သေနတ်နဲ့ပစ်သတ်ခံရသူကို ဆိုင်ကယ်ပေါ်က ပြုတ်ကျသေဆုံးကြောင်း ဆေးစာထုတ်

သေနတ်နဲ့ပစ်သတ်ခံရသူကို ဆိုင်ကယ်ပေါ်က ပြုတ်ကျသေဆုံးကြောင်း ဆေးစာထုတ် ကိုကျော်မင်းလတ်ရဲ့ သေဆုံးကြောင်း ဆေးစာကို ၂၀၂၁ မတ်လ ၃၀ရက်နေ့က တွေ့ရစဉ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မတ်လ ၂၇ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ သေဆုံးသွားတဲ့ ကိုကျော်မင်းလတ် ကို စစ်ဆေးရုံက ဆိုင်ကယ်ပေါ်က ပြုတ်ကျ သေဆုံးကြောင်း ဆေးစာမှာ လိမ်လည်ဖေါ်ပြထားပါတယ်။

အွန်လိုင်းကနေတဆင့် RFA က ရရှိထားတဲ့ဆေးစာမှာ၊ ထားဝယ်မြို့ ပိန္နဲကောရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် ကိုကျော်မင်းလတ်ဟာ ဆိုင်ကယ်ပေါ်ကပြုတ်ကျပြီး ဦးခေါင်းမှာ ပြင်းထန်တဲ့ဒဏ်ရာရရှိတာကြောင့် မတ်လ ၃၀ ရက်နေ့က သေဆုံးသွားကြောင်း ထားဝယ်မြို့ စစ်ဆေးရုံတာ၀န်ကျ ဆေးမှူး ဗိုလ်ကြီး သန့်ဇင်ဟိန်း က လက်မှတ်ရေးထိုး အတည်ပြုထားတာ တွေ့ရပါတယ်။

မတ်လ ၂၇ ရက်နေ့က အွန်လိုင်းကနေ ရရှိတဲ့ CCTV မှတ်တမ်းတစ်ခုမှာတော့ ကိုကျော်မင်းလတ်နဲ့အတူ သူငယ်ချင်းသုံးဦး ဆိုင်ကယ်စီးလာစဥ် မျက်နှာချင်းဆိုင်ကနေ မောင်းလာတဲ့ စစ်ကားနှစ်စီးနဲ့ ရုတ်တရက် ထိပ်တိုက်တိုးခဲ့ပြီး၊ ရဲနဲ့စစ်သားတွေက သေနတ်နဲ့ တည့်တည့်ချိန်ရွယ်ပစ်ခတ်မှုကြောင့် ဆိုင်ကယ်တိမ်းမှောက်သွားတာ တွေ့ရပါတယ်။

သူငယ်ချင်းနှစ်ဦးက ထွက်ပြေးလွတ်မြောက်သွားပေမယ့် ဒဏ်ရာနဲ့လဲနေတဲ့ ကိုကျော်မင်းလတ်ကို စစ်သားတွေက စစ်ကားပေါ် ကောက်တင်သွားတာကို ထင်ထင်ရှားရှားမြင်တွေ့ခဲ့ရပါတယ်။

ဒီကနေ့မှာတော့ ဆိုင်ကယ်လဲကျတဲ့ ဒဏ်ရာကြောင့် ကိုကျော်မင်းလတ် သေဆုံးသွားတာဖြစ်ကြောင်း စစ်ဆေးရုံက မိသားစုကို ဆေးစာထုတ်ပေးလိုက်တာဖြစ်ကြောင်း မိသားစုနဲ့ နီးစပ်သူတွေထံက ပြောပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kyaw-min-latt-death-certificate-03302021060713.html


သေနတ်နဲ့ပစ်သတ်ခံရသူကို ဆိုင်ကယ်ပေါ်က ပြုတ်ကျသေဆုံးကြောင်း ဆေးစာထုတ်  သေနတ်နဲ့ပစ်သတ်ခံရသူကို ဆိုင်ကယ်ပေါ်က ပြုတ်ကျသေဆုံးကြောင်း ဆေးစာထုတ် Reviewed by THITHTOOLWIN on 20:02 Rating: 5

No comments:

Powered by Blogger.