ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးချိန်းရွှေ့ဆိုင်း

ရန်ကုန်မြို့ ညသပိတ်ပွဲ တခုတွင် Projector ပေါ် တွေ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ။ (မတ် ၁၃၊ ၂၀၂၁)

ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားတဲ့ အမှုတွေကို ကြားနာစစ်ဆေးဖို့ ဒီနေ့ နေပြည်တော်မှာ ရုံးချိန်းရှိပေမဲ့၊ အင်တာနက် အခက်အခဲကြောင့် ရွှေ့ဆိုင်းလိုက်ရပြီး ရှေ့နေ ကိုယ်စားလှယ်လွှဲစာကိုလည်း NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့က တင်သွင်းတဲ့ ဦးခင်မောင်ဇော်အစား ဦးယုယချစ်နဲ့ ဒေါ်မင်းမင်းစိုးတို့ နှစ်ဦးကိုသာ ရဲက ဆောင်ရွက်ပေးသေးတယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

"ဒီကနေ့ကတော့ ရုံးက ဗီဒီယို conferencing မလုပ်ဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အင်တာနက်မရဘူး။ မရတော့ video conferencing မလုပ်ဖြစ်ဘူး။ သို့သော်အစောပိုင်းမှာ အဲဒီ ရှေ့နေကိုယ်စားလှယ်စာကိစ္စနဲ့ ပတ်သက်ပြီးတော့ ရဲကနေ ခေါ်ပြီးတော့ ပြောပါတယ်။ ဆွေးနွေးဖို့ အဲဒီကိစ္စကို သွားကြပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်အပေါ် walkie talkie ဆက်သွယ်ရေး စကားပြောစက်တွေ တရားမဝင် တင်သွင်းမှုနဲ့ ကနဦး တရားစွဲခဲ့ပြီး အဲ့ဒီနောက် ကိုဗစ်-19 ကာကွယ်ရေး စည်းမျဉ်းတွေကိုလည်း ချိုးဖောက်ခဲ့တယ်လို့ဆိုပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ချိုးဖောက်မှုနဲ့ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီက တရားစွဲဆိုထားတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ နဲ့ ရွှေ ၇ ပိဿာ ပေးခဲ့တာကို ဝန်ခံထားတယ်လို့ ဆိုပြီး အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့လည်း မြန်မာစစ်ဘက် အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုထားပါတယ်။ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေ၊ NLD ပါတီ ခေါင်းဆောင်တွေ အများအပြားကို ဖမ်းဆီး ထိန်းသိမ်းထားတာဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/dassk-myanmar-military-coup/5814687.html

ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးချိန်းရွှေ့ဆိုင်း ဒေါ်အောင်ဆန်းစုကြည်အမှု တရားရုံးချိန်းရွှေ့ဆိုင်း Reviewed by THITHTOOLWIN on 18:50 Rating: 5

No comments:

Powered by Blogger.