တရုတ်ဟု အထင်မှားမခံရအောင် ထိုင်ဝမ်ကုမ္ပဏီတွေ ထိုင်ဝမ်အလံတင်ထားရန် ညွှန်ကြား




(၁၅-၃-၂၀၂၁)

မြန်မာနိုင်ငံရှိ ထိုင်ဝမ်ပိုင် စက်ရုံတွေ၊ ကုမ္ပဏီတွေကို တရုတ်ပိုင်အဖြစ် အမှတ်မှားမှာစိုးတဲ့အတွက် ထိုင်ဝမ်ပိုင် စက်ရုံတွေ၊ ကုမ္ပဏီတွေအားလုံးမှာ ထိုင်ဝမ်အလံနဲ့ ထိုင်ဝမ်အမှတ်အသားတွေကို ထင်ရှားစွာလွှင့်ထူထားရမယ်လို့ ရန်ကုန်ရှိ ထိုင်ဝမ်ဆက်ဆံရေးရုံး (သံရုံး) က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

မနေ့က လှိုင်သာယာဖက်မှာ တရုတ်ပိုင် စက်ရုံတွေ မီးလောင်တယ်၊ တရုတ်နိုင်ငံသားအချို့ ဒဏ်ရာရတယ်၊ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်ပိုင် ပစ္စည်းတွေကို စစ်အုပ်စုက တာဝန်ယူကာကွယ်ပေးပါ ဆိုပြီး တရုတ် အစိုးရနဲ့ တရုတ်သံရုံးတို့က ကြေညာချက်ထုတ်ပြီးတဲ့နောက် ထိုင်ဝမ်ဖက်က အခုလို သတိပေးချက် ထုတ်ပြန်လာတာဖြစ်ပါတယ်။

တရုတ်အစိုးရဟာ အကြမ်းဖက်မှုတွေဆက်တိုက်ကျုးလွန်နေတဲ့ အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံအားပေးနေတယ်ဆိုပြီး ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ထင်မြင်ပြောဆိုမှုတွေ တိုးပွားလာပြီးနောက် တရုတ်လို့အထင်ခံရမှာကို စိုးရိမ်မှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။

ထိုင်ဝမ်မှာ မြန်မာနိုင်ငံကနေ သွားရောက်နေထိုင်သူ အတော်များများရှိနေပြီး ယဉ်ကျေးမှု အရ၊ စီးပွားရေးအရ နီးစပ်တဲ့ ဆက်ဆံရေးရှိနေခဲ့တာပါ။

ထိုင်ဝမ် နိုင်ငံခြားရေးဌာနရဲ့ထုတ်ပြန်ချက်အရ မနေ့ကဖြစ်စဉ်အတွင်း ထိုင်ဝမ်ကုမ္ပဏီတခု အကြမ်းဖက်ခံရပြီး ထိုင်ဝမ်နိုင်ငံသား ၁၀ ဦး ခဏတာ ပိတ်မိခဲ့ပေမယ့် အားလုံးလုံခြုံခဲ့တယ်လို့သိရပါတယ်။

တရုတ်အစိုးရအာဘော် Global Times ကတော့ မနေ့ကဖြစ်စဉ်အတွင်း တရုတ်ပိုင်စက်ရုံ ၃၂ ရုံ ဖျက်ဆီးခံရပြီး ယွမ် သန်း ၂၄၀ ကျော် (အမေရိကန်ဒေါ်လာ ၃၇ သန်းနီးပါး)  ဆုံးရှုံးခဲ့တယ်လို့ပြောပါတယ်။

တရုတ်ပိုင်စက်ရုံတွေ တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းတွေကြားပြီးကတည်းက ရန်ကုန်ရှိ ထိုင်ဝမ် စက်ရုံတွေ၊ ကုမ္ပဏီတွေနဲ့ ထိုင်ဝမ်ဆက်ဆံရေးရုံး (သံရုံး) တို့ကြား အဆက် အသွယ်မပြတ်ရှိနေပါတယ်လို့ ထိုင်ဝမ်ဖက်ကပြောပါတယ်။

ထိုင်ဝမ်ဆက်ဆံရေးရုံးရဲ့ ညွှန်ကြားချက်ထဲမှာ- ထိုင်ဝမ် စက်ရုံတွေ၊ ကုမ္ပဏီတွေအနေနဲ့ ထိုင်ဝမ်အလံကိုအများမြင်သာအောင် လွှင့်တင်ထားရမယ့်အပြင် ထိုင်ဝမ် ကုမ္ပဏီဖြစ်ကြောင်း မြန်မာစာနဲ့ ထင်ရှားစွာရေးပြထားရမယ်- လို့ဆိုပါတယ်။ 

ဒါ့အပြင် အလုပ်သမားတွေ၊ စက်ရုံဝန်းကျင်က ဒေသခံပြည်သူတွေကိုလည်း ဒီစက်ရုံဟာ ထိုင်ဝမ်ပိုင်ဖြစ်တယ်။ တရုတ်နဲ့မဆိုင်ဘူးဆိုတာကို အသေချာရှင်းပြထားရမယ် လို့ ဖေါ်ပြထားပါတယ်။

၂၀၁၄ ခုနှစ်တုန်းက တရုတ်ကိုမကျေနပ်လို့ ဗိယက်နမ်မှာ ဆန္ဒပြမှုတွေအတွင်း ထိုင်ဝမ် စက်ရုံတွေကို တရုတ်စက်ရုံနဲ့မှားပြီး၊ တရုတ်နဲ့ထိုင်ဝမ် အတူတူထင်ပြီး မီးရှို့ခံရတာတွေ ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။ 

အထည်ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ ဘဏ်တွေအပါဝင် ထိုင်ဝမ်ပိုင် စက်ရုံအလုပ်ရုံတွေ၊ ကုမ္ပဏီတွေ ၂၇၀ လောက်မြန်မာနိုင်ငံမှာရှိနေပြီး ရင်းနှီးမြှုပ်နှံမှု ပမဏ အမေရိကန်ဒေါ်လာ သန်းတထောင်ကျော်ရှိတယ်လို့ သိထားရပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork

တရုတ်ဟု အထင်မှားမခံရအောင် ထိုင်ဝမ်ကုမ္ပဏီတွေ ထိုင်ဝမ်အလံတင်ထားရန် ညွှန်ကြား တရုတ်ဟု အထင်မှားမခံရအောင် ထိုင်ဝမ်ကုမ္ပဏီတွေ ထိုင်ဝမ်အလံတင်ထားရန် ညွှန်ကြား Reviewed by THITHTOOLWIN on 01:51 Rating: 5

No comments:

Powered by Blogger.