လှိုင်သာယာပစ်ခတ်မှုကြောင့် သေဆုံးသူ ၈၀ ထက်မနည်း ရှိပြီ

မတ်လ ၁၄ ရက်နေ့ လှိုင်သာယာဆန္ဒပြပွဲ ဖြိုခွင်းမှုအတွင်းတွေ့ရတဲ့ မြင်ကွင်း။ (မတ် ၁၄၊ ၂၀၂၁)

လှိုင်သာယာမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ရဲပါဝင်တဲ့ လက်နက်ကိုင်တွေဘက်က အကြမ်းဖက်ပစ်ခတ်တာတွေဟာ ၃ ရက်ရှိလာပါပြီ။ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၈၀ ထက်မနည်း ရှိနေပြီး၊ ဖမ်းဆီးခံရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း များလာနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

စစ် အာဏာရှင်စနစ် ကျဆုံးရေး ဆန့်ကျင်ဆန္ဒပြသူတွေကို လက်နက်ကိုင်တွေ အကြမ်းဖက်နေကြပေမဲ့ ဆန္ဒပြပွဲတွေကတော့ နိုင်ငံအနှံ့မှာ ဆက်ရှိနေဆဲပါ။ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ရက်ပေါင်း ၄၄ ရက်ကြာခဲ့ပါပြီ။ ဒီအချိန်ကာလအတွင်းမှာ အကြမ်းဖက်ဖြိုခွဲ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေလည်း ရာနဲ့ချီရှိလာပါပြီ။

အခြေခံလူတန်းစားတွေနဲ့ အလုပ်သမားအင်အားစု အများဆုံးနေထိုင်ရာ လှိုင်သာယာမြို့နယ်က သပိတ်တွေကို ပြီးခဲ့တဲ့ ရှေ့ ၂ ရက်တုန်းက အကြမ်းဖက်ဖြိုခွဲ ပစ်ခတ်တာတွေ လုပ်ခဲ့ပြီး ဒီကနေ့မှာတော့ ဆန္ဒပြသပိတ်တွေ မရှိပေမဲ့ လူနေရပ်ကွက်တွေထဲ ဝင်ရောက်ပစ်ခတ်တာနဲ့ လူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်နေလို့ ထွက်ပြေးနေရသူတွေလည်း ရှိပါတယ်။

"အခု ရပ်ကွက်ထဲက ကလေးတွေအများကြီးပဲ၊ မူလတန်းကျောင်းထဲမှာ... သူတို့ဆွဲထားပါတယ်။ ဒီညကို မီးရှို့မယ်လို့လည်း ကြားထားပါတယ်။ ညီမတို့ သိရသလောက်ကို လက်ရှိသူတို့ဖမ်းထားတာ ရပ်ကွက်ထဲက လူငယ်ကလေးတွေ ၁၀ ယောက်ကျော်ပါတယ်။ မနေ့ညတုန်းကတော့ သူတို့က လမ်းပေါ်ကဖောက်တာ။ ဒီနေ့ကျတော့ မနက် ၈ နာရီခွဲ - ၉ နာရီလောက်ကတည်းက စပြီး တပ်စွဲတာ။ တပ်စွဲပြီးတော့ ရပ်ကွက်ထဲအထိ လိုက်ပစ်တယ်။ အိမ်တွေကိုပစ်တယ်၊ တယောက်မှ အိမ်ထဲက ထွက်မလာနဲ့ဆိုပြီး ပြောတယ်။ ရပ်ကွက်ထဲက ဧရာဝတီတိုင်းဘက်ကို ပြန်တဲ့ကလေးတွေပြောတာကတော့ မီးခွက်ဈေးပတ်လယ်မှာလည်း စစ်ကားတွေနဲ့ ကောင်လေးတွေအများကြီး ဆွဲထားတယ်လို့ ပြောတယ်။ လောလောဆယ် လှိုင်သာယာမြို့နယ်က ကျူးကျော်မှာနေတဲ့လူတွေအတွက် အထိခိုက်ဆုံးပေါ့နော်။ သူတို့မှာ ရေမရှိပါဘူး၊ ဆန်မရှိပါဘူး၊ အကုန်ပြတ်လတ်နေပါတယ်။ လှိုင်သာယာ လုံးဝအမည်းရောင်နယ်မြေဖြစ်နေပြီ။ အမတို့ကို ဘယ်သူမှ မကယ်တော့ဘူးလား ... လှိုင်သာယာကို ...။"

