တရုတ်-ရုရှားနိုင်ငံခြားရေးဝန်ကြီးဆွေးနွေးပွဲ မြန်မာ့အရေးပူပင်မှု ထုတ်ပြန်

မတ်လ ၁၆ ရက်နေ့က ရန်ကုန်မြို့ရှိ ဆန္ဒပြပွဲတခုတွင် ရဲနဲ့ စစ်တပ်က ဖြိုခွင်းခဲ့တဲ့ မြင်ကွင်း။ (မတ် ၁၆၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့အပေါ် ပြည်သူတွေက ပုံစံမျိုးစုံနဲ့ ဆက်ပြီး ကန့်ကွက်နေတာကို တပ်က ပစ်ခတ်နှိမ်နင်းနေချိန်မှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ် အင်မတန် စိတ်ပူပန်စိုးရိမ်တယ်လို့ တရုတ်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး နှစ် ယောက် တွေ့ဆုံဆွေးနွေးစဉ်မှာ ပြောကြားခဲ့ကြပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ တရုတ်နိုင်ငံ Guilin မြို့မှာ မနေ့က တွေ့ဆုံမှုအတွင်း ခုလိုပြောခဲ့ကြတာပါ။ နောက်ထပ် ပဋိပက္ခတွေ၊ သွေးထွက်သံယိုဖြစ်မှုတွေ ရှောင်ရှားနိုင်ဖို့အတွက် မြန်မာနိုင်ငံက သက်ဆိုင်တဲ့ အဖွဲ့တွေအားလုံးအနေနဲ့ ဖွဲ့စည်းပုံနဲ့ ဥပဒေမူဘောင်တွေထဲကနေ နိုင်ငံရေးအဖြေရှာမှုတဲ့နည်းလမ်းကို တရုတ်နဲ့ ရုရှားက ထောက်ခံတယ်လို့ တွေ့ဆုံပွဲအပြီး နိုင်ငံခြားရေးဝန်ကြီး နှစ် ယောက် ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံပြဿနာကို ခုတုံးလုပ်ပြီး သူတို့အကျိုးအမြတ်အတွက် အခွင့်အရေးမယူနိုင်အောင်နဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ဆက်လုပ်သွားနိုင်ဖို့အတွက် မြန်မာနိုင်ငံထဲက သက်ဆိုင်တဲ့အဖွဲ့အားလုံး ဆွေးနွေးညှိနှိုင်းပြီး နိုင်ငံရေးအဖြေရှာရေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ ဆွေးနွေးစဉ်မှာ သဘောတူ ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရဲနဲ့ စစ်တပ်က ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းနေတာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တာဝန်နဲ့ ဒုတိယပြည်ထဲရေးဝန်ကြီး တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးအပြင်၊ ရန်ကုန်မြို့က ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နင်းတဲ့ တပ်မ ၇၇၊ မန္တလေးက ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတဲ့ တပ်မ ၃၃ တို့ကို အမေရိကန်အစိုးရက မနေ့ကပဲ အရေးယူဒဏ်ခတ်ခဲ့ပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အရေးယူ ဒဏ်ခတ်ချက်အရ ဒဏ်ခတ်လိုက်သူတွေနဲ့ သူတို့နဲ့ပတ်သက်နေတဲ့ လုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုအားလုံးကို အမေရိကန် ဘဏ္ဍာရေးဌာနက ထိန်းချုပ် ပိတ်ပင်လိုက်ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် လုံခြုံရေးတပ်တွေက သေစေလောက်အောင် အကြမ်းဖက်နေမှုကို ရပ်ကို ရပ်ရမယ်လို့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Andrea M. Gacki က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်အတွက် အရေးယူနိုင်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆက်လုပ်သွားမှာဖြစ်သလို၊ မြန်မာပြည်သူတွေနဲ့ ဆက်လက်ရပ်တည်သွားမယ်လို့လည်း ဒဏ်ခတ်အရေးယူမှုအကြောင်း ထုတ်ပြန်စဉ်မှာ ပြောကြားထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ထိခိုက်အောင်လုပ်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘက်လိုက်မှုကင်းတဲ့ သတင်းဌာနတွေအပေါ် ဖိအားတွေ တိုးပေးနေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ထိခိုက်အောင် ဆက်လုပ်နေတဲ့အပေါ် မြန်မာနိုင်ငံထဲက ကုလသမဂ္ဂအဖွဲ့အစည်းတွေအားလုံးက စိုးရိမ်နေတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က မနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာပါ။ လောလောဆယ်အထိ ဖမ်းဆီးခံရတဲ့ သတင်းထောက် ၄၀ ထက်မနည်း ရှိတယ်လို့လည်း သူကပြောပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ လူတွေသေဆုံးနေတာကို မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့အစည်းတွေက အင်မတန် စိုးရိမ်နေကြောင်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် စစ်တပ်က အင်အားသုံး နှိမ်နင်းနေတာ ရပ်ဖို့ ဆက်ပြီး တောင်းဆိုကြောင်း New York မြို့ကုလသမဂ္ဂဌာနချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ကုလအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ စာရင်းအရ လုံခြံုရေးတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တဲ့ အရပ်သား ၂၂၄ ယောက်ထက် မနည်းရှိနေပေမဲ့ တကယ်သေဆုံးတဲ့ အရေအတွက်ဟာ ၂၅၀ ထက်ကျော်တယ်လို့ ယုံကြည်ထားကြောင်းလည်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

