ကုလအပေါ် မြန်မာလူထုရဲ့ မျှော်လင့်ချက် ကျဆင်းလာ (အထူးကိုယ်စားလှယ်)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အရေးယူ ဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံသားတွေရဲ့ အားကိုးမျှော်လင့်မှုတွေ လျော့ပါးလာနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schreiner Bergner က သတိပေးလိုက် ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မတ်လ ၅ ရက်သောကြာနေ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲမှာ သူမက အခုလို ပြောကြားခဲ့တာ ဖြစ်ကြောင်း အတွင်းရေးမှုးချုပ်ရုံးပြောခွင့်ရ Stéphane Dujarric က သောကြာနေ့ ကုလသမဂ္ဂသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုဟာ ဘယ်တုန်းကနဲ့မှ မတူအောင် လိုအပ်နေကြောင်း သူမကပြောကြားခဲ့ပါတယ်။ သစ္စာရှိတဲ့ အရပ်ဖက်ဝန်ထမ်းတွေ အပါအဝင် မြန်မာနိုင်ငံသားတွေဟာ တကယ့် သူရဲကောင်းတွေ ဖြစ်သလို နိုင်ငံ့ဒီမိုကရေစီ ထွန်းကားရေးကို အကာကွယ်ပေးနေသူတွေဖြစ်ပြီး ဒီလို လူတွေရဲ့ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေ အပေါ်ထားရှိတဲ့ မျှော်လင့်ချက်ဟာ တဖြေးဖြေး လျော့ပါးလာနေတာ တွေ့ရတယ်လို့ သတိပေးခဲ့ကြောင်း ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းမှုတွေ ရပ်သွားအောင်နဲ့ နိုင်ငံတွင်း ဒီမိုကရေစီပြန်ထွန်းကားလာအောင် အချိန်ကိုက်ပြီး ပြင်းပြင်းထန်ထန် တွန်းအားပေးကြ ရမှာ ဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ ဆိုးဆိုးဝါးဝါး ဆက်လက် လုပ်ဆောင်နေတာတွေကို ရှုတ်ချကြရမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်က ဖေဖေါ်ဝါရီ ၁ ရက်အာဏာသိမ်းခဲ့ချိန်ကစပြီး ရက်ရက်စက်စက် ခြေမှုန်းနေတာဖြစ်ပြီး အခုဆို ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၅၀ လောက် သေဆုံးခဲ့ရပြီဖြစ်သလို ပြင်းထန်တဲ့ဒဏ်ရာရသူ အများအပြား ရှိနေပြီ ဖြစ်တဲ့အတွက် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာလုံခြံုရေးတပ်တွေ အပေါ် ခိုင်မာပြတ်သားတဲ့ ကြေညာချက် ထုတ်ပြန်ဖို့ အလွန်အရေးပါ နေပြီဖြစ်သလို မြန်မာနိုင်ငံရဲ့ နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်ကို ထောက်ခံပြီး မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ရေးဟာလည်း သိပ်အရေးပါကြောင်း မစ္စ Bergner က အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် မြန်မာ့အရေးအတွက် စုပေါင်းလုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်းလည်း လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အရင်ကရော အခုလက်ရှိမှာပါ ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေ အတွက် ကင်းလွတ်ခွင့် ပေးမှာ မဟုတ်ကြောင်း လုံခြုံရေးကောင်စီက ပြတ်ပြတ်သားသား ပြသရမှာ ဖြစ်သလို ကျူးလွန်သူတွေ တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်း တွေအရ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း လုံခြံုရေးကောင်စီ အဖွဲ့ဝင်တွေကို မစ္စ Bergner က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-start-to-lost-hope-on-un-/5803983.html

ကုလအပေါ် မြန်မာလူထုရဲ့ မျှော်လင့်ချက် ကျဆင်းလာ (အထူးကိုယ်စားလှယ်) ကုလအပေါ် မြန်မာလူထုရဲ့ မျှော်လင့်ချက် ကျဆင်းလာ (အထူးကိုယ်စားလှယ်) Reviewed by THITHTOOLWIN on 07:00 Rating: 5

No comments:

Powered by Blogger.