မြန်မာဆန္ဒပြသူတွေကို အကြမ်းဖက်မှု စင်ကာပူဒုဝန်ကြီးချုပ် တုန်လှုပ်မိကြောင်း ပြောဆို



Share/Bookmark
စင်္ကာပူ ဒုဝန်ကြီးချုပ် Heng Swee Keat။ (မေ ၂၂၊ ၂၀၁၉)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူတွေအပေါ် အင်အားသုံးနှိမ်နင်းနေတာကို အနောက်နိုင်ငံတွေက ဆက်တိုက်ပြစ်တင်ရှုတ်ချနေသလို ပြည်တွင်းရေး ဝင်မစွက်တဲ့မူ လက်ကိုင်ထားတဲ့ အိမ်နီးချင်းအာရှနိုင်ငံတွေကလည်း မြန်မာ့အရေး စိုးရိမ်မှုတွေ ပြောဆိုနေကြပါပြီ။ မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းတဲ့ လုပ်ရပ်အပေါ် စင်္ကာပူနိုင်ငံက တုန်လှုပ်မိပါတယ်လို့ စင်္ကာပူ ဒုဝန်ကြီးချုပ် Heng Swee Keat ကဒီကနေ့ကျင်းပတဲ့ လုပ်ငန်းရှင်းများညီလာခံမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရေရှည်တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးရေးအတွက် ဘက်ပေါင်းစုံ ပါဝင်ဆွေးနွေးအဖြေရှာဖို့ အလွန်အရေးကြီးပါတယ်လို့လည်း ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံလည်းအဖွဲ့ဝင်ဖြစ်တဲ့ အာဆီယံအဖွဲ့က မြန်မာ့အရေးနဲ့ ပတ်သက်လို့ အဆင့်မြင့်အစည်းအဝေး တရပ်ကျင်းပဖို့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကလည်း အကြံပြုထားပါတယ်။ ဒီအချိန်မှာပဲ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံကို မသွားခင်ဒီကနေ့ တနင်္လာနေ့မှာပဲ လက်ရှိအာဆီယံအဖွဲ့ဥက္ကဋ္ဌ ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကို သွားရောက်ဆွေးနွေးခဲ့ပါတယ်။

မြန်မာ့အရေး နိုင်ငံတကာက ဖိအားပေးနေချိန်မှာပဲ မြန်မာစစ်တပ်က ပြည်တွင်းကနေ ထွက်ခွာဖို့ကြိုးစားတဲ့ သြစတြေးလျနိုင်ငံသား စိုက်ပျိုးရေးလုပ်ငန်း အကြံပေး နှစ် ယောက် သူတို့နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သြစတြေးလျသတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ ဘာကြောင့်ဖမ်းဆီးထားသလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ သြစတြေးလျဘက်က ကောင်စစ်ဝန်လုပ်ငန်းဆိုင်ရာ အကူအညီတွေပေးနေတယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့လည်း ပုဂ္ဂိုလ်ရေးလုံခြုံမှုကြောင့်ဆိုပြီး အသေးစိတ် သတင်းတွေတော့ မထုတ်ပြန်ပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွါးရေးအကြံပေးဖြစ်သူ သြစတြေးလျနိုင်ငံသား Sean Turnell ကိုလည်း မြန်မာစစ်တပ်က ပြီးခဲ့တဲ့လကတည်းက ဖမ်းဆီးထားသလို ဘယ်လိုစွဲချက်နဲ့ အရေးယူထားသလဲဆိုတာကိုလည်း စစ်တပ်က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ခုဖမ်းခံရတဲ့ သြစတြေးလျနိုင်ငံသား နှစ် ယောက်တို့ကလည်း မစ္စတာ Turnell နဲ့ သိကျွမ်းသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

စီးပွါးရေးအကြံပေး Sean Turnell ကိုပြန်လွှတ်ပေးဖို့ သြစတြေးလျနိုင်ငံက ဆက်တိုက်တောင်းဆိုလာတာပါ။ ပြီးခဲ့နှစ်ပတ်လောက်ကတော့ မြန်မာနိုင်ငံနဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းလိုက်ကြောင်း သြစတြေးလျအစိုးရက ကြေငြာခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့်ရော မစ္စတာ Turnell ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့အတွက်ကြောင့်ဆိုပြီး လူသားချင်းစာနာမှု အကူအညီတွေကိုလည်း သြစတြေးလျက ပြန်လည် ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/prime-minister-of-singapore-told-an-investors-conference-the-crackdown-on-civillians-in-myanmar-was-appalling/5823777.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