စစ်တပ်နဲ့ ရဲဖက်က အရပ်ဝတ်နဲ့ သေနတ်ကိုင် ပစ်ခတ်တဲ့အပြင် မီးရှို့သတ်ဖြတ်တဲ့အထိ ဖြစ်ပေါ်နေ



စစ်တပ်နဲ့ ရဲက ပစ်ခတ်နှိမ်နှင်းနေရာမှာ မတ်လ ၂၉ ရက် မနေ့ ညဦးပိုင်းကနေ ဒီကနေ့ ညနေအထိ ၂၄ နာရီ အတွင်း တစ်ပြည်လုံးမှာ သေဆုံးတဲ့သူ အယောက် ၂၀ ထက် မနည်းရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာဆိုရင် အနည်းဆုံး ၁၄ ဦး သေဆုံးခဲ့တယ်လို့ AAPP နဲ့ RFA က စုံစမ်းရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

အခုလို သတ်ဖြတ်ခံရတဲ့ သူတွေထဲမှာ တောင်ဒဂုံမှာ တစ်ယောက် မန္တလေးမှာ တစ်ယောက် ဖြစ်ပါတယ်။ သူတို့ကို လမ်းမပေါ်မှာ မီးရှို့သတ်ဖြတ်ခဲ့တာဖြစ်ပြီး၊ အဲဒီ လူတွေဟာ သေဆုံးပြီးမှ မီးရှို့ခံရတာလား မသေခင် မီးရှို့ခံရတာလားဆိုတာ အတည်ပြုလို့ မရသေးပါဘူး။ အခုလို စစ်တပ်နဲ့ရဲက လက်လွတ်စပယ် သတ်ဖြတ် နေတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ညနေမှာ တယ်လီဖုန်းဆက်ပြီး မေးဖို့ကြိုးစားပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

တောင်ဒဂုံမြို့နယ်မှာ မတ်လ ၂၆ ရက်နေ့ကစပြီး ဒီကနေ့ မတ်လ ၃၀ ရက် နေ့အထိ ငါးရက် ဆက်တိုက် နေ့ရောညပါ ရပ်ကွက်အလိုက် လမ်းသွယ်တွေထဲအထိဝင်ပြီး ပစ်ခတ်နေတာကို အွန်လိုင်းပေါ်မှာ ဗီဒီယို မှတ်တမ်းတွေ ပေါ်ထွက်လာပါတယ်။

မတ်လ ၂၉ ရက် မနေ့ညပိုင်းက တောင်ဒဂုံ ၅၆ ရပ်ကွက်မှာ တစ်ညလုံး ပစ်ခတ်နေပြီး အဲဒီရပ်ကွက် လမ်းဆုံမှာ မီးရှို့အသတ်ခံထားရတဲ့ လူငယ်အလောင်းတစ်လောင်းကို ဒီနေ့ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ တွေ့ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မီးရှို့ခံထားရတာက ၅၆ ရပ်ကွက်က ရွှေကံ့ကော် လက်ဖက်ရည်ဆိုင်နားမှာ အသက်က လူငယ်ပိုင်း ယောက်ျားလေး ၁၈ ၊ ၁၉ နှစ် ဝန်းကျင်လောက်ရှိတယ်။ အဲနှစ်ခုလောက်ပဲ သိရသေးတယ်။ အခုလက်ရှိ ကတော့ ၇၀ ရပ်ကွက်ထိပ်မှာ ၁၁ နာရီလောက်က စပြီး သူတို့ပစ်နေတယ်။ သေဆုံးသူစာရင်းက သေချာတော့ မသိသေးဘူး။ အများကြီးတက်လာတာတော့ တွေ့တယ်။ မနေ့က ၇၀ ၊ ၇၁ ဘက်မှာတော့ သူတို့ပြန်ပြီးတော့ သဲအိတ်တွေပြန်ဖယ်သွားတယ်။ ဒီဖက်မှာတော့ တစ်ညလုံးတော့ မပစ်ဘူး။ ည ၁၀ နာရီလောက်မှာ ငြိမ်သွားတယ်။ ၅၆ ရပ်ကွက်ဘက်မှာတော့ တစ်ညလုံးပစ်တယ်ကြားတယ်။"

ဒဂုံမြို့သစ်တောင်ပိုင်းကတော့ ရှေ့တန်းစစ်မြေပြင်အလား စက်သေနတ်တွေနဲ့ ရပ်ကွက်တွေထဲ ပစ်ခတ် နေသလို လမ်းပေါ်ထွက်လာသူ မှန်သမျှကိုလည်း စစ်ဆေးမေးမြန်းတာမျိုးမရှိဘဲ သေနတ်နဲ့ပစ်ခတ် ကြပါတယ်။