EU ဥရောပသမဂ္ဂကတော့ စစ်တပ်ရဲ့ လက်ချက်နဲ့ သေဆုံးသူ ၂၅၀ ကျော်ပြီလို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေ ဆိုးလာနေတာ စိတ်မကောင်းစရာပဲလို့ ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက အခြေအနေအနေတွေကို EU ကစောင့်ကြည့် မှတ်တမ်းတင်နေပါတယ်။ စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုငး အခြေအနေတွေ ပိုပြီး ယိုယွင်းလာနေတာ စိတ်မကောင်းစရာဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို စစ်တပ်က စစ်မြေပြင်မှာသုံးတဲ့ လက်နက်တွေသုံး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၅၀ ထက်မနည်း ရှိနေပါပြီ။ ဆက်လက် ဖိနှိပ်နေမှုတွေမှာ တာဝန်ရှိသူ ၁၁ ယောက်ကို EU က ဒဏ်ခတ်အရေးအယူခဲ့တယ်လို့ EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell ကပြောကြားခဲ့တာဖြစ်ပါတယ်။ မတ်လ ၂၂ ရက် တနင်္လာနေ့က ဒဏ်ခတ်ပိတ်ဆို့ခဲ့သူ ၁၁ ယောက်ထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိတဲ့ ဒုသမ္မတ ဦးမြင့်ဆွေ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ အာဏာသိမ်း န.စ.က ကောင်စီထဲမှာပါတဲ့ စစ်တပ်အကြီးအကဲတွေ ပါဝင်ပါတယ်။

ခုလိုနိုင်ငံတကာက ဖိအားပေးနေချိန်မှာပဲ စစ်တပ်က ပြည်သူတွေအပေါ် ပစ်ခတ်မှုတွေကို ဆက်ပြီးလုပ်နေပါတယ်။ ဒီနေ့ပဲ မန္တလေးမြို့မှာ တပ်တွေ ပစ်ခတ်လို့ သေဆုံးသူ ၄ ယောက်ရှိပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ သေဆုံးသူတယောက်ဆိုရင် အသက် ၇ နှစ် အရွယ် မိန်းကလေးငယ်ဖြစ်ပါတယ်။ ခုလို မန္တလေးမှာ ဒီရက်ပိုင်းအတွင်း ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်နေလို အသက် ၂၀ ကျော်လူငယ်တွေလည်း ပါဝင်ပါတယ်။ မန္တလေး မြရည်နန္ဒာအိမ်ယာက လူနေအိမ်တွေကို တနင်္လာနေ့က ပစ်ခတ်မှုအတွင်း သေနတ်ထိမှန်သေဆုံးခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ကိုထွန်းထွန်းအောင်ရဲ့ အသုဘအခမ်းအနားကိုတော့ ဒီနေ့ ပြုလုပ်ပါတယ်။

