တနင်္သာရီ၊ ကရင်၊ ကယား၊ ရှမ်းနဲ့ ကချင်မှာ ဒဏ်ရာရ၊ ဖမ်းဆီးခံရသူတွေရှိ

ဖေဖောဝါရီ ၈ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဆန္ဒပြပွဲ မြင်ကွင်း။ (ဖေဖော်ဝါရီ ၈၊ ၂၀၂၁)

မြန်မာနိုင်ငံတဝန်း ဒီကနေ့ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွဲလို့ လူသေဆုံးရတဲ့နေရာတွေရှိသလို တခြားနေရာတွေမှာလည်း အကြမ်းဖက်ဖြိုခွဲတာကြောင့် ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူတွေရှိပါတယ်။ တနင်္သာရီ၊ ကရင်၊ ကယား၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေဘက်က အခြေအနေတွေကိုတော့ ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်က စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်တချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်မှုတွေ ရှိနေသလို လုံခြုံရေးတပ်ဖွဲ့တွေကနေ သပိတ်ဖြိုခွင်းခဲ့လို့ ဖမ်းဆီးခံရမှု ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ သပိတ်ဦးဆောင်သူတွေက ဆိုပါတယ်။

ဒီကနေ့ မနက် ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ သပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့တွေကနေ ပိတ်ဆို့ဖြိုခွင်းခဲ့လို့ အဖမ်းဆီး ထိခိုက်မှု ရှိခဲ့တယ်လို့ သပိတ်ဦးဆောင်သူတဦးကပြောပါတယ်။

“မနက် ၉ နာရီက စထွက်တယ်။ ကလေးတွေ မဲကသာလမ်းသွယ်မှာပဲ ကျနော်တို့ ဆေးရုံအထိပဲ ဒီကောင်တွေက ပိတ်ထားတယ်။ တပ်နဲ့ ရဲနဲ့ BGF နဲ့။ ပိတ်ထားတဲ့အခါကျတော့ကလေးတွေလဲ အထဲမတိုးပါဘူး။ ပြန်ဖောက်ထွက်ဖို့ပဲ။ ထွက်တဲ့လမ်းအကုန်လုံး လိုက်ပိတ်တယ်သူတို့က။ တိုင်တရာဘက်ဖြတ်တဲ့အခါကျတော့ တိုင်တရာမှာ ထပ်ပိတ်တယ်။ ကလေးတွေ ထွက်ပေါက်မရှိတဲ့အချိန်မှာ ဒီကောင်တွေ သေနတ်တွေ ၁၅ ချက်ပစ်လိုက်တယ်သေနတ်။ သေနတ်ထိခိုက်မှု ရှိတယ်။ ရာဘာကျည်နဲ့ ၄ ယောက်ထိထားတယ်။ အမျိုးးသား ၂ ယောက်၊ အမျိုးသမီး ၂ ယောက် အဖမ်းခံထိတယ်။ အချုပ်ကားထဲ ဆွဲတင်ထားတယ်။"

သပိတ်မှာပါဝင်တဲ့ သူတွေရဲ့မော်တော်ဆိုင်ကယ်စီး ခြောက်စီးခန့်ကိုလည်း သိမ်းဆည်းသွားတယ်လို့ သပိတ်မှာပါဝင်တဲ့သူတွေကပြောပါတယ်။

ကယားပြည်နယ်လွိုင်ကော်မြို့မှာလည်း ဒီကနေ့မှာ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုမှာ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိတယ်လို့ သပိတ်ခေါင်းဆောင်တဦးကဆိုပါတယ်။

“စစ်ကြောင်းနှစ်ခုကတော့ မနေ့ကနဲ့ တူတယ်။ မိုင်းလုံးဘက်မှာ တခုရှိတယ်။ နာနတ်တောဘက်မှာ ကျမတို့ လုပ်တယ်။ နှစ်ခုလုံးက ကျမတို့ တော်တော်လေးဖြိုခွင်းခံရပြီးတော့ ဒဏ်ရာရမှုတွေရှိတယ်။ အခုလောလောဆယ်အရ ဆိုးဆိုးဝါးဝါးပေါ့နော်။ ဒီရာဘာကျည်တွေအပစ်ခံရတာတွေကတော့ ကျမတို့ ၃ ယောက်လောက် စာရင်းရောက်လာတယ်ပေါ့။ ဒါပေမဲ့ ကျန်တဲ့ဟာတွေက အကုန် မရောက်လာသေးတာရှိတယ်။”