သပိတ်စခန်းအဖြစ်အခိုင်အမာလုပ်ထားတဲ့ ၇၀၊ ၇၁၊ ၅၆။ ၅၇ စတဲ့ရပ်ကွက်တွေက ဒေသခံဆန္ဒပြသူ တွေဟာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခုခံကြတာမျိုးတွေအထိ လုပ်နိုင်ခဲ့ကြတာမို့ အဲဒီ ရပ်ကွက်တွေကို တရကြမ်း ပစ်ခတ်နှိမ်နင်းကြနေကြတာပါ။

အွန်လိုင်းပေါ်မှာ တွေ့ရတဲ့ သတင်းတွေအရ တောင်ဒဂုံမှာ သေဆုံးသူအယောက် ၆၀ လောက် ရှိနေတယ်လို့ ဆိုပေမယ့် ဒေသခံတွေမြေပြင်မှာ သွားလာလို့မရ ဖြစ်နေသလို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရန်ကုန်တိုင်း သန်လျင်မြို့နယ် ဗိုလ်ချုပ်ရွာ ရပ်ကွက်မှာဆိုရင်လည်း မတ်လ ၂၉ ရက် ညနေ ၅ နာရီခန့်က သေနတ်တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ခြောက်ဦး ရှိတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ မနေ့က ညနေ ၅ နာရီလောက်က တစ်ခေါက် ဝင်ပစ်သွားသေးတယ်။ ငါးယောက်လောက် ဒဏ်ရာ ရတယ်။ တစ်ယောက်သေတယ်။ နောက်တစ်ယောက်က ဆီးခုံထိတယ်။ ဆီးခုံကိုမှန်တဲ့ တစ်ယောက် ကလည်း သိပ်အခြေအနေ မကောင်းဘူးလို့ ကြားတယ်။ ခြေထောက်ကျိုးတာနဲ့ ဘာနဲ့ ခြောက်ယောက် လောက် ဒဏ်ရာရတယ်။"

လက်ရှိမှာလည်း သန်လျင် ဗိုလ်ချုပ်ရွာကို စစ်ကား အစီး ၂၀ ခန့် ဝင်လာပြီး ပြည်သူတွေပိတ်ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားနေပြီး လမ်းတွေထဲထိ ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြော ပါတယ်။

ရန်ကုန်တိုင်း သာကေတမြို့နယ်မှာလဲ ဆန္ဒပြနေတဲ့ သပိတ်ကို မတ်လ ၂၉ ရက် မနက် ဆယ်နာရီကျော် လောက်မှာ စစ်တပ်နဲ့ရဲတွေက အကြမ်းဖက်ပစ်ခတ်လို့ အမျိုးသားတစ်ယောက် ဦးခေါင်းမှာ ကျည်ဆံ ထိမှန်သေဆုံးခဲ့ရတယ်လို့ မျက်မြင်လူငယ်တစ်ဦးက ဆိုပါတယ်။

“သေသွားတာက ရန်ပြေထိပ်မှာ တစ်ယောက်သေတယ်။ လေးယောက်ထိတယ်။ ရင်အုံရဲ့ ညာဖက် အောက်ခြမ်းကို ထိတာ။ တစ်ယောက်က ပေါင်ထိတယ်။ တစ်ယောက်က ညာဖက်လက်ကို ထိတယ်။ နောက်တစ်ယောက်က ခေါင်းကို ရာဘာကျည်မှန်တယ်။ အဲအစ်ကိုကြီးကို ကျွန်တော်က ပြောလိုက် သေးတယ်။ ထမပစ်နဲ့အုံးနော်လို့ ပြောပြီး သူကထပစ်တဲ့ အချိန်မှာ ကျည်ဆန်တွေ ဆက်တိုက်လာပြီး သူ့ရဲ့ဦးခေါင်း အပေါ်တည့်တည့်ကို ထိသွားတာ။ သွေးထွက်လွန်ပြီး ဆေးရုံတောင် မရောက်လိုက်ဘူး။ ဆုံးသွားတာ။"

အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ လမ်းမပေါ်က အကာအရံတွေကို လက်နက်ကြီးတွေ၊ လက်ပစ်ဗုံး တွေနဲ့ ပစ်ခတ်နေတဲ့အပြင် လမ်းသွယ်တွေထဲအထိ သေနတ်တွေနဲ့ ဝင်ရောက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီတိုင်း ကောသောင်းမြို့မှာ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်လောက်က ဆန္ဒပြသူတွေကို စစ်ကောင်စီ တပ်တွေက သေနတ်နဲ့ ပစ်လို့ သေဆုံးသူ နှစ်ဦး ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆန္ဒပြဖို့ လူစုနေတုန်းမှာပဲ သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာလို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ကော့သောင်းမြို့ နေရာအနှံ့မှာ ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်နေပြီး ရဲတပ်ဖွဲ့ ဝင်တွေက ရေကြောင်းကို အသုံးပြုပြီး ကင်းလှည့်နေတာကိုပါ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကော့သောင်းမြို့ ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ ရေတပ်ကိုပါ အသုံးပြုလာတယ်လို့ မျက်မြင်တွေက အွန်လိုင်းမှာ ဗီဒီယိုဖိုင်တွေနဲ့ မျှဝေလာတာကို တွေ့ရပါတယ်။

ရှမ်းပြည်နယ် မူဆယ်မြို့မှာလည်း ဒီနေ့မနက်မှာ စစ်တပ်နဲ့ရဲက ပစ်ခတ်လို့ တစ်ဦး သေဆုံးခဲ့ပြီး ပစ်ခတ်သူ တွေဟာ အရပ်ဝတ်နဲ့ သေနတ်ကိုင် ပစ်ခတ်နေတာလို့ ဒေသခံတွေက ဖေ့ဘုတ်လူမှု ကွန်ရက်စာမျက်နှာမှာ မျှဝေထားတာကို တွေ့ရပါတယ်။

မတ်လ ၂၇ ရက်နေ့ညက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်က အသက် ၄၂ နှစ် အရွယ် ကိုအေးကိုဟာ ညဖက်ကင်းစောင့်နေစဉ် စစ်တပ်နဲ့ရဲတပ်ဖွဲ့က ရောက်လာပြီး သေနတ်နဲ့ ပစ်သတ် မီးရှို့ခဲ့ကြပါတယ်။

မတ်လ ၂၉ ရက်နေ့ မနေ့ကတော့ မင်းတဲအီကင်းရပ်ကွက်ထဲ ရဲအရာရှိတစ်ယောက်ဟာ အရပ်ဝတ်နဲ့ သွားလာ နေစဉ် အဲဒီရပ်ကွက်ထဲမှာပဲ ပျောက်ဆုံးသွားပြီး မီးရှို့အသတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာပါတယ်။

အဲဒီနောက်ပိုင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်တွေထဲ ဝင်ရောက်ပြီး ပစ်ခတ် ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။ ရဲအရာရှိ အမှန်တကယ် အသတ်ခံရသလားဆိုတာတော့ အခုအချိန်ထိ အတည်ပြုလို့ မရသေးပါဘူး။

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို နေရာအနှံ့မှာ ပုံစံအမျိုးမျိုးနဲ့ ဆက်လက် ပြုလုပ်နေကြပြီး ရန်ကုန်မြို့မှာတော့ လမ်းမကြီးတွေပေါ် အမှိုက်ပစ်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖိနှိပ်နေပေမယ့်လည်း ဒီကနေ့ ဆန္ဒပြ ကြပါတယ်။

ဒေသခံတွေက သူတို့ရပ်ကွက်တွေထဲ စစ်တပ်နဲ့ရဲ ဝင်လာလို့မရအောင် သဲအိတ်တွေ သစ်တုံးတွေချပြီး ကိုယ့်ဒေသ ကိုယ်လုံခြုံရေး ယူနေကြပါတယ်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ပဲခူး၊ မုဒုံ၊ မူဆယ်၊ ကလေး စတဲ့ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဆက်လက် ရှိနေပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း ကြွေးကြော်နေကြဆဲဖြစ်ပါတယ်။

RFAကရရှိထားတဲ့ အချက်အလက်တွေအရ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ်လ ၃၀ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၀၀ ဝန်းကျင် ရှိလာနေပြီဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဖော်ပြချက်အရ မတ်လ ၂၉ ရက်နေ့အထိ သေဆုံးသူဟာ ၅၁၀ ဦးအထိရှိနေပြီး မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း (၂၅၇၄) ဦးရှိပြီး (၃၇) ဦးဟာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

RFA Burmese



စစ်တပ်နဲ့ ရဲဖက်က အရပ်ဝတ်နဲ့ သေနတ်ကိုင် ပစ်ခတ်တဲ့အပြင် မီးရှို့သတ်ဖြတ်တဲ့အထိ ဖြစ်ပေါ်နေ စစ်တပ်နဲ့ ရဲဖက်က အရပ်ဝတ်နဲ့ သေနတ်ကိုင် ပစ်ခတ်တဲ့အပြင် မီးရှို့သတ်ဖြတ်တဲ့အထိ ဖြစ်ပေါ်နေ Reviewed by THITHTOOLWIN on 19:56 Rating: 5

No comments:

Powered by Blogger.