ကယားပြည်နယ်မှာ ပါမောက္ခချုပ်တွေကို ဖမ်းဆီးမှု နည်းပညာဆရာ/ဆရာမအဖွဲ့ချုပ် ရှုတ်ချ



Share/Bookmark
လွိုင်ကော်ကွန်ပျူတာတက္ကသိုလ် (ဓါတ်ပုံ - TTF နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ် facebook page )

လွိုင်ကော်မြို့ စက်မှု နည်းပညာဆိုင်ရာ တက္ကသိုလ်နဲ့ ကျောင်းတွေက ကျောင်းအုပ်ဆရာကြီး (၃)ဦးကို မတ်လ (၁၀)ရက်နေ့က ဖမ်းဆီးလိုက်ပြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ထားပါတယ်။ အေးချမ်းစွာ ပညာသင်ကြားပေးနေတဲ့ ဒီဆရာကြီး (၃)ဦးကို အမြန်ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ် (Technological Teachers' Federation - TTF) က တောင်းဆိုလိုက်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကယားပြည်နယ်မှာရှိတဲ့ နည်းပညာတက္ကသိုလ် (လွိုင်ကော်)ရဲ့ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝင်းအောင်၊ ကွန်ပျူတာ တက္ကသိုလ်(လွိုင်ကော်)ရဲ့ ပါမောက္ခချုပ် ဒေါက်တာအောင်မြင့်အေးနဲ့ အစိုးရစက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)ရဲ့ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ ဇော်လင်းထွန်းတို့ကို စစ်အုပ်ချုပ်ရေး ကောင်စီက မတ်လ (၁၀)ရက်နေ့မှာ ဖမ်းဆီးလိုက်ကြောင်း အမည်မဖေါ်လိုတဲ့ နည်းပညာဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ် (TTF)ရဲ့ ပြောခွင့်ရ ဆရာတဦးက VOA ကိုပြောပါတယ်။

"လွိုင်ကော်က နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ ဇော်ဝင်းအောင်ရယ် ၊ နောက် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)က ပါမောက္ခချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ အောင်မြင့်အေးနဲ့ နောက်တခုက အစိုးရ စက်မှုလက်မှုသိပ္ပံ(လွိုင်ကော်)ရဲ့ ကျောင်းအုပ်ကြီးတာဝန်ယူထားတဲ့ ဒေါက်တာ ဇော်လင်းထွန်းပေါ့နော်။ သူတို့ သုံးဦးက မတ်လ ၁၀ ရက်နေ့ညနေ ကယားပြည်နယ်ရုံးမှာ အစည်းအဝေး တက်ဖို့ ခေါ်တော့ သွားတက်တာပါ။ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ဖိတ်တယ်လို့ ကျနော်တို့ ကြားပါတယ်။ အစည်းအဝေးတက်ပြီး အဲဒီအစည်းအဝေးက အပြန်မှာ သူတို့ကို ပြန်မလွှတ်တော့ပဲ ထိန်းသိမ်းထားတာပါခင်ဗျ။ "

ဒီ ကျောင်းအုပ်ဆရာကြီးတွေ အခုလို ဖမ်းဆီးခံရတာဟာ စစ်တပ်နဲ့ရဲ တပ်ဖွဲ့ဝင်တွေက ကျောင်းပုရဝုဏ်ထဲ တပ်လာစွဲတာကို လက်မခံတဲ့ အချက်နဲ့ ဆက်စပ်နေတယ်လို့ ပြောခွင့်ရ ဆရာကဆိုပါတယ်။

" ကျနော်တို့ သုံးသပ်မိတာက သူတို့ကို ဖမ်းဆီး မထိန်းသိမ်းခင် ရက်ပိုင်းအလိုမှာ ကွန်ပျူတာ တက္ကသိုလ်ရော ၊ နည်းပညာတက္ကသိုလ်ရောမှာ တပ်က လုံခြုံရေးအရဆိုပြီး နေရာလာယူတာ ရှိတယ်ပေါ့။ အဲလိုမျိုး လာပြီး နေရာယူတဲ့ တပ်တွေကို နည်းပညာတက္ကသိုလ် ပါချုပ်ရော၊ ကွန်ပျူတာတက္ကသိုလ် ပါချုပ်ရောက သူတို့ကျောင်းတွေမှာ လုံခြုံရေးအရ တာဝန်ယူပေးဖို့ မလိုအပ်ဘူးဆိုပြီး ပြန်လွှတ်လိုက်တယ်။ အဲလို ဖြစ်စဉ်တော့ ရှိခဲ့ဖူးတယ်။ သို့သော် ဒီ ပါချုပ် ၂ ယောက်ရယ် ကျောင်းအုပ်ကြီး ၁ ယောက်ရယ်က CDM လုပ်နေတယ်လို့ ကျနော်တို့ မသတ်မှတ် ထားဘူးပေါ့နော်။ "

