နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သေဆုံး၊ ဒဏ်ရာရသူတွေ ထပ်တိုး

မတ်လ ၂၂ ရက်နေ့ မန္တလေးမြို့ သပိတ် စစ်ကြောင်း ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (မတ် ၂၂၊ ၂၀၂၁)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်မှုတွေ နိုင်ငံတဝန်း နည်းမျိုးစုံနဲ့ ဆက်လက် ပြုလုပ်နေကြတဲ့တချိန်ထဲမှာပဲ အကြမ်းဖက် ဖြိုခွဲမှုတွေလည်း ဆက်တိုက်ရှိနေတာကြောင့် နေ့စဉ်နီးပါး အသက်ဆုံးရှုံးမှုတွေ ဖြစ်နေတာပါ။ မြန်မာနိုင်ငံတဝန်း ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ဒီကနေ့ မတ်လ ၂၅ ရက်နေ့ မြန်မာနိုင်ငံတဝန်း ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လူသေဆုံးခဲ့သလို၊ ဖမ်းဆီးခံရတာတွေလည်း ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာတော့ ဆန္ဒပြသပိတ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင် လူသေဆုံးခဲ့တယ်လို့ တောင်ကြီး မြို့ခံတစ်ဦးကပြောပါတယ်။

“အခုလောလောဆယ် နှစ် ယောက်ထိသွားတယ်။ တစ် ယောက်ကတော့ Head Shot ပေါ့နော်။ တယောက်ကတော့ ကျည်ပေါက်ပြီး ထိသွားတယ်။ အခုလောလောဆယ် အနောက်မြို့ပတ်လမ်းဘက်မှာ ပစ်နေတယ်။ နည်းနည်းအကြမ်းဖက်နေတယ်။ အနောက်မြို့ပတ်လမ်းဘက်မှာ။ တယောက်ကတော့ သေဆုံးသွားတယ်။ နောက်တယောက်ကတော့ မသေချာသေးဘူး။ ဒါပေမဲ့ အခြေအနေမကောင်းဘူး။ သူက ကျည်ပေါက်သွားတယ်ဆိုတော့လေ။ အဲ့ဒီဟာကတော့ မသေချာသေးဘူး။ တယောက်ကတော့ သေချာတယ်။ မနက်က ဆိုင်ကယ်သပိတ်ဖြိုခွဲ နောက်ပြီး ကံသာမြို့မဘက်တွေ ပစ်တယ်။ နောက်ပြီး ၃ လမ်းဆုံတွေ ရောက်နေတယ်။ သူတို့ အနောက်မြို့ပတ်လမ်း တောက်လျှောက် ဝင်နေတာပေ့ါ။"

မနေ့ မတ်လ ၂၄ ရက် ညပိုင်းမှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်မှာ ရပ်ကွက်ကင်းစောင့်နေသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားပြီး မြို့ခံတွေက ပြန်တောင်းဆိုတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပေမဲ့ ဒီကနေ့ မနက်ပိုင်းမှာတော့ ခင်ဦးမြို့ပေါ်မှာ ပစ်ခတ်တာတွေလုပ်လို့ ဒဏ်ရာရတာတွေ ရှိခဲ့ပြီး မြို့ခံတွေက နီးစပ်ရာ ရွာတွေဆီမှာ ထွက်ပြေးခိုလှုံနေရတယ်လို့ ခင်ဦးမြို့ခံတစ်ဦးကပြောပါတယ်။

