ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေရပ်ဖို့ ပြည်ပရောက် မြန်မာတွေတောင်းဆို

DC ဆန္ဒပြပွဲ ( ဓါတ်ပုံ - ဦးခင်မောင်စိုးမင်း VOA )

မြန်မာနိုင်ငံတွင်း ဆန္ဒပြနေသူတွေနဲ့ အရပ်သားပြည်သူတွေကို စစ်တပ်နဲ့ရဲက အခုရက်ပိုင်းအတွင်း အကြမ်းဖက်နှိမ်နင်းမှုတွေ များလာတာကြောင့် ဒီလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်စေဖို့နဲ့ တာဝန်ရှိသူတွေကို နိုင်ငံတကာက ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့ အမေရိကန် ကနေဒါနဲ့ ဂျပန်နိုင်ငံတွေမှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ဆန္ဒပြ တိုက်တွန်းကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု အစိုးရ ရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့တော်မှာတော့ အလင်းရောင်လူငယ်များအဖွဲ့က ဦးစီးပြီး ရာနဲ့ချီတဲ့ မြန်မာပြည်သူတွေ စနေနေ့ နေ့လည်ပိုင်းက စစ်သံရုံးရှေ့နဲ့ လွတ်လပ်ရေးကျောက်တိုင် ကွင်းပြင်မှာ သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

" ဒီနေ့ဆိုရင် ဒီမှာတော့ နွေဦးရဲ့ ပထမဆုံးရက်ပေါ့ခင်ဗျ။ ဒီမှာရှိတဲ့ အလင်းရောင်လူငယ်များအဖွဲ့ကနေ ဦးစီးပြီးတော့မှ ဒီမှာရှိတဲ့ တိုင်းရင်းသားလူငယ် အဖွဲ့တွေ အကုန်လုံးနဲ့ ချိတ်ဆက်ပြီးတော့ ဒီဆန္ဒပြပွဲကို စီစဉ်ခဲ့တာဖြစ်ပါတယ်။ ၂ နေရာမှာ လုပ်ပါတယ်။ ပထမ တနေရာက မြန်မာစစ်သံရုံးရှေ့မှာ ဆန္ဒပြပါတယ်။ ပြီးလို့ရှိရင် ဒီကျောက်တိုင်ကို လမ်းလျှောက်ချီတက် ဆန္ဒပြပါတယ်။ ခုဆိုရင် ပြည်တွင်းမှာ မျိုးဆက်သစ် တကယ့်အဖူးအငုံတွေ ဇီ-ဂျန်နရေးရှင်း တွေကို သူတို့တွေက လမ်းမတွေပေါ်မှာ ရက်ရက်စက်စက် ပစ်သတ်နေတယ်။ သူတို့ရဲ့ မတရားသဖြင့် လက်နက်အားကိုးနဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာကို တကမ္ဘာလုံးကလည်း မြင်နေပါတယ်။ အဲဒီတော့ မြန်မာပြည်တွင်းမှာရှိတဲ့ လူငယ်တွေ .. သူတို့တွေအကုန်လုံး ခံစားနေရတဲ့ဟာကို ကျနော်တို့လည်း ခံစားနေရတယ် ဆိုတာကိုရယ် ၊ ပြီးတော့ သူတို့တွေနဲ့ ကျနော်တို့ တသွေးထဲတသားထဲ ရှိနေတယ်ဆိုတာကို ထုတ်ဖေါ်ပြသချင်တဲ့အတွက် ခုလို ဆန္ဒပြနေကြတာပါ။ "

DC ဆန္ဒပြပွဲ

နယူးယောက်မြို့ Time-Square ပန်းခြံမှာလည်း အမေရိကန်လူမျိုးတွေရော မြန်မာပြည်သားတွေပါ စုပေါင်းဆန္ဒထုတ်ဖေါ်ခဲ့ကြပြီး မြန်မာစစ်တပ်ကို ဖိအားတွေ ပိုပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ မရှင်မင်းက ပြောပါတယ်။

" အဓိကရည်ရွယ်ချက်ကတော့ အခုဟာက မြန်မာပြည်မှာ အစိုးရ မဲ့နေတာ မဟုတ်ဘူး။ အစိုးရကလက်ရှိမှာရှိနေတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားတဲ့ CRPH ဆိုတာက တကယ့် တရားဝင် ရှိနေပါတယ်။ ပြီးတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ကနေ နိုင်ငံကိုအကြမ်းဖက် သိမ်းပိုက်နေတာက မအောင်မြင်သေးပါဘူး။ သူတို့က သမီးတို့တွေရဲ့ အစိုးရ မဟုတ်ပါဘူး။ CRPH ကသာ တရားဝင် အစိုးရဖြစ်တယ် ဆိုတာကို ဒီ အမေရိကန်နဲ့ အခြားနိုင်ငံတွေက ပြတ်ပြတ်သားသား ထောက်ခံဖို့အတွက်ကို ဒီဆန္ဒပြပွဲကနေ လှုံ့ဆော်နေတာပါ။ ပြီးတော့ အမေရိကန် အောက်လွှတ်တော်အမတ်တချို့က Bill -143 ဆိုတာ - ဥပဒေမူကြမ်းတခု လွှတ်တော်မှာ တင်ပါတယ်။ မြန်မာနိုင်ငံက အကြမ်းဖက်တဲ့ အာဏာရှင်တွေကို ထိထိရောက်ရောက် ဒဏ်ခတ်ပိတ်ဆို့ဖို့ရယ် ၊ မြန်မာနိုင်ငံက CDM လှုပ်ရှားမှုကို ထောက်ခံဖို့ အတွက်ကို ကွန်ဂရက်စ်မှာ တင်လိုက်ပြီလေ။ အဲဒါကို အောက်လွှတ်တော်ရော အထက်လွှတ်တော်ကပါ လက်ခံဖို့အတွက်ကို အခု အမေရိကန်တွေကိုလည်း အဲဒါကို တိုက်တွန်းနေတာပါ ဒီနေ့ကလေ။ "