ကိုထွန်းထွန်းအောင်ရဲ့ မိခင်နဲ့ ကျန်ရစ်သူ မိသားစုရဲ့ ပူဆွေး ငိုကြွေးနေကြတဲ့ အသံတွေဖြစ်ပါတယ်။ သူ့ရဲ့ အကိုဖြစ်သူကလည်း ဝမ်းနည်းနေတဲ့ကြားက ခုလို ပြောကြားခဲ့ပါတယ်။

"ကျနော်တို့အရေးတော်ပုံအောင်အောင် ထပ်ပြီးတိုက်ပွဲဝင်ကြမယ်။ ဘယ်သူမှ ဝမ်းမနည်းပါနဲ့။"

မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ယာမှာ မနေ့တုန်းက ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ အသက် ၁၄ နှစ်အရွယ်ကို ထွန်းထွန်းအောင်ရဲ့ အကိုဖြစ်ပါတယ်။

ခုလို စစ်အာဏာသိမ်းထားသူတွေက နှိမ်နှင်းနေပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကိုလည်း ပြည်သူတွေ ဆက်လုပ်နေကြပါတယ်။ ရန်ကုန်မြို့မှာဆို မနက်အာရုံတက်ချိန်မရောက်ခင်ထဲက အရုဏ်ဦးသပိတ်ကို လုပ်ခဲ့ကြပါတယ်။ မန္တလေးမြို့မှာဆိုလည်း ဒီနေ့ မနက်ပိုင်းကတည်းက သံဃာသမဂ္ဂ သပိတ်၊ မြတောင်သပိတ် အပါအဝင် သပိတ်စစ်ကြောင်းတွေ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ စစ်တပ်အင်အား အမြောက်အများတပ်စွဲပြီး နှိမ်နင်းနေတဲ့ မုံရွာမြို့မှာလည်း ဒီနေ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကိုင်း၊ တောင်ကြီး၊ ကျွန်းလှ၊ မိတ္ထီလာ၊ ရေဦး၊ ရေစကြို နဲ့ ပဲခူးမြို့တွေမှာလည်း အရုဏ်ဦး သပိတ်အပြင် ပုံစံမျိုးစုံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ နေ့စဉ်မပြတ်ဆန္ဒပြပွဲတွေရှိနေတဲ့ ထားဝယ်မြို့မှာဆိုလည်း ဒီနေ့ အမြောက်အများလမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

"မင်းတို့အိမ်မှာ ပျော်ရွှင်နေတာ၊ တချို့အိမ်တွေ လူမရှိတော့ဘူး။ အိမ်ပေါ်အထိ တက်ဆွဲနေတာ၊ မင်းတို့လူတွေ ပါသွားမှာပဲ။ သိသိကြီးနဲ့ ငြိမ်မခံနဲ့၊ အိမ်ထဲနေလည်း လာဆွဲမှာပဲ။ မင်းတို့အိမ်မှာ ပျော်ရွှင်နေတာ၊ တချို့အိမ်တွေ လူမရှိတော့ဘူး။"

ခုလို ထားဝယ်မြို့မှာ ချီတက်ဆန္ဒပြသူတွေအပြင်၊ ကြွေးကြော်စာသားတွေပါတဲ့ ဆိုင်းဘုတ်တွေပါတဲ့ ဆိုင်ကယ်တွေ စီတန်းမောင်းနှင်ပြီး ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။ မြိတ်နဲ့ ပုသိမ် မြို့တွေမှာတော့ လူမဲ့သပိတ်တွေ လုပ်ကြခဲ့ကြပါတယ်။


မစုမြတ်မွန်/ VOA Burmese

https://burmese.voanews.com/a/russia-china-myanmar-military-coup/5825326.html

တရုတ်-ရုရှားနိုင်ငံခြားရေးဝန်ကြီးဆွေးနွေးပွဲ မြန်မာ့အရေးပူပင်မှု ထုတ်ပြန် တရုတ်-ရုရှားနိုင်ငံခြားရေးဝန်ကြီးဆွေးနွေးပွဲ မြန်မာ့အရေးပူပင်မှု ထုတ်ပြန် Reviewed by THITHTOOLWIN on 07:46 Rating: 5

No comments:

Powered by Blogger.