“ဒဏ်ရာရတာ သုံး ဦးရှိတယ်။ ဒါအတည်ပြုနိုင်တာပေါ့။ စာရင်းအတိအကျ။ ထွက်ပြေးလာတဲ့သူတွေပြောတာကတော့ မြို့ထဲမှာ ထပ်ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိနေတယ်။ သူတို့ကတော့ ၅ ဦး ရှိတယ်ပြောတယ်။ ဒါပေမဲ့ လက်ကို ထိခိုက်ဒဏ်ရာရသူကတော့ ဘုန်းကြီးကျောင်းထဲမှာ ဆေးကုသမှုခံယူနေ အရေးပေါ် ကုသမှုခံယူနေစဉ်မှာပဲ လာရောက်ဖမ်းသွားတဲ့အတွက် အဲ့ဒီလူကတော့ အဖမ်းခံလိုက်ရတာ သေချာတယ်။ လက်ပြတ်လုနီးပါး ဒဏ်ရာရသူပေါ့။ အဲ့ဒီလူကတော့ အဖမ်းခံလိုက်ရတယ်။ မြို့ပေါ်ကလူတွေလည်း ရှောင်ပြေးနေပြီး ဘေးနားက ရွာတွေကို သွားရောက်ခိုလှုံနေရပြီပေါ့။”

ဒါ့အပြင် မော်လမြိင်မြို့မှာလည်း ဆန္ဒထုတ်ဖော်သူတွေကို ပစ်ခတ်ဖြိုခွင်းတာကြောင့် ဒဏ်ရာရသူတွေ ရှိပြီး လူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မောင်လမြိုင်မြို့ခံတစ်ဦးကပြောပါတယ်။

“မနက်က ပစ်ကြတော့ ကျောင်းသားလေးတွေက လမုတန်းရပ်ကွက်ဆိုတာရှိတယ်။ စျေးအနောက်ဘက်မှာလေ... အဲ့ဒီဘက်ကိုပြေးဝင်ကြတော့ သူတို့လိုက်ဖမ်းတယ်ပေါ့နော်။ အခုသိသလောက် ၁၉ ယောက်လောက်ပါသွားတယ်ပြောတယ်။ ကျန်တာလည်း အဲ့ဒီရပ်ကွက်မှာ ပိတ်မိနေတော့ ဆိုင်ကယ်နဲ့အုပ်စုက တခြားနေရာကနေ ဒီကောင်တွေကို ဆန္ဒပြန်ပြပြီး ပြန်ခေါ်ထုတ်တယ်ပေါ့။ ရဲတွေကို ပြန်ခေါ်ထုတ်တော့ အခုတော့ အဲ့ဒီမှာ ပိတ်မိနေတဲ့ ကလေးတွေတော့ လွတ်သွားပြီ။ လမ်းမကြီးမှာတော့ ၅ နေရာ၊ ၆ နေရာလောက် လမ်းပိတ်ထားတယ်။ ဒီဘက်က သေဆုံးတော့မရှိဘူး။ မနက်ကဆို ၃ ယောက်ထိတယ်။ တယောက်ကဆို ကျည်အစစ်နဲ့ထိတယ်။ နောက် ၂ ယောက်လား၊ ၃ ယောက်လားမသိဘူး။ ရာဘာကျည်ထိတယ်။”

ကချင်ပြည်နယ် မိုးညှင်းမြို့မှာလည်း ဆန္ဒထုတ်ဖော်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းတာကြောင့် ၁ ယောက်သေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မိုးညှင်းဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာလည်း လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် မနေ့ညက ဆယ်ကျော်သက်လူငယ်တဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာတွေကြောင့် သေဆုံးသူ ၃၀၀ နီးပါးအထိရှိလာပြီး ဖမ်းဆီးခံရသူ ၂,၀၀၀ ကျော်ရှိနေတာပါ။ မနေ့ မတ်လ ၂၄ ရက်နေ့မှာတော့ ဖမ်းဆီးထိန်းသိမ်းထားသူ ၇၀၀ ဝန်းကျင်လောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။


ကိုဇော်ဝင်းလှိုင်/ VOA Burmese

https://burmese.voanews.com/a/myanmar-military-coup-protest/5828007.html

နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သေဆုံး၊ ဒဏ်ရာရသူတွေ ထပ်တိုး နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သေဆုံး၊ ဒဏ်ရာရသူတွေ ထပ်တိုး Reviewed by THITHTOOLWIN on 23:41 Rating: 5

No comments:

Powered by Blogger.