နယူးယောက်မြို့က ဆန္ဒပြပွဲ

အမေရိကန်အနောက်ဖက်ခြမ်း ဆန်ဖရန်စစ္စကိုမြို့ (ဘေး)ဧရိယာတဝိုက်မှာရှိတဲ့ မြန်မာ(၂၀၀)ဝန်းကျင်ကလည်း တရုတ်ကောင်စစ်ဝန်ရုံးအရှေ့ သွားရောက် ဆန္ဒပြခဲ့ကြတယ်လို့ ဒေါ်မြတ်မြတ်မိုးက ပြောပါတယ်။

" ကျမတို့ ဒီနေ့လေ ဆန်ဖရန်စစ္စကိုမြို့ပေါ်မှာရှိတဲ့ တရုတ်-ကောင်စစ်ဝန်ရုံးရှေ့မှာ သွားပြီးတော့ ဒုတိယအကြိမ်မြောက် ကျမတို့ ဆန္ဒပြတာပါ။ ဆန္ဒပြရတာကတော့ တရုတ်ပြည် ကွန်မြူနစ်ပါတီကနေပြီးတော့ မြန်မာစစ်ကောင်စီပေါ်မှာ ချုပ်ကိုင်မှုနဲ့ တရားမဲ့ အာဏာသိမ်းမှုကို သူတို့အနေနဲ့ ပြည်တွင်းရေးပါလို့ ပြောထားတဲ့အပြင် ၊ အခုလို ကျမတို့ရဲ့လူငယ်တွေကို သတ်ဖြတ်နေတဲ့ အပေါ်မှာလည်း သူတို့ဖက်က ပြင်းထန်တဲ့ရှုတ်ချမှု မရှိတဲ့အတွက်ကြောင့်မို့ ကျမတို့ ဆန်ဖရန်(ဘေး)ဧရိယာမှာရှိတဲ့ မြန်မာမိသားစုတွေ စုပြီး ဒီမှာလာရောက်ဆန္ဒပြကြတာပါ။ "

DC ဆန္ဒပြပွဲ

အလားတူ ကနေဒါနိုင်ငံ ကွိဘက်ပြည်နယ် မွန်ထရီရယ်မြို့မှာရှိတဲ့ စစ်ကောင်စီက ငှားရမ်းထားတဲ့ အစ္စရေးလူမျိုး ကနေဒါနိုင်ငံသား Ari Ben-Menashe ရဲ့ လော်ဘီကုမ္ပဏီရှေ့မှာ မြန်မာနဲ့တိုင်းရင်းသားတွေ စနေနေ့က ဆန္ဒပြကြတယ်လို့ တိုရွန်တိုမြို့က ကိုအောင်မိုးက ပြောပါတယ်။

" အဲဒီ အစ္စရေးလော်ဘီက ကနေဒါထဲမှာ ရုံးနဲ့ပါနဲ့ သေချာဖွင့်ထားတာကို ကျနော်တို့ စုံစမ်းတွေ့ရှိရတယ်။ နောက်တခုက ဗမာပြည်မှာ သူက စစ်အုပ်စုနဲ့ ပေါင်းပြီးလုပ်တယ်ဆိုတော့ .. ဒီကနေဒါမှာက အမေရိကားလိုပဲလေ။ စစ်အုပ်စု အကြီးပိုင်းတွေကို ပစ်မှတ်ထား ဒဏ်ခတ်ထားတယ်။ အဲဒီတော့ ကနေဒါ ဥပဒေအရ ကြည့်မယ်ဆိုရင် လော်ဘီကုမ္ပဏီက လုပ်နေတာက တရားမဝင် လုပ်သလို ဖြစ်နေတာပေါ့။ ခုလို သွားရောက်ဆန္ဒပြခြင်းအားဖြင့် သူတို့အဲလို လုပ်နေတာကို အနည်းဆုံးတော့ သူတို့ရဲ့ မြို့ခံတွေ သိသွားမယ်၊ သူ့ပြည်နယ်အစိုးရကလည်း သိသွားမယ် သူတို့အရေးယူချင်ရင် ယူလို့ရအောင် မြန်မာတွေက သွားဆန္ဒပြတာပါ။ "

ဂျပန်နိုင်ငံမှာလည်း တိုကျိုမြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးရှေ့မှာ မြန်မာတွေစုပေါင်းပြီး သောကြာနေ့ညက စလို့ (၄၈)နာရီကြာ အစာငတ်ခံဆန္ဒပြရင်း မြန်မာနိုင်ငံမှာ အကြမ်းဖက် နှိမ်နင်းခံနေရတဲ့ကိစ္စ ရပ်တန့်သ ွားရေးနဲ့ အရပ်သားအစိုးရကို နိုင်ငံတကာက အသိမှတ်ပြုရေး တောင်းဆိုနေကြပါတယ်။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/5822398.html

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေရပ်ဖို့ ပြည်ပရောက် မြန်မာတွေတောင်းဆို ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေရပ်ဖို့ ပြည်ပရောက် မြန်မာတွေတောင်းဆို Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.