ကျောင်းအုပ်ကြီး ၃ ဦးစလုံးကို ခုတော့ ပုဒ်မ (၅၀၅-က) နဲ့ တရားစွဲထားကြောင်းလည်း ပြောပါတယ်။

" အခု ကျနော်တို့ ကြားထားသလောက် သူတို့ကို ပုဒ်မ ၅၀၅(က) (တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု / လုပ်ဆောင်မှု) နဲ့စွဲတယ် ။ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဆိုရင် ပုဒ်မတခု ထပ်တိုးတယ် ပြောတယ်။ (၁၀၉)ပါ ပါတယ်တဲ့။ အဲဒါက စစ်တပ်နဲ့ရဲကို တာဝန်ဝတ္တရား နှောက်ယှက်မှုနဲ့ စွဲသလားလို့ ကျနော်တို့ သုံးသပ်မိတယ်ပေါ့။ ဒါပေမယ့် သေချာ အတည်ပြုနိုင်ဖို့ ကျနော်တို့စုံစမ်းနေပါတယ်။ လောလောဆယ် သူတို့ကို လွိုင်ကော်ထောင်မှာ ထိန်းသိမ်းထားတယ်လို့ ကြားသိရပါတယ်။ မတ်လ ၂၄ မှာ သူတို့ကို ရမန်ရုံးချိန်း ယူမယ်ကြားရပါတယ်ခင်ဗျ။ "

လွိုင်ကော်နည်းပညာတက္ကသိုလ်

လတ်တလောမှာတော့ ဒီကျောင်းအုပ်ကြီးတွေ ပြန်လည် လွတ်မြောက်ရေးအတွက် နည်းပညာဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ဆောင်ရွက်နေကြောင်း ပြောခွင့်ရဆရာက ဆိုပါတယ်။

" လောလောဆယ် ဒီနေ့ ကျနော်တို့ လုပ်နေတာက သက်ဆိုင်ရာ မိသားစုဝင်တွေနဲ့ ချိတ်ဆက်ပြီးတော့ နယ်မြေခံ ရှေ့နေတွေနဲ့ ညှိနှိုင်းဖို့အတွက် ကျနော်တို့ ဆောင်ရွက်နေပါတယ်။ နောက်တခုကတော့ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တွေ အနေနဲ့ ဒီကိစ္စပေါ်မှာ လိုက်ပါ ကူညီ ဆောင်ရွက်ပေးဖို့ ကျနော်တို့ ညှိနှိုင်းနေတာတော့ ရှိပါတယ်။ အဓိကေးတော့ သူတို့ကို ဖမ်းဆီးထားတာကို ပြန်လွှတ်ပေးဖို့အတွက် ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားနေတာပါ။ ပြောချင်တာကတော့ CDM လုပ်နေတဲ့ ဆရာဆရာမတွေကို ထိတ်လန့်သွားအောင် ကြောက်သွားအောင် လုပ်ပြတဲ့နမူနာလို့ပဲ ကျနော်တို့ မှတ်ယူတယ်။ ဒါပေမဲ့ ဆရာ-ဆရာမတွေကတော့ ကြောက်သွားမှာ မဟုတ်ဘူး။ အေးချမ်းစွာ ပညာသင်ပေးဖို့ တာဝန်ထမ်းနေတဲ့ ဆရာတွေကို မတရားသဖြင့် ဖမ်းဆီးသွားတာမျိုးကတော့ ဒါ ကျနော်တို့ အနေနဲ့ လုံးဝ လက်ခံနိုင်စရာ မရှိဘူး။ "

ဖေဖေါ်ဝါရီ(၁)ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ခုချိန်ထိ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံရသူ စုစုပေါင်း (၂၀၄၅) ဦးရှိတဲ့အနက် (၃၁၉)ဦးက ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် (၁၇၂၆ )ဦး ကတော့ ခုချိန်ထိ ဖမ်းဆီးခံနေရဆဲ/ တရားရင်ဆိုင် နေရဆဲဖြစ်ကာ၊ (၃)ဦးကတော့ ထောင်ဒဏ်ချခံလိုက်ရတယ်လို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းပြုစုချက်အရ သိရပါတယ်။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/loikaw-3-rectors-arrested-and-charged/5811556.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