လှိုင်သာယာမြို့နယ်တွင်းမှာ လက်နက်ကိုင်တွေ အကြမ်းဖက်မဖြိုခွဲနိုင်ဖို့ သူတို့လာရာ အဓိကလမ်းတွေဖြစ်တဲ့ ကြိုးတံတားနဲ့ ဘုရင့်နောင်တံတားအနီးက ရပ်ကွက်နေပြည်သူတွေဟာ အကာအရံတွေ တားဆီးခဲ့ပေမဲ့ မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။ စစ်တပ်နဲ့ ရဲကတော့ လှိုင်သာယာမြို့နယ်တွင်းမှာသာ တပ်စွဲထားပြီး ၃ ရက်ကြာတဲ့အထိ အကြမ်းဖက်တာတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့ မနက်အစောပိုင်းကတည်းက အောင်ဇေယျတံတားကနေ သမကုန်းနားအထိ လမ်းတောက်လျှောက်မှာရှိတဲ့ အကာအရံတွေကို ဖျက်စီးတာအပြင် လူအုပ်စုတွေ့ရင် ပစ်ခတ်ခြိမ်းခြောက်တာတွေ လုပ်တယ်လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။

"အင်းစိန် အောင်ဇေယျတံတားဆင်းရင် ညာဘက်ကိုကွေ့ရင် ရွှေပြည်သာတံတားဘက်ကို ပြန်သွားတဲ့ တပင်ရွှေထီးလမ်း၊ အဲဒီ မီးသတ်အဝိုင်းနားမှာ တပ်စွဲထားတယ်။ မနေ့ကညက ကြိုးတံတားထိပ်ကနေ အဲဒီကို သူတို့ပြန်တာပေါ့ဗျာ။ ပြန်တဲ့အချိန်က ၇ နာရီ၊ ၈နာရီလောက် Curfew အချိန်ဖြစ်သွားတော့ တလမ်းလုံးပစ်ပြီး ပြန်သွားတာ။ ညက အဲဒီနားမှာ ၈ ယောက်၊ ၉ ယောက်လောက် ကျသွားတယ်။ ညက ကလေးတယောက်လည်း ပါတယ်ဗျ၊ ဆိုင်ရှေ့မှာ ကင်းထိုင်စောင့်နေတာနေမယ်။ အဲဒီအချိန် သွားရင်း ပစ်ခတ်သွားတာ ကလေးတယောက်လည်း Body ပျက်သွားတယ်။ နောက် လူကြီးတွေလည်း ၈ ယောက်လောက် ရှိတယ်... လှိုင်သာယာဆေးရုံမှာ။ လူတွေက ကိုယ့်အိမ်ထဲမှာတောင် ကိုယ်မနေရဲကြတော့ဘူး။ မနေ့က ရပ်ကွက်ထဲက သူငယ်ချင်းတယောက်က သူတို့ဦးလေးတယောက် အလောင်းပျောက်လို့ပေါ့ဗျာ၊ သွားရှာတော့ လှိုင်သာယာဆေးရုံ ရေခဲတိုက်ထဲမှာ အားလုံးပေါင်း အလောင်း ၇၀ ထုတ်ပြတယ်တဲ့။ အဲဒီ ကျည်ထိထားတဲ့သူတွေအကုန် အလောင်းတွေ ၇၀ ရှိတယ်။ မနေ့ညကအထိကို လှိုင်သာယာဆေးရုံထဲမှာ။ ဒါပေမဲ့ ညဘက်ပစ်တဲ့ဟာတွေတော့ မပါဘူးပေါ့။ ညဘက်ထပ်ပစ်တာပါ ပေါင်းမယ်ဆိုရင် လှိုင်သာယာဆေးရုံထဲမှာ ၈၀ ဝန်းကျင်လောက် ရှိလိမ့်မယ်။"

လမ်းပေါ်က ဆန္ဒပြသပိတ်တွေကို အကြမ်းဖက်ဖြိုခွဲတာတွေကြောင့် သေဆုံးသူ ၈၀ ထက်မနည်းရှိနေတဲ့ လှိုင်သာယာက ကျဆုံးသူ အရေအတွက်ဟာ ဒီထက်များနိုင်တယ်လို့ ဒေသခံတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ သေဆုံးသူတွေကို စစ်ကားပေါ်သယ်ဆောင်သွားတာနဲ့ ပျောက်ဆုံးသူတချို့လည်း ရှိနေဆဲပါ။

လမ်းပေါ်ထွက်လာသူတွေတင်မကဘဲ ကိုယ့်ရဲ့နေအိမ်တွင်းမှာပါ လုံခြုံမှု မရှိတော့တဲ့ ရပ်ကွက်နေပြည်သူတချို့ဟာလည်း မနေ့ကစပြီး ဒီကနေ့အထိ နေရပ်ရွှေ့ပြောင်းတာတွေ ရှိနေပါတယ်။ 


မခင်ဖြူထွေး/ VOA Burmese

https://burmese.voanews.com/a/hlaing-thar-yar-protest/5816344.html

လှိုင်သာယာပစ်ခတ်မှုကြောင့် သေဆုံးသူ ၈၀ ထက်မနည်း ရှိပြီ လှိုင်သာယာပစ်ခတ်မှုကြောင့် သေဆုံးသူ ၈၀ ထက်မနည်း ရှိပြီ Reviewed by THITHTOOLWIN on 23:58 Rating: 5

No comments:

Powered by Blogger.