်နက်မဲ့အရပ်သားတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေပြီး ဒါဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်၊ လူ့ကျင့်ဝတ်နှင့်မညီတဲ့လုပ်ရပ်ဖြစ်တယ်လို့ အပြင်းအထန် ဝေဖန်ပြီးတဲ့နောက် အမေရိကန်လွှတ်ဖက်က အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။   ။





Burma News Network

https://www.facebook.com/burmanewsnetwork

စစ်အာဏာသိမ်းမှုကို ရှုတ်ချ၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးရန် အမေရိကန်လွှတ်တော်ကတောင်းဆို စစ်အာဏာသိမ်းမှုကို ရှုတ်ချ၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးရန် အမေရိကန်လွှတ်တော်ကတောင်းဆို Reviewed by THITHTOOLWIN on 07:38 Rating: 5

No comments:

Powered by Blogger.