စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး မြန်မာပြည်သူတွေနဲ့အတူရပ်တည်ဟု ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအချို့ ကြေညာ






(၅-၃-၂၀၂၁)

စစ်တပ်က အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ မြန်မာပြည်သူတွေနဲ့အတူရပ်တည်နေပါတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအချို့က ကြေညာချက်ထုတ်ပြီး အာဏာသိမ်းစစ်ကောင်စီကို သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ နာရီပိုင်းက နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးပွဲပြီးတဲ့နောက် အဖွဲ့ဝင် နိင်ငံအချို့က အခုလို သတင်းထုတ်ပြန်ခဲ့တာပါ။

အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Christine Schraner Burgener က လုံခြုံရေးတပ်ဖွဲ့တွေက ကျည်အစစ်တွေသုံးပြီး ရက်စက်စွာပစ်ခတ်သတ် ဖြတ်မှုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြနေသူ ၅၀ ကျော်သေဆုံးသွားပြီ၊ ပစ်ခတ်နေတဲ့ ဗွီဒီယို မှတ်တမ်းအသေးစိပ်ရှိတယ်လို့ တင်ပြခဲ့ပါတယ်။

ဒါဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်နေတာဖြစ်တဲ့အတွက် လုံခြုံရေးကောင်စီက တညီတညွတ်တည်းနဲ့ အားပါတဲ့ဆုံးဖြတ်ချက်ချပြီး မြန်မာစစ်တပ်ရဲ့ လူသတ်မှုတွေကို အချိန်မီ တားဆီးဖို့လိုနေပြီလို့ တင်ပြခဲ့ပါတယ်။

ဒီတင်ပြချက်အပေါ် အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးရဲ့ ဆုံးဖြတ်ချက် ထွက်မလာသေးပေမယ့် ဒီနေ့ဆွေးနွေးပွဲဖြစ်အောင် ဦးဆောင်ခေါ်ယူခဲ့တဲ့ ဗြိတိန်နိုင်ငံက သံအမတ်ကြီး Barbara Woodward ကတော့ စစ်ကောင်စီအနေနဲ့ အာဏာစွန့်ဖို့ အချိန်တန်နေပြီလို့ သတိပေးလိုက်ပါတယ်။

''တပ်မတော်အနေနဲ့ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ပါ၊ တရားဥပဒေကို လေးစားပါ၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးပါ၊ အရေးပေါ်အခြေအနေ ကြေညာချက်ကို ပြန်ရုတ်သိမ်းပါ၊ လွတ်လပ်ခွင့်တွေပြန်ပေးပါ'' လို့ အစည်းအဝေးအပြီးပြုလုပ်တဲ့ သတင်းစာရှင်းပွဲ အတွင်း သံအမတ်ကြီးက ပြောသွားပါတယ်။

ဒီနှစ်မှ လုံခြုံရေးကောင်စီအလှည့်ကျ အဖွဲ့ဝင်နိုင်ငံဖြစ်လာတဲ့ နော်ဝေနိုင်ငံကလည်း စစ်ကောင်စီရဲ့ လူမဆန်တဲ့ သတ်ဖြတ်မှုတွေရပ်တန့်ဖို့၊ အရေးပေါ်ကြေညာချက်ကို ပြန်ရုတ်သိမ်းဖို့၊ ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့၊ အရပ်သားအစိုးရ ဖေါ်ဆောင်ဖို့၊ နိုင်ငံရေးနည်းအရ အဖြေရှာဆွေးနွေးဖို့ ဒီနေ့ လုံခြုံရေးကောင်စီကနေ အာဏာသိမ်း စစ်ကောင်စီကို သတိပေးနိုင်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မတ်လအတွက် လုံခြုံရေးကောင်စီ ဥက္ကဌလည်းဖြစ်၊ ဒီလအတွင်း မြန်မာ့အရေးကို ထိရောက်စွာဆွေးနွေးအဖြေရှာမယ်လို့ပြောထားတဲ့နိုင်ငံလည်းဖြစ်တဲ့ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ကတော့ အမေရိကန်ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်။ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ဆန္ဒကို ကျမတို့ ကြားနေ၊ မြင်နေရပါတယ်လို့ ကြေညာချက်ထုတ်ထားပါတယ်။.   ။


Burma News Network

https://www.facebook.com/burmanewsnetwork

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး မြန်မာပြည်သူတွေနဲ့အတူရပ်တည်ဟု ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအချို့ ကြေညာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး မြန်မာပြည်သူတွေနဲ့အတူရပ်တည်ဟု ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအချို့ ကြေညာ Reviewed by THITHTOOLWIN on 04:41 Rating: 5

No comments:

Powered by Blogger.