ရှမ်းပြည်နယ် မူဆယ်မြို့မှာလည်း ဒီကနေ့ သပိတ်မှောက်ဆန္ဒပြသူတွေ အဖမ်းဆီးရှိတယ်လို့ မူဆယ်သပိတ်ခေါင်းဆောင် တဦးကဆိုပါတယ်။

“ကျနော်တို့ နာရီစင်ထိုင်သပိတ်မှာပေါ့။ အဲဒီမှာ ထိုင်သပိတ်လုပ်ဖို့ ကျနော်တို့ လူစုနေတုန်းပဲ ဒီရဲနဲ့ စစ်သားနဲ့ ရောက်လာတယ်။ ပြီးတော့ သူတို့ သေနတ် ၄ ချက်ဖောက်ပြီးတော့ လူစုခွဲတယ်ပေါ့။ ပြီးတော့သူတို့က လူငယ်လေးတွေ ၁၀ ယောက်ကျော်ကျော် ဖမ်းထားတယ်ဗျ။”

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ သပိတ်မှောက်ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ပိတ်ဆို့ဖမ်းဆီးနေကြောင်းလည်း သပိတ်မှာ ပါဝင်သူ တဦးကဆိုပါတယ်။

“စျေးအဝင်မှာပေါ့နော်။ ဝင်လာခါနီးမှာပဲ ကျမတို့တတွေအားလုံးပေါ့နော်။ နောက်ကနေ စစ်ကားရော၊ ရဲကားတွေ ရောပေါ့နော်။ အချုပ်ကားတွေရော အကုန်လုံး လာပြီးအခါကျတော့ ကျမတို့ကို နောက်ကနေ ဝင်ပြီးတော့ လိုက်လာတယ်ပေါ့နော်။ အားလုံးက တခါတည်းကို ချက်ချင်းထွက်ပြေးပြီးတော့ အိမ်တွေမှာ ပုန်းအောင်းနေရတဲ့အနေအထား အဖြစ်ရှိသွားပါတယ်။ အဲဒီရဲတွေကလည်း အဲဒီပတ်ဝန်းကျင်မှာပဲ သူတို့လည်း မပြန်ဘူး။ ကျမတို့ မထွက်မချင်းဘဲ သူတို့ကလည်း အဲဒီနားမှာပဲ နေနေတာပေါ့။ ကျမတို့ ထွက်လာပြီးဆိုရင် ဖမ်းမယ်ဆိုတဲ့ အနေထားတော့ရှိတယ်။”

တနင်္သာရီတိုင်း ထားဝယ်မြို့မှာတော့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကနေ မီးခိုးဗုံးနဲ့ပစ်ခွင်းခဲ့သလို တခြားထိခိုက်မှု မရှိဘဲ သပိတ်စစ်ကြောင်း ရုပ်သိမ်းခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့တုန်းက တပ်မတော်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်ကြောင်း ကြေညာပြီးကတည်းက မြန်မာတနိုင်လုံးအတိုင်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှောက်မှုတွေ ဆက်တိုက်ဖြစ်ပွါးလာနေတာပါ။

သပိတ်မှောက်ဆန္ဒပြမှုတွေ တိုးလာသလို လုံခြုံရေးတပ်ဖွဲ့တွေကနေ ဖြိုခွင်းမှုကလည်း ပိုပြီးလုပ်ဆောင်နေတဲ့ အခြေအနေကြောင့် သေဆုံးထိခိုက်ဒဏ်ရာရမှုတွေ၊ အဖမ်းဆီးခံရမှုတွေကလည်း ပိုပြီးများပြားလာနေပါတယ်။


ကိုနိုင်ကွန်းအိန်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-protest/5810290.html

တနင်္သာရီ၊ ကရင်၊ ကယား၊ ရှမ်းနဲ့ ကချင်မှာ ဒဏ်ရာရ၊ ဖမ်းဆီးခံရသူတွေရှိ တနင်္သာရီ၊ ကရင်၊ ကယား၊ ရှမ်းနဲ့ ကချင်မှာ ဒဏ်ရာရ၊ ဖမ်းဆီးခံရသူတွေရှိ Reviewed by THITHTOOLWIN on 21:35 Rating: 5

No comments:

Powered by Blogger.